News

POST TYPE

OPINION

အကျိုးရှိသော အစည်းအဝေးများ ဖြစ်စေလို
07-Oct-2019



အစည်းအဝေးဆိုသောစကားရပ်သည် ဝန်ထမ်းများကို ခြိမ်းခြောက်လျက်ရှိသည်။ ရုံး၊ ဌာနတစ်ခုတွင် အစည်းအဝေးလုပ်တော့မည်ဆိုလျှင် စာရွက်စာတမ်းများ ကြိုတင်ပြင်ဆင်ရတော့သည်။ အကျယ်ချဲ့လျှင် ချဲ့သလောက် ကြိုတင်ပြင်ဆင်ကြရသည်။ Power Point များ၊ တင်ပြချက်များ ပြုစုရသည်။ အထူးသဖြင့် ယခင်အစည်းအဝေးဆုံးဖြတ်ချက်အပေါ် လိုက်နာဆောင်ရွက်မှုပြုစုရာတွင် လက်အောက်ဌာနများက ဆုံးဖြတ်ချက်အပေါ် အမှန်တကယ် လိုက်နာဆောင်ရွက်ထားခြင်းမရှိလျှင် ခေါင်းခဲရသည်။ အချိန်၊ ငွေကြေးနှင့် လုပ်အားတွေကို အလဟဿဖြုန်းတီးသည့်အစည်း အဝေးများလည်းရှိသည်။

အစည်းအဝေးအမျိုးမျိုး

ပုဂ္ဂလိကကုမ္ပဏီများအပါအဝင် အစိုးရရုံး၊ ဌာနအသီးသီး၊ အဖွဲ့အစည်း အသီးသီးသည် ခေါင်းစဉ်ပေါင်းစုံဖြင့် အစည်းအဝေးမျိုးစုံ ပြုလုပ်လေ့ရှိသည်။ မူဝါဒရေးဆွဲရေးဆိုင်ရာအစည်းအဝေး၊ ဘတ်ဂျက်စီမံခန့်ခွဲရေး အစည်းအဝေး၊ စီမံကိန်းအကောင်အထည်ဖော်ရေးအစည်းအဝေး၊ နေ့ထူးနေ့မြတ် များကျင်းပရေးအစည်းအဝေး၊ အပြန်အလှန်ချစ်ကြည်ရေး ခရီးစဉ်များ ဆိုင်ရာအစည်းအဝေး၊ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဖြေရှင်းရေးအစည်းအဝေး၊ လုပ်ငန်းတိုးတက်မှုသုံးသပ်ရေး အစည်းအဝေး၊ ငွေကြေးသုံးစွဲမှုကို အတည်ပြုသည့်အစည်းအဝေး၊ အစည်းအဝေးမပြုလုပ်ဖြစ်တော့ကြောင်း ပြုလုပ်သည့်အစည်းအဝေး စသည်ဖြင့် ကျင်းပလေ့ရှိသည်။ မည်သည့် ခေါင်းစဉ်ဖြင့် ကျင်းပနေသည်ဖြစ်စေ တိကျသောဆုံးဖြတ်ချက်ချမှတ်ပြီး ထိုဆုံးဖြတ်ချက်များကို အမှန်တကယ် လိုက်ပါအကောင်အထည်ဖော်မှသာလျှင် အစည်းအဝေးပြုလုပ်မှုသည် အကျိုးရှိမည်ဖြစ်သည်။ 

ဘယ်သူတွေကို ဖိတ်မှာလဲ

အစည်းအဝေးတစ်ခု ပြုလုပ်တော့မည်ဆိုလျှင် အစည်းအဝေးဖိတ်ကြားမည့် အမည်စာရင်းကို ဦးစွာစဉ်းစားသင့်ပါသည်။ အစည်းအဝေးနှင့် တိုက်ရိုက်သက်ဆိုင်သူများကိုသာ ဖိတ်ကြားသင့်ပါသည်။ အထူးသဖြင့်လုံခြုံရေးနှင့်သက်ဆိုင်သည့် အစည်းအဝေးများတွင် ကျစ်ကျစ်လျစ်လျစ် သိုသိုသိပ်သိပ် ပြုလုပ်သင့်သည်။ ရာထူးကြီးလို့ဆိုပြီး တွေ့ကရာလူကိုဖိတ် မည်ဆိုလျှင်တော့ လုံခြုံရေးပေါက်ကြားဖို့ သေချာပါပြီ။ အစည်းအဝေးတွင် သက်ဆိုင်ရာနယ်ပယ်အလိုက် ထဲထဲဝင်ဝင် ဆွေးနွေးနိုင်သူများကိုသာ ရွေးချယ်ဖိတ်ကြားသင့်ပါသည်။ အချို့သောအရာရှိကြီးများသည် အစည်းအဝေးတက်လာသော်လည်း တစ်လုံးတစ်ပါဒမျှ အကြံပြုမဆွေးနွေးဘဲအိပ်ငိုက်၍ပြန်သွားတတ်ကြသည်။ အချို့သည် ရုံးမှအလုပ်အကြွေးများကို အစည်းအဝေးခန်းမထဲတွင် အပြီးဖြတ်သွားတတ်သည်။ ထို့ကြောင့် အစည်းအဝေးခန်းမများတွင် လုံခြုံရေးကင်မရာများတပ်ဆင်ထားပြီး အိပ်ငိုက်သူများနှင့် အစည်းအဝေးနှင့်မသက်ဆိုင်သည့်အရာများကို လုပ်ဆောင်နေသူများအား ထိရောက်စွာအရေးယူသွားသင့်သည်။ အထူးသဖြင့် အကျိုးရှိစေရေးအတွက် အစည်းအဝေးခေါင်းစဉ်နှင့် တိုက်ရိုက်သက်ဆိုင်သူများကိုသာ စိစစ်ရွေးချယ်ဖိတ်ကြားသင့်ပေသည်။

အစည်းအဝေးအစီအစဉ်

ကျင်းပမည့်အစည်းအဝေးအပေါ်မူတည်၍ အစည်းအဝေးအစီအစဉ်ကို ရေးဆွဲသွားသင့်သည်။ အချို့သော အစည်းအဝေးများတွင် ထိုအစည်းအဝေးနှင့်မသက်ဆိုင်သည့်ခေါင်းစဉ်များကို ဆွေးနွေးတတ်ကြသည်။ ထိုသို့ဆွေးနွေးမည်ဆိုလျှင် ဆုံးဖြတ်ချက်ချမှတ်ရန် ခက်ခဲမည်ဖြစ်သည်။ လုံခြုံရေးနှင့်မသက်ဆိုင်သည့် အစည်းအဝေးများတွင် တတ်နိုင်ပါက အစည်းအဝေးအစီအစဉ်ကို ဖိတ်စာနှင့်အတူ ကြိုတင်ဖြန့်ဝေထားသင့်သည်။ ထိုသို့ကြိုတင်ဖြန့်ဝေထားမည်ဆိုလျှင် အစည်းအဝေးတက်ရောက်သူများ ကြိုတင်ပြင်ဆင်နိုင်မည်ဖြစ်သည်။ သို့သော် အချို့သောအရာရှိကြီးများသည် ကြိုတင်ပြင်ဆင်လာလေ့မရှိဘဲ အစည်းအဝေးခန်းမထဲရောက်မှသာ နောက်မှာရှိသည့် ရုံးအဖွဲ့ကို ဖုန်းဆက်မေးမြန်းတတ်ကြသည်။ ထိုအရာရှိကြီးများသည် အစည်းအဝေးနှင့် မသက်ဆိုင်သည့်အကြောင်းအရာများကို အိုးနင်းခွက်နင်း ထ၍ဆွေးနွေးတတ်ကြသည်။

အစည်းအဝေးဖိတ်စာ

အစည်းအဝေးမကျင်းပမီ အနည်းဆုံးတစ်ရက်ကြိုတင်၍ အစည်းအဝေးဖိတ်ကြားသင့်သည်။ နယ်ဝေးမှလာရမည့်သူများအတွက် ရက်အနည်းငယ်ခွာပြီး ဖိတ်ကြားမည်ဆိုလျှင် ကြိုတင်ပြင်ဆင်ချိန် ပို၍ရမည်ဖြစ်သည်။ အစည်းအဝေးအစီအစဉ်ကို ဖိတ်စာနှင့်အတူ တစ်ပါတည်းထည့်ပေးနိုင်လျှင် ပိုမိုကောင်းမွန်ပါသည်။ ပုံမှန်ပြုလုပ်နေကျ အစည်းအဝေးများဆိုလျှင် အစည်းအဝေးအစီအစဉ်ထည့်ပေးရန် မလိုအပ်ပေ။ နိုင်ငံတကာတွင် အစည်းအဝေးဖိတ်စာကို Fax သို့မဟုတ် Mail ဖြင့်ပေးပို့ပြီးရကြောင်းပြန်ဖို့ တစ်ပါတည်း ဖော်ပြထားလေ့ရှိသည်။ မြန်မာနိုင်ငံတွင် e-Governemnt စနစ် မကျင့်သုံးနိုင်သေးသဖြင့် လူကိုယ်တိုင်သွား၍ ဖိတ်စာပို့နေရသည်။ အချိန်နှင့်လုပ်အား ပိုမိုပေးဆပ်နေရသည်။

စက္ကူဖြုန်းတီးခြင်း

စက္ကူများကို ဝါးမှထုတ်လုပ်ရသည်ကို လူတိုင်းသိရှိထားပြီးဖြစ်သည်။ စက္ကူထုတ်လုပ်မှုကြောင့် ကမ္ဘာ့သစ်တောများ အတော်လေးပြုန်း တီးနေပြီဖြစ်သည်။ သို့သော် အချို့သောရုံး၊ ဌာနများတွင် စက္ကူများကို မလိုအပ်ဘဲ ဖြုန်းတီးပစ်လေ့ရှိသည်။ သာဓကအနေနှင့် အချို့သောရုံး၊ ဌာနများသည် အစည်းအဝေးတစ်ခုအတွက် တင်ပြချက်များပြုစုရာတွင် စက္ကူများကို လိုအပ်သည်ထက် ပိုသုံးနေကြသည်။ အစည်းအဝေးတက်ရောက်သူများကို မလိုအပ်ဘဲ တင်ပြချက်များဖြန့်ဝေခြင်းသည် စက္ကူဖြုန်းတီးခြင်း ပင်ဖြစ်သည်။ ထို့ကြောင့် အစည်းအဝေးတင်ပြချက်ပြုစုရာတွင် အမှန်တကယ် လိုအပ်သည့်အချက်အလက်ကိုသာ အကျဉ်းချုပ် ပြုစုတင်ပြသင့်ပေသည်။ လွန်ခဲ့သောဆယ်စုနှစ်များစွာက ကိန်းဂဏန်းအချက်အလက်များ၊ ငွေစာရင်းများကို စာအုပ်ကြီးများချုပ်ပြီး အစည်းအဝေး၌ တင်ပြထားခြင်းသည် စက္ကူဖြုန်းတီးခြင်းသာဖြစ်သည်။ အစည်းအဝေးပြုလုပ်သည့် ၂ နာရီလောက် အချိန်တွင် မည်သူမျှ ထိုတင်ပြချက်များကို နားလည်အောင် လေ့လာနိုင်မည်မဟုတ်ချေ။ ကြိုတင်ဖြန့်ဝေထားမည်ဆိုလျှင်တော့ ကောင်းပါသည်။ သို့သော် ကာယကံရှင်ကိုယ်တိုင်က ကြိုတင်ဖြန့်ဝေမှုကို လေ့လာထားမှသာလျှင် စက္ကူကုန်ရကျိုးနှင့် ပြုစုတင်ပြရကျိုးနပ်မည်ဖြစ်သည်။

ကုန်ကျစရိတ်ကြီးမား

အချို့သောအစည်းအဝေးများသည် စက္ကူအပြင် ငွေကြေးအမြောက်အမြားလည်း ကုန်ကျလေ့ရှိသည်။ သာဓကအနေဖြင့် ရုံး၊ ဌာနတွင်မလုပ်ဘဲ ဟိုတယ်ခန်းမများငှားရမ်းခြင်း၊ အစည်းအဝေးခန်းမကို ထည်ဝါစွာပြင်ဆင်ခြင်း၊ စားသောက်ဖွယ်ရာများနှင့်ဧည့်ခံခြင်း၊ လက်ဆောင်ပစ္စည်းများ စီစဉ်ရခြင်း၊ အစည်းအဝေးကာလကြာရှည်သဖြင့် တည်းခိုစရိတ်နှင့် ဧည့်ခံစရိတ်ကြီးမားခြင်း၊ ကြို/ပို့ယာဉ်များစီစဉ်ပေးရခြင်း၊ လုံခြုံရေးချထားရခြင်း စသည့်စရိတ်များကြောင့် ကုန်ကျစရိတ်ကြီးမားလှပေသည်။ ထိုကုန်ကျစရိတ်များကို ဝေးလံခေါင်းပါးသည့်ဒေသများရှိ ကလေးငယ်များ၏ ပညာရေးနှင့် ကျန်းမာရေးအတွက်သာ အသုံးပြုလိုက်မည်ဆိုလျှင် များစွာအကျိုးရှိမည်ဖြစ်သည်။ 

ထို့အပြင် အချို့သောရုံး၊ ဌာနအကြီးအကဲများသည် စနေ၊ တနင်္ဂနွေ လိုရုံးပိတ်ရက်များ၌ပင်လျှင် အစည်းအဝေး ပြုလုပ်တတ်ကြသည်။ အရေးပေါ်အခြေအနေမဟုတ်လျှင် ရုံးပိတ်ရက်တွင် အစည်းအဝေး မပြုလုပ်သင့်ပေ။ အခြားသောသူများ၏ နားချိန်၊ မိသားစုနှင့်အတူနေချိန်ကို ဖဲ့မယူသင့်ပေ။ ကိုယ်ချင်းစာနာစိတ် ထားသင့်ပေသည်။ ရုံးပိတ်ရက်များတွင်ပြုလုပ်သည့်အစည်းအဝေးများသည် ပေးဆပ်ရမှုများသလောက် အောင်မြင်မှု သိပ်မရှိပေ။ လူတစ်ဦးသည် သာမန်ရုံးချိန်အတွင်း၌ လုပ်ငန်းတာဝန်များ မပြီးပြတ်ဘူးဆိုလျှင် တစ်ခုခုလိုအပ်နေပြီဖြစ်သည်။ ချင့်ချိန်သုံးသပ်သွားသင့်ပေသည်။

အစည်းအဝေးဆုံးဖြတ်ချက်များ

မြန်မာနိုင်ငံ၏ အလေ့အထအရ ရာထူးအကြီးဆုံးသူသည် အစည်းအဝေးသဘာပတိလုပ်ကြသည်။ ထို့ကြောင့် အစည်းအဝေးအတော်များများတွင် သဘာပတိကသာ ဦးဆောင်ဆွေးနွေးလေ့ရှိသည်။ အစည်းအဝေးတက်ရောက်လာသူများကို ပွင့်လင်းစွာ ဆွေးနွေးခွင့်မပေးကြပေ။ သို့သော် အချို့သောပညာရှင်များကမူ အစည်းအဝေးတွင် တစ်ယောက်တည်း အချိန်ကြာမြင့်စွာ ဆွေးနွေးတတ်သည်။ ထိုသို့မဖြစ်သင့်ပေ။ အစည်းအဝေးအစီအစဉ်တွင် တစ်ဦးချင်းစီ ဆွေးနွေးရမည့်အချိန်ကို တစ်ပါတည်းဖော်ပြထားသင့်သည်။

ထို့အပြင် သဘာပတိ၏ဆွေးနွေးချက်ကိုသာ အစည်းအဝေးဆုံးဖြတ်ချက်အဖြစ် မှတ်တမ်းမတင်ဘဲ အခြားသောသူများ၏ အပြုသဘောဆောင် သောဆွေးနွေးချက်များ၊ အရေးပါသော ဆွေးနွေးချက်များကိုလည်း ဆုံးဖြတ်ချက်တွင် ထည့်သွင်းသင့်ပေသည်။ သဘာပတိဆွေးနွေးချက်ကိုသာ အစည်းအဝေးဆုံးဖြတ်ချက် ထုတ်နေမည်ဆိုလျှင်တော့ အစည်းအဝေးခေါ်မနေဘဲ ထိုဆုံးဖြတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ဆိုပြီး စာထွက်လိုက်သင့်ပါသည်။ ထိုသို့ဆောင်ရွက်လျှင် အစည်းအဝေးစရိတ် ကုန်ကျမှုများစွာ သက်သာမည်ဖြစ်သည်။

အထူးသဖြင့် အစည်းအဝေးတစ်ခုတွင် ချမှတ်လိုက်သည့်ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာရုံး၊ ဌာနများ၊ ကော်မတီများက အမှန်တကယ် လိုက်ပါအကောင်အထည်ဖော်ရန်လိုပေသည်။ အချို့သောရုံး၊ ဌာနများသည် စာရွက်ပေါ်တွင် ၁၀၀ ရာခိုင်နှုန်း အကောင်အထည်ဖော်ပြီးဖြစ်သော်လည်း မြေပြင်တွင်မူ လုပ်ငန်းပင်မစရသေးပေ။ ထို့ကြောင့် မြန်မာနိုင်ငံသည် တိုးတက်သင့်သလောက် မတိုးတက်ဘဲ နောက်ကျကျန်နေရခြင်းပင်ဖြစ်သည်။

အကျိုးရှိသောအစည်းအဝေးများဖြစ်စေလို

မည်သို့ပင်ဆိုစေ ရုံး၊ ဌာန၊ အဖွဲ့အစည်းများအနေနှင့် ရှေ့လုပ်ငန်းစဉ်များအကောင်အထည်ဖော်နိုင်ရေးနှင့် အနာဂတ်အစီအမံများ ချမှတ်နိုင်ရေးတို့အတွက် အစည်းအဝေးများပြုလုပ်နေရဦးမည် ဖြစ်သည်။ သို့သော် ထိုသို့အစည်းအဝေးများပြုလုပ်ရာတွင် ဟန်ပြအစည်းအဝေးများ၊ ဆုံးဖြတ်ချက်များ ကြိုတင်ချထားပြီးသော အစည်းအဝေးများ၊ သူခိုးသေဖော်ညှိသည့် အစည်းအဝေးများ၊ မည်သည့်ဆုံးဖြတ်ချက်မျှ မည်မည်ရရ မချမှတ်နိုင်သောအစည်းအဝေးများ၊ အသုံးစရိတ်လိမ်လည်ထုတ်ယူ ဖို့ပြုလုပ်သည့်အစည်းအဝေးများ၊ စက္ကူ၊ ဘဏ္ဍာငွေ၊ လုပ်အားနှင့်အချိန်ဖြုန်းသော အစည်းအဝေးများအဖြစ်သာ မပြုလုပ်ကြဘဲ ရုံး၊ ဌာန၊ အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေပြီး တိုင်းပြည်နှင့်လူမျိုးကို အမှန်တကယ်အကျိုးပြုမည့်အစည်းအဝေးများ ဖြစ်စေလိုပါသည်။

မောင်သောင်းဝင်း (တမန်ဟောင်း)