News

POST TYPE

OPINION

ပုံမှန်နှင့် ကပ်တွန်း
02-Oct-2019



ဘဝမှာပုံမှန်လုပ်ရမယ့် အလုပ်တွေ အများကြီးရှိနေတယ်။ လူတစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုအနေနဲ့ ပဲဖြစ်ဖြစ် ပုံမှန်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေ ရှိနေကြတယ်။ နေ့စဉ်၊ လစဉ်၊ နှစ်စဉ် ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေ အများကြီးရှိနေကြတယ်။ 

ကျောင်းနေအရွယ်တုန်းက ဆရာ၊ ဆရာမတွေပြောတာကို မှတ်မိသေးပါရဲ့။ “တစ်နေ့စာတစ်နေ့ အကုန်ရအောင်ကျက်၊ တွက်စရာရှိတာတွေလည်း အကုန်တွက်၊ နောက်ရက်မှာ စာကြွေးမကျန်စေနဲ့”တဲ့။ ပြောတာကတော့ လွယ်ပါရဲ့။ တန်ဖိုးလည်းရှိပါရဲ့။ လိုက်နာနိုင်ဖို့ကျတော့ အခက်သားလား။ အတန်းတွေသာ တစ်တန်းပြီးတစ်တန်း ကုန်သွားခဲ့တယ်။ တစ်နေ့စာ တစ်နေ့ကုန်အောင်လေ့လာပြီး နောက်ရက်အတွက် စာကြွေးမကျန်ခဲ့တဲ့နှစ်ဆိုတာ မရှိခဲ့ဘူး။ တစ်နေ့စာတစ်နေ့ မကျေခဲ့တော့ ဒီနေ့ ကြည့်ရမယ့်စာတွေက နောက်ရက်ကူး၊ နောက်ရက်မှာလည်း ဆရာက စာတွေထပ်ပေးလိုက်ပြန်။ မနေ့ကစာတွေနဲ့ ဒီကနေ့စာတွေပေါင်း၊ ဒီကနေ့ စာတွေနဲ့ နောက်ရက်မှာ ထပ်လာမယ့်စာတွေနဲ့ ထပ်ပေါင်းပြီး ဘယ်ဘာသာ အရင်ကောက်လှန်ရမယ်မှန်းမသိ ဖြစ်ကုန်တယ်။ ကြည့်ရမယ့်စာတွေ များလွန်းမကများလာတော့ အကုန်ထူပူပြီး ဦးနှောက်တွေလည်း အူချာပေါက်ကုန်တယ်။

လုပ်ရမယ့်အလုပ်တွေနဲ့ ပတ်သက်လာရင်လည်း ဒီလိုပါပဲ။ ပုံမှန် လုပ်ရမယ့်အလုပ်တွေကို နေ့စဉ်နေ့စဉ် အားလုံးပြီးပြတ်အောင် ဆောင်ရွက်နိုင်ကြရင်တော့ အကောင်းသားပေါ့။ ဒါပေမဲ့လည်း ဒီလိုပြီးပြတ်အောင် ဆောင်ရွက်နိုင်ဖို့ဆိုတာလည်း တကယ်ကို ခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်။ ခက်တာကလည်းတစ်ကြောင်း၊ လွယ်ပေမယ့် ပုံမှန်မလုပ်ဖြစ်တာကတစ်ကြောင်းလို့ ပြောရမယ်ထင်ပါတယ်။ လုပ်လို့ရတယ်။ ဒီအလုပ်လုပ်ဖို့ ဘာအတားအဆီးမှ ရှိမနေဘူး။ အခက်အခဲလည်း ကြီးကြီးမားမားမရှိဘူး။ ဒါတောင်မှ ကိုယ်လုပ်ရမယ့်အလုပ်တစ်ခုကို ပုံမှန်မလုပ်ဖြစ်ခဲ့ဘူး။ နောက်ဆုံးရက်နဲ့နီးလာပြီ၊ နောက်ဆုံးအချိန် ရောက်လာပြီဆိုတော့မှ အလော တကြီး ပျာယီးပျာယာနဲ့ ထလုပ်တယ်။

သေသေချာချာအချိန်ယူပြီး ပုံမှန်လုပ်ရမယ့်အလုပ်တစ်ခုကို နောက်ဆုံးအချိန်ကျမှ ကပ်တွန်းတွန်းလိုက်တော့ အရာရာဟာ အိုးနင်းခွက်နင်းဖြစ် ကုန်တယ်။ ပညာသင်နှစ်မစခင်ကတည်းက ကျောင်းက ဘယ်အချိန် စဖွင့်မယ်၊ ဘယ်အချိန်မှာ လပတ်စာမေးပွဲ၊ ဘယ်အချိန်မှာ နှစ်ဝက်စာမေးပွဲ၊ ဘယ်အချိန်မှာ အတန်းတင်စာမေးပွဲ စစ်မယ်ဆိုတာ ကျောင်းသားတိုင်း သိကြတာပါပဲ။ သိတာချင်းတူပေမယ့် လုပ်တာချင်းတော့ မတူကြတော့ဘူး။ တစ်နေ့စာတစ်နေ့ ပုံမှန်လုပ်လာသူတွေရှိသလို ဝေးပါသေးတယ်ကွာ ဆိုပြီး စာအုပ်ကို အသစ်အတိုင်းထား၊ ဟိုဟိုဒီဒီ လျှောက်သွား၊ စာမေးပွဲ နားကပ်ပြီဆိုမှ ပျာပျာသလဲထကြည့်နေတော့ “ဒီစာတွေ ငါမမြင်ဖူးပါလား”ဆိုပြီး ဖြစ်ကုန်ရော။

တစ်ခါတစ်ခါကျတော့ ဒီဘာသာကတော့ ပိုင်ပါတယ်လေဆိုပြီး ပစ်ထားခဲ့တာ။ ခက်တယ်ထင်တဲ့ဘာသာကိုပဲ ရွေးပြီးလေ့လာနေခဲ့တာ။ စာမေးပွဲနီးလာတော့ ခက်တယ်ထင်တဲ့ဘာသာက နည်းနည်းလွယ်လာပြီးတော့ လွယ်တယ်ထင်လို့ ပစ်ထားခဲ့တဲ့စာတွေက အခုမှပြန်ကြည့်လိုက်တော့ ကိုယ်နဲ့စိမ်းနေတာတွေ အများကြီးရှိနေတာကို တွေ့လိုက်ရတယ်။ အလုပ်လုပ်တဲ့နေရာမှာလည်း ဒီလိုပါပဲ။ တချို့အလုပ်တွေကို လွယ်တယ်ထင်ပြီး ပစ်ထားခဲ့မိတတ်ပါတယ်။ ခက်တယ်ထင်တာတွေကိုပဲ သဲသဲမဲမဲ ကြိုးစားအားထုတ်နေဖြစ်ခဲ့တယ်။ နောက်ဆုံးတော့ ခက်တယ်ထင်တာတွေက လွယ်လာပေမယ့် လွယ်တယ်ထင်ခဲ့တာတွေကြောင့် ခက်ကုန်တတ်ပါတယ်။ 

ကိုယ်လုပ်ရမယ့်အလုပ်တစ်ခုအတွက် ဘယ်အချိန်မှာ ဘယ်လို အသင့်ဖြစ်နေရမယ်ဆိုတာကို သိပေမယ့် “စောပါသေးတယ်၊ အေးဆေးပေါ့”ဆိုတဲ့ အတွေးမျိုး အပြောမျိုးနဲ့ပဲ ခပ်အေးအေးနေခဲ့မိတာမျိုးလည်း ရှိပါတယ်။ တကယ့်တကယ် အရေးကြီးလာပြီဆိုတော့မှ ဘယ်ဟာကို အရင်စရမှန်းမသိလို့ ဂနာမငြိမ်တွေဖြစ်ကုန်ပါတယ်။ 

တချို့ကျတော့လည်း ခက်တယ်ထင်တာတွေကို ရှောင်တတ်ကြတယ်။ မဖြစ်မနေသင်နေရတာက ခြောက်ဘာသာဆိုပါတော့။ ကိုယ်ဝါသနာပါတာက နှစ်ဘာသာလောက်နဲ့ ဝါသနာပါတာလည်းမဟုတ်၊ မပါတာလည်း မဟုတ်တာက နှစ်ဘာသာလောက်ရှိမယ်။ ကျန်တဲ့နှစ်ဘာသာကို လုံးဝ စိတ်မဝင်စားဘူး။ နားလည်းမလည်ဘူး။ ကိုယ်နားမလည်တဲ့ နှစ်ဘာသာလောက်ကို လုံးဝပစ်ထားလိုက်ပြီး ယေဘုယျနားလည်တာလေးနဲ့ စိတ်ပါလက်ပါ လိုက်စားချင်တဲ့ဘာသာလေးတွေလောက်ပဲ မကြာမကြာ ကောက်ကိုင်နေဖြစ်တယ်။ အချိန်ကာလကြာလာလေလေ ဒီဘာသာတွေအပေါ်မှာ ကျွမ်းကျင်မှုရှိလာလေလေတော့ ဖြစ်ပါရဲ့။ ဒါပေမဲ့ လုံးဝတို့မကြည့်မိတဲ့ ဘာသာတွေနဲ့ ပတ်သက်လို့ အခြေခံယူဆချက် သဘောတရားလေးလောက်ကိုတောင် သိဖို့ကြိုးစားမကြည့်ခဲ့မိဘူး။ တကယ်တော့ စာမေးပွဲဆိုတာ ကိုယ်ကြိုက်ရာဘာသာလေး သုံးလေးခုလောက်သာ ရွေးဖြေရုံနဲ့ အောင်မှာ မှမဟုတ်တာ။ သင်ရိုးကုန် ဖြေဆိုနိုင်မှ အောင်မြင်နိုင်မှာ။

လက်တွေ့နယ်ပယ်မှာလည်း ဒီလိုဖြစ်တတ်ပါတယ်။ ကိုယ်မကျွမ်းကျင် တဲ့ကဏ္ဍကို ရင်းနှီးကျွမ်းဝင်လာအောင်၊ သဘောပေါက်နားလည်လာအောင် လုပ်လို့ရနိုင်တဲ့နည်းလမ်းတွေ မြောက်မြားစွာရှိပါလျက်နဲ့ တစ်ယောက်ယောက်ဆီမှာ တပည့်ခံရမှာကြောက်လို့ဆိုပြီး ဘယ်သူ့ကိုမှလည်း မမေးမြန်း၊ ကိုယ့်ဘာသာလည်း မလေ့လာတော့ ကြာလေလေ ဒီကဏ္ဍနဲ့ စိမ်းလာ လေလေဖြစ်ကုန်ရော။ အမှန်က ဘာသာရပ်အားလုံးဖြေဆိုနိုင်မှ ဒီစာမေးပွဲကို အောင်မြင်နိုင်မယ်ဆိုတာလောက်ကိုတော့ သဘောပေါက်သင့်ပါတယ်။ ကိုယ်ဝါသနာပါတာလေး တစ်ခုနှစ်ခုလောက်ကိုသာရွေးပြီး လေ့လာအားထုတ်တဲ့ သီးခြားပညာရှင်အနေနဲ့ဆိုရင်တော့ ပြဿနာမရှိဘူးပေါ့။ ကဏ္ဍစုံလုပ်ကိုင်ဆောင်ရွက်ဖို့ လိုတဲ့သူဆိုရင်တော့ ကိုယ့်မှာတာဝန်ရှိသမျှ ကဏ္ဍအားလုံးနဲ့ အကျွမ်းတဝင်ရှိနေဖို့ လိုအပ်ပါတယ်။ ဒီဟာကိုနားမလည်ပါဘူးလို့ ပြောရုံလောက်နဲ့ အဆင်ပြေမှာမဟုတ်ပါဘူး။ နယ်ပယ်စုံအောင် မကြိုးစားနိုင်ဘဲဖြစ်နေရင် သုံးလေးဘာသာဂုဏ်ထူးထွက်ပြီး တစ်ဘာသာလေး ကပ်ထိသွားလို့ စာမေးပွဲကျရတဲ့ ကျောင်းသားလို ရင်ထုမနာဖြစ် ရမယ့်ကိန်းဆိုက်သွားနိုင်တာကို သတိပြုကြရမှာဖြစ်ပါတယ်။

ဒါ့ကြောင့် ပုံမှန်လုပ်သင့်တာတွေကို လုပ်နေရမယ်။ ကိုယ်နဲ့သက် ဆိုင်ရာကဏ္ဍအားလုံးကိုလည်း နယ်ပယ်စုံဖြန့်ကြက်ပြီး လွှမ်းခြုံနိုင်အောင် ကြိုးပမ်းနေကြရမှာ ဖြစ်ပါတယ်။ ခက်တယ်ထင်တာတွေကို ရှောင်မနေတတ်ဖို့၊ ကိုယ်မကျွမ်းကျင်တဲ့နယ်ပယ်ကိုလည်း တီးမိခေါက်မိရှိလာအောင်၊ တဖြည်းဖြည်း ကျွမ်းကျင်နားလည်လာအောင် ဘယ်လိုလုပ်ရရင်ကောင်းမလဲဆိုတာကို နည်းလမ်းရှာဖွေပြီး လေ့လာသင့်ပါတယ်။ ကိုယ်မကျွမ်းကျင်တိုင်း ရှောင်ပြေးနေမယ်ဆိုရင် နောက်ထပ်နောက်ထပ်လည်း ကိုယ်မကျွမ်းကျင်တာတွေက တွေ့နေဦးမှာ ဖြစ်ပါတယ်။ ဒီလိုတွေ့တိုင်းသာရှောင်နေမယ်ဆိုရင် နောက်ပိုင်းမှာ ရှောင်စရာနေရာတောင်ကျန်တော့မှာမဟုတ်ပါဘူး။

လူတစ်ယောက်အနေနဲ့၊ အဖွဲ့အစည်းတစ်ခုအနေနဲ့ ကိုယ့်အဖွဲ့အစည်းက အထူးပြုဆောင်ရွက်နေတဲ့ လုပ်ငန်းတစ်ခု၊ ကိုယ်အထူးပြုလေ့လာနေ တဲ့နယ်ပယ်တစ်ခု ဆိုတာတော့ ရှိမှာပါပဲ။ ကဏ္ဍအားလုံးမှာ ဆရာတစ်ဆူ မဖြစ်နိုင်တာကိုတော့ သဘောပေါက်ပါတယ်။ ဒီနေရာမှာတင်ပြလိုရင်းက ကိုယ်နဲ့သက်ဆိုင်တာတွေကို ခြုံငုံမိအောင် လေ့လာဖို့၊ ကြိုးစားဖို့အချက်ပါ။

ပုံမှန်ဆောင်ရွက်လာတဲ့ ဆောင်ရွက်ချက်တွေနဲ့ နီးမှကပ်မှ ကပ်တွန်း တွန်းလိုက်တဲ့ဆောင်ရွက်ချက်မှာ အားထုတ်မှုချင်းမတူသလို သက်ရောက်မှုချင်းကလည်း ကွာပါတယ်။ ပုံမှန်ဆောင်ရွက်ရတဲ့အခါကျတော့ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ပုံမှန်ဆောင်ရွက်ရတာဖြစ်တဲ့အတွက် စိတ်ရှည်ဖို့လိုသလို အားထုတ်မှုဝီရိယကလည်း လျော့နေလို့မရဘူး။ ဘယ်လုပ်ငန်းမှာ ပဲဖြစ်ဖြစ် ကိုယ်လုပ်စရာရှိတာကို ပုံမှန်ဆောင်ရွက်နေသူတစ်ယောက်ဆိုရင်တော့ ဘယ်လိုအတားအဆီးမျိုးကိုမဆို သိပ်မပင်ပန်းဘဲနဲ့ ရင်ဆိုင်ကျော်လွှားသွားနိုင်မှာပါပဲ။ 

တစ်ခါတလေကျတော့လည်း ပုံမှန်လုပ်နေခဲ့တဲ့သူတွေက နောက်တန်းမှာကျန်နေရစ်ခဲ့ပြီးတော့ နီးမှ ကပ်မှ ကောက်ရိုးမီးလောင်ပြတတ် သူတွေဘက်မှာ အရေးသာသွားတာမျိုးလည်း ရှိတတ်ပါတယ်။ စာလာ ပေလာဥပမာကတော့ ညနေပိုင်း နွားရိုင်းသွင်းချိန်မှာ နွားခြံထဲ နွားတွေ သွင်းတဲ့ဥပမာနဲ့တူပါသတဲ့။ နွားတွေစုပြုံထိုး တိုးဝှေ့ပြီး နွားခြံထဲဝင်ကြတော့ နွားသန်နွားမာတွေ၊ နွားပျိုနုထွားတွေကသာ ရှေ့ဆုံးကဝင်နိုင်ကြ ပါသတဲ့။ နွားအိုကြီးကတော့ လှုပ်လှုပ်လှုပ်လှုပ်နဲ့ နောက်ဆုံးကသာ ကပ်ပြီး ဝင်ရသတဲ့။ နောက်တစ်မနက်မှာ ခြံတံခါးလည်းဖွင့်ရော အရင်ထွက်လာရသူက မနေ့ညနေက နောက်ဆုံးမှဝင်တဲ့ နွားအိုကြီးပါတဲ့။ ဒီဥပမာကတော့ ကုသိုလ်၊ အကုသိုလ်တွေနဲ့ပတ်သက်ပြီးတော့ အစဉ်ထာဝရ ဝတ်မပျက် ပုံမှန်ဆောင်ရွက်လာတဲ့သူနဲ့၊ ဘဝရဲ့နောက်ဆုံးအချိန် သေငယ်ဇောနဲ့ မြောနေချိန်လောက်မှာမှ ကပ်ပြီးတော့ ကောင်းမှု၊ မကောင်းမှု တစ်ခုခုကို ကိုယ်၊ နှုတ်၊ စိတ် တစ်ခုခုနဲ့ ဆောင်ရွက်လိုက်မိတဲ့သူနဲ့ ဘဝကူးကြတဲ့အခါ နောက်ဆုံးအချိန်ရဲ့ ကပ်တွန်းဆောင်ရွက်ချက်လေးက အရေးပါတတ်ပုံကို ဥပမာပေးကြတာပါ။ ကပ်တွန်းလေးတွေကလည်း အရေးကြီးပါသတဲ့။

ဒါပေမဲ့ ကပ်တွန်းဆိုတာ သေချာတဲ့ဟာမဟုတ်ပါဘူး။ အားလည်း မကိုးသင့်ပါဘူး။ ပုံမှန်ကိုသာ အလေးပေးဆောင်ရွက်ရမှာပါ။

ဘဝမှာ ပုံမှန်ဆောင်ရွက်ရမယ့်အရာတွေ အများကြီးရှိပါတယ်။ မိသားစုနေ့စဉ်ဘဝမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ် ပုံမှန်လုပ်ရ မယ့်ဟာတွေ အများကြီးရှိပါတယ်။ တစ်ယောက်တည်းနေတဲ့သူ၊ မိသားစု တစ်စုတည်းအနေနဲ့သာ လုပ်ကိုင်ဆောင်ရွက်သူတွေအတွက်ကတော့ သိပ်ပြဿနာမရှိသေးပါဘူး။ ပုံမှန်အလုပ်တွေကို ကိုယ်လုပ်ရင် ကိုယ်အောင်မြင်မယ်၊ ကိုယ်မလုပ်ရင် ကိုယ်ပဲအဆင်မပြေဖြစ်မယ်။ အစုအဖွဲ့နဲ့ လုပ်ရတဲ့သူတွေကျတော့ အဆင့်ဆင့်တာဝန်ယူမှုတွေလိုလာတယ်။ အောက်ခြေအဆင့်လား၊ အလယ်ဆင့်လား၊ ထိပ်ပိုင်းအဆင့်အတွက်လား အားလုံး အားလုံးအတွက် ဘယ်သူက ဘယ်တာဝန်၊ ဘယ်ဟာတွေကို ပုံမှန်လုပ်နေရမယ်ဆိုတာ သူ့သတ်မှတ်ချက်နဲ့သူ ရှိထားပြီးသား။ ဒါတွေကို အမြဲတမ်း အလေးပေးပြီး ဆောင်ရွက်တဲ့အဖွဲ့သားတွေနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့အစည်းအတွက်ဆိုရင်တော့ အားလုံးအဆင်ပြေနေမှာပါ။ ဒီလိုမှမဟုတ်ဘဲ သတိရတဲ့သူကနှိုးဆော်မှ ထထ ပျာတဲ့သူတွေများနေရင်တော့ ဒီအဖွဲ့အစည်းရဲ့ ရှေ့ရေးက သိပ်မကောင်းနိုင်ပါဘူး။

ကိုယ်ဒါလုပ်ရမယ်ဆိုရင် လုပ်နေရုံပေါ့။ ဒီလိုမဟုတ်ဘူး။ တစ်ယောက်ယောက်က လက်တို့နှိုးဆော်မှ “ဪသာ်၊ မေ့သွားလို့”ဆိုပြီး ထလုပ်တယ်။ ကြာလာတော့ မနှိုးဆော်ရင်တောင်မှ၊ သတိမပေးရင်တောင်မှ သတိမပေးမိတဲ့သူရဲ့အပြစ်လို ဖြစ်သွားတယ်။ ကိုယ်က နေရာတစ်ခုမှာ တာဝန် တစ်ခုယူထားတယ်။ ဘာတွေလုပ်ရမယ်ဆိုတာ သိပြီးသားဖြစ်သလို ဘာတွေလုပ်ပါ့မယ်လို့လည်း ကတိတွေပေးထားကြပြီးသားပါပဲ။ ကြာရင်မေ့တတ်တာလည်း ဒီကတိတွေပါပဲ။

ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်တယ်၊ ဌာနတစ်ခုမှာ အလုပ်လာလျှောက်တယ်။ မရခင် အင်တာဗျူးဖြေတုန်းကတော့ ဘယ်လိုတွေ ကြိုးစားလိုက်မယ်၊ ဘယ်ပုံတွေအားခဲလိုက်မယ်နဲ့ သူ့ကို မခန့်ခန့်ချင်အောင် ဆွဲဆောင်တယ်။ တကယ်လည်း ခန့်အပ်လိုက်ရော ကိုယ်ပုံမှန်လုပ်ရမယ့် အလုပ်ကလေးတွေကိုတောင်မှ မေ့ချင်ယောင်ဆောင်နေလိုက်သေးတယ်။ အသစ်အဆန်းတွေစဉ်းစားပြီး လမ်းသစ်ထွင် ကြိုးစားဖို့ဆိုတာတော့ဝေးရော။ 

ဒီတော့ ဘယ်အဖွဲ့အစည်းမှာပဲဖြစ်ဖြစ် နှိုးဆော်ရတာ၊ သတိပေးရတာ၊ တိုက်တွန်းရတာတွေက အလုပ်ကြီးတစ်ခု ဖြစ်လာတယ်။ ပုံမှန်လုပ်ရမယ့်ကိစ္စကို ပုံမှန်လုပ်နေကြဖို့ တိုက်တွန်းပါကြောင်းဆိုတာမျိုး။ တကယ်ဆို မူလကတည်းက ဒီအလုပ်တွေ ပုံမှန်လုပ်နေဖို့ သတ်မှတ်ထားပြီးသား။ မေ့ချင်ယောင်ဆောင်တဲ့သူက ဆောင်တော့ လက်တို့ရမယ့်သူကလည်း ခဏခဏပြေးပြေးတို့နေရတော့တာပေါ့။

တကယ်တော့ သတိပေးလက်တို့တဲ့အလုပ်ကိုက နှယ်နှယ်ရရတော့ မဟုတ်ဘူး။ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းရဲ့ သဘောသဘာဝအလျောက် ဖုန်းဆက်နှိုးဆော်ရမယ့်အဖွဲ့အစည်းဆိုရင် ဖုန်းဘေလ်ဖိုးတွေ ကုန်ကြတယ်။ စာရွက်စာတမ်းနဲ့ တရားဝင်အကြောင်းကြားမှဆိုတဲ့ အဖွဲ့အစည်းမျိုးအတွက် စာရွက်စာတမ်းတွေ လစဉ်လစဉ် ပလူပျံအောင်သုံးကြရလို့ ဒီအတွက် စရိတ်စကတွေ ကုန်ကြရတယ်။ အထွေထွေညီလာခံလိုဟာမျိုးမှာ တင်ပြီးမှ သတိပေးခေါင်းလောင်းထိုးရမယ့် အဖွဲ့အစည်းမျိုးကျတော့ စရိတ်စကကုန်ကျမှုက အမြင့်ဆုံးအထိ ရောက်သွားတယ်။ 

ဘာတွေဘာတွေလုပ်ပါ၊ မလုပ်ရင် ဘယ်လိုအရေးယူရပါလိမ့်မယ်၊ ဘယ်လိုတုံ့ပြန်ရပါလိမ့်မယ်ဆိုမှ ပျာပျာသလဲထပြီး ကပ်တွန်းတွန်းကြတယ်။ မှတ်တမ်းတွေယူကြ၊ အစီရင်ခံစာတွေရေးကြ၊ ကိုယ်အလုပ်လုပ်ကြောင်းကို ဟိုလိုပြကြ၊ ဒီလိုပြကြနဲ့ အကုန်ရှုပ်ယှက်ခတ်ကုန်တယ်။ တကယ်ဆို အစကတည်းက ဒီလိုလုပ်နေရမှာ။ အရေးကြီးလာမှ ကပ်တွန်းထတွန်းတော့ တကယ့်အနှစ်သာရ၊ တကယ့်အကျိုးရှိထိရောက်မှုက အားကောင်းသင့်သလောက် မကောင်းတော့ဘူး။

ဒီနေရာမှာ တစ်ချက်တော့ စဉ်းစားစရာရှိပါရဲ့။ ဟိုကိစ္စလည်း ဒီလူ လုပ်နေရမယ်၊ ဒီကိစ္စလည်း သူပဲလုပ်ရမယ်၊ နောက်တစ်ခုလည်း သူ့တာဝန်ပဲ၊ ဟိုနောက်တစ်ခုလည်း သူ့ပုံမှန်လုပ်ငန်းဆိုတာမျိုးတွေ များလွန်းနေသလားဆိုတာကိုတော့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို၊ အဖွဲ့အစည်းတစ်ခုကို ပုံမှန်တာဝန်ဆိုတာမျိုးတွေ ပေးတော့မယ့်အချိန်မှာ သေသေချာချာ လေးလေးနက်နက် စဉ်းစားသုံးသပ်ပြီးမှ တာဝန်ပေးအပ်သင့်ပါတယ်။ ဒီတာဝန်နဲ့ ဒီလူ မျှရဲ့လား၊ ဒီလုပ်ငန်းနဲ့ ဒီကုမ္ပဏီ အဆင်ပြေပါ့မလား၊ ဝန်နဲ့အား၊ မြားနဲ့လေး ကိုက်ပါ့မလားဆိုတာမျိုးကို အဖန်တလဲလဲ ဆင်ခြင်သုံးသပ်ပြီးမှ တာဝန်ပေးသင့်ပါတယ်။ 

တာဝန်တွေများလွန်းနေမလား၊ နည်းလွန်းနေမလားဆိုတာကို ချိန်ဆရမှာပါ။ များလွန်းနေရင်လည်း အဆင်ပြေမှာ မဟုတ်ပါဘူး။ ဟိုဟာ လည်း ကိုယ်လုပ်ရမယ်၊ ဒီဟာလည်း ကိုယ်လုပ်ရမယ်၊ ဟိုးနောက်တစ်ခုရော၊ ဟိုးဟိုဘက်က နောက်ထပ် နောက်ထပ် တစ်ခုတွေရောဆိုရင်တော့ ဘယ်အစကို အရင်ဆွဲနုတ်ရမှန်းမသိလို့ အကုန်အူချာပေါက်သွားနိုင်ပါတယ်။ များလွန်းနေတဲ့ဘက်ကနေ ဆွဲဆွဲထုတ်ပြီး တာဝန်နည်းလွန်းနေသူတွေဘက်ကို နည်းနည်းပါးပါးချင်း ပို့ပို့ပေးရမှာပါ။ လူနဲ့တာဝန်မျှနေဖို့လိုပါတယ်။ မမျှမတဖြစ်နေရင်၊ အားလာရင် တောင်တောင်ဤတွေ လျှောက်လျှောက်တွေးပြီး ဟိုလူ့အပြစ်ရှာ၊ ဒီအဖွဲ့အပြစ်တင်တွေ လုပ်နေတတ်ပါတယ်။ အလုပ်တွေက များလွန်းနေရင် မလုပ်နိုင်လို့ မေ့ချင်ယောင်ဆောင်မိတတ်သလို နည်းလွန်းနေရင်လည်း အဆင်မပြေတတ်တာကို သတိချပ်သင့်ပါတယ်။ 

ပုံမှန်လုပ်နေရမယ့်သူနဲ့ ပုံမှန်လုပ်ရမယ့် တာဝန်ဝတ္တရား၊ ဒီနှစ်ချက်ကို ဟန်ချက်ညီအောင်ထားဖို့ လိုပါတယ်။ ဟန်ချက်ညီနေပါလျက်နဲ့ တာဝန် မကျေဘူးဆိုရင်တော့ သတိတွေ အထပ်ထပ်ပေးနေတာမျိုးထက် တစ်နည်းနည်းနဲ့ တုံ့ပြန်အရေးယူလိုက်တာပဲ ကောင်းပါတယ်။ ခဏခဏသတိပေး နေရတဲ့သူဟာ သတိမပေးဘဲ ရပ်လိုက်တာနဲ့တစ်ပြိုင်နက် မေ့ချင်ယောင် ဆောင်သွားဦးမှာပါပဲ။ 

တကယ်တော့ သတိပေးရတာကိုက တာဝန်တစ်ခုဖြစ်လာတယ်။ အဲ့ဒါမှ ခက်တော့တာပဲ။ ဈေးကွက်ချဲ့ထွင်ရေးလုပ်တဲ့သူတွေ ပြောတာကြားဖူးပါတယ်။ ကိုယ့်ပစ္စည်းတစ်ခုကို လူကြိုက်အောင်ကြော်ငြာပြီးရုံနဲ့ မရသေးဘူးတဲ့။ မမေ့ဖို့အတွက်လည်း ခဏခဏသတိပေးနေဖို့လိုပါသတဲ့။ ဒါ့ကြောင့် နာမည်ရပြီးသားလုပ်ငန်းတွေ ထပ်ကာတလဲလဲ ကြော်ငြာနေကြတာဖြစ်မှာပါပဲ။ အလုပ်တွေလည်း ဒီလိုပါပဲ။ အခုနောက်ပိုင်းမှာ သတိပေးရတာကိုက တာဝန်တစ်ရပ်လိုဖြစ်ဖြစ်လာတယ်။ ဟိုဟာလည်းလုပ်ကြနော်၊ ဒီဟာလည်း မမေ့နဲ့နော်ဆိုတာမျိုးတွေ။

ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်စရာရှိတာတွေကို ပုံမှန်လုပ်နေကြဖို့ကတော့ အရေးကြီးပါတယ်။ ဘယ်သူသတိပေးပေး၊ မပေးပေး ကိုယ်လုပ်စရာရှိတာတွေကို တတ်နိုင်သမျှ တာဝန်အကျေဆုံးဖြစ်အောင် ကြိုးစားနေရမှာ ဖြစ်ပါတယ်။ အရေးကြီးမှ နီးမှကပ်မှ ထထပြီး ကပ်တွန်းတွန်းတာမျိုးကို မလုပ်သင့်ပါဘူး။ တစ်ခါတစ်ခါမှာ ပုံမှန်လုပ်နေတဲ့သူထက် ကပ်တွန်းတွန်းတဲ့သူက ခြေတစ်လှမ်းသာသွားတာမျိုး ကြုံရင်ကြုံရပါလိမ့်မယ်။ ဒါ့ကြောင့် ကပ်တွန်းရဲ့အားကိုလည်း လျှော့မတွက်မိဖို့တော့လိုပါတယ်။

တစ်သက်လုံးကြည့်လာခဲ့တဲ့စာ၊ စာမေးပွဲခန်းထဲဝင်ခါနီး ဆယ့်ငါးမိနစ်လောက်အလိုကျတော့လည်း နည်းနည်းပါးပါးတော့ စာအုပ်လေးကောက်လှန်ကြည့်ဖို့လည်း လိုသေးတာပါပဲ။ အထူးသဖြင့် ကိုယ်သိပ်မပိုင်တဲ့ဘာသာဆိုရင်ပေါ့။ စာဖြေခန်းထဲဝင်ခါနီး စာအုပ်လေးမှမလှန်လိုက်ရရင် ကိုယ့်မှာ တထင့်ထင့်ကိုဖြစ်လို့။ စာမေးပွဲခန်းဝကို နာရီဝက်လောက် ကြိုမရောက်ဘဲ နည်းနည်းနောက်ကျမှ ဒရောသောပါးဝင်ပြေးရတဲ့အဖြစ်ဆိုရင် ရပြီးသားစာတွေတောင် မေ့ကုန်လို့။ ဒီလိုဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကပ်တွန်းဟာလည်း အရေးကြီးပါတယ်။

ပုံမှန်လက်နက်နဲ့ ကပ်တွန်းလက်နက်ဆိုပါစို့။ ဒီလက်နက်နှစ်ခုကို သုံးသင့်တဲ့အချိန်မှာ အချိန်ကိုက် ထုတ်သုံးနိုင်ဖို့လိုပါတယ်။ ပုံမှန်လက်နက်ကြီးရှိခဲ့ သုံးခဲ့တာပဲဆိုပြီး ကပ်တွန်းမသုံးလိုက်မိလို့ လျစ်လျူအရှုခံရတာမျိုး ရှိတတ်တာကိုလည်း မမေ့ဖို့လိုပါတယ်။ 

ပုံမှန်ဆောင်ရွက်ရမယ့်အလုပ်တွေကိုလည်း မမေ့မလျော့ဆောင်ရွက်နိုင်ကြပါစေ။ ဘယ်အချိန်ဟာ ကပ်တွန်းတွန်းရမလဲ၊ ဘယ်အချိန်မှာ ပုံမှန်ဆောင်ရွက်ရမလဲဆိုတာကို ခွဲခြားရှုမြင်နိုင်ပြီးတော့ တွန်းသင့်တဲ့အချိန်မှာလည်း ရွေ့အောင်တွန်းနိုင်ကြပါစေ။

သိုက်စိုးထွန်း (နတ်ရွာ)