News

POST TYPE

OPINION

မြန်မာစာ၏ အရသာ
03-Oct-2019



စာရေးသူသည် မြန်မာစာကျောင်းသားတစ်ဦးဖြစ်သည်။ ထို့ကြောင့်လည်း မြန်မာစာ၏အရသာကို ကောင်းကောင်းခံစား သိရှိခဲ့ရသည်။ မြန်မာစာကို အပေါ်ယံကြည့်၍ ဆုံးဖြတ်တတ်ကြသူတို့အတွက် မြန်မာစာသည် စိတ်ဝင်စားဖွယ်မရှိ ပျင်းရိဖွယ်ဟု ထင်တတ်ကြသည်။ ထို့အပြင် အရေးလည်းမပါ၊ အရာလည်း ပေးစရာမဟုတ်ဟု အယူအဆလွဲကြပြန်သေးသည်။ မြန်မာစာကို သိပြီးသားများ၊ တတ်ပြီးသားများဖြစ်သည်ဟု အမှတ်မှားကာ ဂရုမပြုဘဲရှိကြသည်။ သို့သော် ထိုသူများကို အပြစ်မဆိုသာ။ မြန်မာစာ၏ အရသာကိုမသိ၍ ဆိုခြင်းဖြစ်နိုင်သည်ဟု ဖြည့်တွေးကာ ခွင့်လွှတ်နိုင်ပါသည်။သို့သော် လေ့လာတတ်၊ သိမြင်တတ်၊ တန်ဖိုးထားတတ်စေရန် အနည်းငယ်အားဖြင့် ဂရုပြုစေလိုပါသည်။ မြန်မာစာ၏အဆီ၊ မြန်မာစာ၏အနှစ်၊ မြန်မာစာ၏ စိတ်ဝင်စားစရာများကို သိမှသာ မြန်မာစာကို အလေးထားတတ်ပေလိမ့်မည်။ အလေးထားနိုင်အောင်လည်း ကြိုးစားစေလိုသည်။ အကြောင်းမှာ မြန်မာစာသည် တစ်ဦးတစ်ယောက်အတွက်မဟုတ်။ တစ်မျိုးသားလုံးအတွက်ဖြစ်လေ၏။ ထို့ပြင် စာပေမြင့်မှ လူမျိုးတင့်မည်ဟူသော စကားအရ မြန်မာစာပေသည် ကျွန်တော်တို့နိုင်ငံ၏ အသက်ဖြစ်သည်။ မိခင်ဘာသာစကားနှင့်စာပေကို တန်ဖိုးထားတတ်သည့်ပြည်သူများဖြစ် ရန်လိုအပ်သည်။

မြန်မာစာ၏ အဆီအနှစ်တို့ကို မြိန်မြိန်စားသုံးကာ မြန်မာစာ၏အရသာကို စွဲလမ်းခဲ့ရသည်။ ထိုအရသာကို မသိသေးသည့်သူအချို့အား မြန်မာစာ၏ အရသာကို အမြည်းပေးချင်သည့် စိတ်စေတနာများဖြစ်မိ သည်။ စာရေးသူ မြန်မာစာ၏ အရသာကို ခံစားမိရာတွင် စာ၏အရသာကိုသာမက စာသင်ရာတွင် အဟောအပြောကောင်းသည့် မြန်မာစာဆရာများ၏ အာဘော်အရသာကိုပါ နှစ်ခြိုက်ခဲ့ရသည်။ မြန်မာစာကို မဟာ ဝိဇ္ဇာတန်းအထိသင်ကြားခံခဲ့ရ၍ စာလည်းစုံ၊ ဆရာလည်းစုံအောင် သင်ရကြုံရလေသည်။ ရှေးစာများ၊ ခေတ်စာများနှင့် ရသမျိုးစုံကို ခံစားရင်း မြန်မာစာဟင်းအိုးထဲ ခေါင်းမဖော်ချင်အောင်ပင် အရသာအတော်တွေ့ခဲ့ရသည်။ ဆရာများကလည်း မြန်မာစာဆရာများပီပီ အသိစုံစုံ အမြင်ကြွယ်ကြွယ်နှင့် အဟောအပြောကောင်းကောင်း သင်ကြားသည့်အတွက် အချိန်တစ်ချိန်တည်းမှာပင် သုတစုံစုံ၊ ရသဖုံဖုံကို တစ်ထိုင်တည်း အပြည့်အတင်းအရသာရှိရှိ ခံစားရလေသည်။

စာရေးသူက မြန်မာစာပေတွင် ကဗျာများကို ပို၍နှစ်သက်သည်။ကဗျာများက စာရေးသူ၏စိတ်ကို ဖမ်းစားနိုင်ဆုံးသော ရသဘုရင်တစ်ဆူ ပင်ဖြစ်သည်။ မြန်မာစာပေတွင် ကဗျာအမျိုးအစား စုံအောင်သင်ကြားခဲ့ရ သည်။ ထိုကဗျာများထဲတွင် ဧချင်းကဗျာများကို နှစ်သက်မိသည်။ ဧချင်း ကဗျာသင်ချိန်များသည် အလွန်ပျော်စရာကောင်းသည့်အချိန်များဖြစ်ခဲ့ရသည်။ ရှေးဘုရင်များ၏ ဘုန်းတန်ခိုးများကို ရသနှင့်နှော၍ သိရသောကြောင့် စိတ်အာရုံတွင် ဇာတိမာန်စိတ်များ ဖြစ်လာရသည်။ ထိုဧချင်းကဗျာ သင်ရသည့် အရသာသည် ငွေနှင့်ပင်မလဲနိုင်ပါ။ မင်းဆက်များ၏ ဆွေစဉ်မျိုးဆက်များကို စပ်ဆက်ကြည့်ရသည်မှာလည်း မမောနိုင်မပန်းနိုင် အောင်ပင် စိတ်ဝင်စားစရာကောင်းလှသည်။ ဧချင်းကဗျာတစ်ပုဒ် ဖတ်လိုက်ရခြင်းသည် သမိုင်းစာအုပ်တစ်အုပ်သိလိုက်ရခြင်းနှင့် ညီမျှသည်။ ကမ္ဘာတည်ပုံ၊ ပျက်ပုံကအစ မင်းဆွေမင်းမျိုးတို့၏ အစဉ်အဆက်ဇယားများ ဆွဲကာ သင်ပြပေးသည့် ဆရာမ၏အာဘော်ကလည်း အလွန်အရသာရှိလှသည်။

ထို့နောက် ကဗျာထဲတွင် ပါတော်မူကဗျာများ၏ အရသာကိုလည်း ကြိုက်မိသေးသည်။ မြန်မာဘုရင်မင်းမြတ် သီပေါမင်းပါတော်မူရသည့် အဓိကအကြောင်းကို ထိုခေတ်ကစာဆိုများက အမြင်အမျိုးမျိုး အတွေးအဖုံဖုံနှင့် ဖန်တီးစပ်ဆို သီကုံးခဲ့ကြသည်။ ထိုကဗျာများကို ဖတ်ရှုသိရှိရခြင်းမှာလည်း မတူသောရသမျိုးစုံကို အရသာရှိရှိခံစားရလေသည်။ ထိုသို့သော အရသာကို ခံစားဖူးသူမှ ကောင်းမှန်းသိကြလိမ့်မည်။ ထိုပါတော်မူကဗျာများသည် နှလုံးသားထဲတွင် စွဲကျန်ရစ်သည့်အထိ ရသမြောက်ပေါ်လွင် လှသည်။ ထိုခေတ်ကဗျာစာဆိုများဖြစ်သည့် မဟာဒါန်ဝန်ဦးရွှေဝ၊ ဆီးဘန်နီ ဆရာတော်၊ အချုပ်တန်းဆရာဖေ၊ ဦးကြော့တို့က မိမိတို့ဘုရင် ပါတော်မူရသည်ကို ခံပြင်းလွန်း၍ မတူသောအတွေးများနှင့် ရေးဖွဲ့ခဲ့ကြခြင်းဖြစ်သည်။ ထိုကဗျာများကိုဖတ်ရသည့်အရသာကို ဖတ်ဖူးသည့်သူကလွဲ၍ မည်သူသိ နိုင်ပါအံ့နည်း။ ထီးသုဉ်းနန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ တို့တစ်တွေသည်၊ သေသော်မှတည့်၊ ဪသ်ာကောင်း၏ဟူသော ဆီးဘန်နီဆရာတော်၏ သုဉ်းသုံးဝ ဧကပိုဒ်ရတု ကိုဖတ်ရချိန်တွင် ဆရာတော်၏စိတ်ခံစားချက်နှင့်အတူ ထိုခေတ်ကာလ ၏ပုံရိပ်များသည် တရေးရေးပေါ်လာသည်။ ထိုပါတော်မူကဗျာများကို သင်ပေးသည့် ဆရာမလည်း အလွန်အသင်ကောင်းလှသည်။ ကဗျာကို စာအတိုင်းမသင်ခဲ့။ ထိုကဗျာပါအကြောင်းကိုပြောရင်း သမိုင်းကိုလည်း ပြောသည်။ ထို့ပြင် ဆရာမက မျက်မှောက်ခေတ်နှင့်ပါ ချိန်ထိုးပြသည့်အတွက် ကဗျာသည် အသက်ဝင်လာတော့သည်။ထိုပါတော်မူကဗျာများ သင်ရချိန်များသည် အချိန်ကုန်မှန်းပင်မသိဖြစ်ရကာ စာသင်ခန်းတစ်ခန်းလုံး ဇာတိမာန်ရနံ့နှင့်အတူ ရသအသံ သုတအသံတို့သည် ဝဲပျံ၍နေခဲ့ကြသည်။

မှတ်မိပါသေးသည်။ မှတ်မိနေသေး၍လည်း ယနေ့တိုင်မေ့မရဘဲ အရသာကျန်ရှိနေခြင်းဖြစ်သည်။ မေတ္တာစာများသင်ရချိန်သည် စာရေးသူအတွက် အဖိုးမဖြတ်နိုင်သည့် စက္ကန့် မိနစ် နာရီများ ဖြစ်ခဲ့ရသည်။မေတ္တာစာတွင် မှတ်မိနေသည့်က ဦးပုည၏မေတ္တာစာများပင်ဖြစ်ပါသည်။ ဦးပုည၏ မေတ္တာစာများသည် ဟာသနှော၍ ရေးဖွဲ့သောကြောင့် စိတ်တွင် ပေါ့ပါးရွှင်မြူးမှုရသကို ခံစားရသည်။ ဦးပုည၏ ဒေါနဆီမေတ္တာစာကို အလွန်နှစ်သက်မိသည်။ ထိုဒေါနဆီမေတ္တာစာတွင် ဦးပုညက ဟာသလေးနှောကာ သင်္ခါရရုပ်နာမ်တို့၏ ဖောက်ပြန်တတ်မှုသဘောကို ရေးဖွဲ့ပြထားပြီး မေတ္တာစာနှင့်ဆုံးမထားသည်။ ထိုဒေါနဆီမေတ္တာစာကို ဖတ်ရှုရသည့်အခါ ပြုံးလည်းပြုံးရသည်။ ရွှင်လည်းရွှင်ရသည်။ နောက်ဆုံးတွင် တရားသဘောကို လက်တွေ့ခံစားလိုက်ရလေသည်။ ဤတွင်လည်း စာတစ်ပုဒ်၏ မတူညီသောရသစုံကို ခံစားရသည့်အရသာမှာလည်း အလွန်ကောင်းလှသည်။

မြန်မာစာသည် စိတ်ကိုသင်သောစာဖြစ်သည်ဟု ရှေးဆရာကြီးများက ပြောဆိုစမှတ်ပြုခဲ့ကြသည်။ မြန်မာစာသည် စာပေများကိုသင်ကြား ပေးရုံသာမက လူ့စိတ်ကိုပါ သိမ်မွေ့လာစေရန်အတွက် နည်းလမ်းပြပေးသည့် ဘာသာရပ်တစ်ခုဖြစ်သည်။ မြန်မာစာပေတွင် အဖိုးမဖြတ်နိုင်သည့် စာပေရသများစွာရှိလေသည်။ ထိုရသစာပေတို့ကတစ်ဆင့် ဘဝနေနည်းများကို သိမြင်ရသည့်အပြင် ကိုယ့်ကျင့်သိက္ခာတရားကိုပါ နားလည်လာရသည်။ စာရေးသူတို့ သင်ကြားရသည့်စာပေများတွင် ပြဇာတ်များလည်း ပါဝင်သည်။ ပြဇာတ်စာပေများသည်လည်း ခေတ်စနစ်ကို ပြုပြင်လိုသော စေတနာအရင်းခံနှင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထိုပြဇာတ်များက တစ်ဆင့် လူ့စိတ်လူ့သဘောကိုသတိပြုမိပြီး ဆင်ခြင်စရာများရသည်။

ပြဇာတ်များတွင် စာရေးသူနှစ်သက်မိသည်က ဦးပုည၏ ဝိဇယပြဇာတ်ပင်ဖြစ်သည်။ ဦးပုညသည် ထိုပြဇာတ်ကို ရေးသားရခြင်းအကြောင်းမှာ ခေတ်စနစ်၏လိုလားချက်ကြောင့်ဖြစ်သည်ဟု ဆိုကြသည်။ ထိုပြဇာတ်ကို သင်ကြားဖတ်ရှုရသည့်အခါ ရသကိုမျိုးစုံကိုခံစားရသည်။ အဓိက ဇာတ်ဆောင်များမှာ ဝိဇယမင်းသား၊ မယ်ကုဝဏ်တို့ဖြစ်သည်။ ထိုပြဇာတ်အတွင်းမှ သတိပြုခံစားမိသည့် အသိတစ်ခုရှိသည်။ ထိုအသိမှာ ဥပဒေရေးရာနှင့် တရားစီရင်ရေးရာတို့တွင် ကျောသားရင်သားမခွဲခြားဘဲ ပြုလုပ်ရမည်ဟူသောအသိဖြစ်သည်။ ပြဇာတ်အစတွင် ဝိဇယမင်းသားကတိုင်း ပြည်အတွင်း၌ ပြည်သူများ စိတ်မချမ်းသာအောင် ပြုလုပ်ဆိုးသွမ်းနေသည်။ ထိုအကြောင်းကို ပြည်သူများက ဝိဇယမင်းသား၏ဖခင် သီဟဗာဟု မင်းကြီးသိအောင် တိုင်ကြားလေသည်။ ထိုအခါ သီဟဗာဟုမင်းကြီးက သူ၏သားတော်ဖြစ်သော်လည်း ပြည်သူတို့၏မျက်နှာ၊ ဥပဒေ၏သစ္စာကို စောင့်သိ၍ ဝိဇယမင်းသားကို ပြည်နှင်ဒဏ်ပေးခဲ့သည်။ ဤမင်းကြီး၏ ကျောသားရင်သားမခွဲခြားဘဲ ဥပဒေကိုလေးစားသည့် အတုယူဖွယ် မင်းကျင့်တရားကိုတွေ့ရသည်။ ထိုပြဇာတ်ကို သင်ကြားရချိန်များတွင် စာရေးသူသည် မျက်မှောက်ခေတ်နှင့် ဆက်စပ်တွေးတောကြည့်ရင်း အရသာ အတော်တွေ့ခဲ့သည်။ မျက်မှောက်ခေတ်တွင်လည်း သီဟဗာဟုမင်းကြီး ထုံးကို နှလုံးမူသည့်သူများရှိကြပါစေဟု ဆုတောင်းမိသည်။

ဤတွင် မြန်မာစာကပေးသည့် အတွေးအသိနှင့်အတူ လူ့ဂုဏ်သိက္ခာ၊ လူ့ကျင့်ဝတ်တို့ကို နားလည်သဘောပေါက်ခဲ့ရသည်။ ပတ်ဝန်းကျင် ရှိလူအများနှင့် ဆက်ဆံပေါင်းသင်ရာတွင် အသိသတိရှိစေရန် မြန်မာစာပေက ပေးလေသည်။ ထို့အပြင် စာပေရသတို့၏ အဆီအနှစ်တို့ကို စားသုံးရင်း စိတ်ကိုအကောင်းဆုံးထားတတ်ရန် ဘဝအသိများရရှိခဲ့ရသည်။ မြန်မာစာသည် လောကီ၊ လောကုတ္တရာ နှစ်ဖြာအကျိုးကို ညွှန်ပြပေးသည်။ ထို့ကြောင့် မြန်မာစာသည် လက်ရှိဘဝအတွက်အသုံးဝင်ရုံသာမက ကြိုးစားအားထုတ်နိုင်ပါက နောင်ဘဝအထိပါ အလွန်အသုံးဝင်လေသည်။

သို့ဖြစ်၍ မြန်မာစာ၏အရသာကို သိရှိအောင်ကြိုးစားထုတ်ကြရန် လိုအပ်ပါသည်။ ထိုသို့ မြန်မာစာ၏အရသာကိုသိ၍ မိခင်ဘာသာစကားနှင့် စာပေကိုတန်ဖိုးထားကာ မိခင်တိုင်းပြည်ကိုလည်း အကျိုးပြုနိုင်ရန် လိုအပ်ပါသည်။ ထို့ကြောင့် စာရေးသူသိသည့် မြန်မာစာ၏အရသာ အနည်းငယ်ကိုသာ အမြည်းအဖြစ် တင်ပြလိုက်ရခြင်းဖြစ်သည်။ မြန်မာစာ၏ အရသာအကြောင်းကိုပြောလျှင် ဆောင်းပါးတစ်ပုဒ်နှင့်ပင် ပြီးမည်မဟုတ်။ ထို့ကြောင့်လည်း ထပ်ဆင့်၍ မြန်မာစာ၏ အရသာကိုသိရန် စာဖတ်သူတို့ကိုယ်တိုင် ခံစားကြည့်ကြပါဟု နှိုးဆော်ချင်ပါသည်။

ရွှေလတ်ကိုကို (မဟာဝိဇ္ဇာ)