News

POST TYPE

OPINION

ငြိမ်းချမ်းဖို့က ပထမဧရာသစ္စာ ငဖဲ
02-Oct-2019



တကယ်တော့ ဘဝဆိုသည်မှာ ထင်သလောက် မခက်ခဲသလို၊ ထင်သလောက်လည်း မရိုးရှင်းလှပါပေ။ မုန်တိုင်းပြီးရင် လေပြည်လိုက်လာစမြဲ ဖြစ်သလို၊ လေပြည်လာပြီးရင်လည်း အချိန်အခါ တစ်ခုရောက်သည့်အခါ မုန်တိုင်းသည် ပြန်လာတတ်ပြန်ပါသည်။ ဤသို့ပင် အားလုံးသည် သံသရာလည်နေခဲ့ကြရပါသည်။ မည်သူ့မည်သူ၏ ဘဝသည်မျှ ပြီးပြည့်စုံနေသည်ဟုမဆိုသာ။ အားလုံးကိုယ်စီ မတူညီသော ဒုက္ခ၊ သုခကိုယ်စီနှင့်ပဲ ဖြစ်ပါလိမ့်မည်။ လူရယ်လို့ဖြစ်တည်လာပါလျှင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တို့ ရှိကြရမှာတော့ အမှန်ပင်ဖြစ်ပါသည်။ ကိုယ့်ကြမ္မာကို အခြားသောသူများက ဖန်တီးနေသည့်အခြေအနေမျိုး မဖြစ်သင့်ပါပေ။ အခက်အခဲဆိုသည်များမှာတော့ ရင်ဆိုင်ကျော်လွှား ကြဖို့အတွက်ပဲ ဖြစ်ပါသည်။ 

သို့သော် တစ်ဦးနှင့်တစ်ဦး အခက်အခဲဒုက္ခများကို ကြုံတွေ့ရင်ဆိုင်နေကြရသည့် အခြေအနေတို့မှာတော့ ကွာခြားနေပါလိမ့်မည်။ ယနေ့ခေတ် ကမ္ဘာကြီးကိုစောင်းငဲ့ကြည့်လျှင် လူတို့သည် ငြိမ်းချမ်းရေးများနှင့်ရော စစ်ပွဲများနှင့်ပါ ရောထွေးယှက်တင် ရင်ဆိုင်နေကြရသည်ကို တွေ့ရပါလိမ့်မည်။ ကမ္ဘာကြီးသည် တဖြည်းဖြည်းနှင့် ကျဉ်းသထက်ကျဉ်းမြောင်းလာနေပါသည်။ လူသားများသည်လည်း အလွန်ဝေးကွာစွာ တည်ရှိနေခဲ့ကြရာမှ တစ်ဦးနှင့်တစ်ဦး အနီးကပ်ဆုံး ဆက်သွယ်လာနေနိုင်သည်ကို တွေ့ရပါသည်။ နိုင်ငံအများစုဟာ အဖျက်စွမ်းအားကြီးမားလှသည့် လက်နက်များကိုလည်း ယခင်ကထက် ပိုင်ဆိုင်လာနေကြသည်။ နျူကလီးယားလို လက်နက်မျိုးဖြစ်ပါသည်။ 

တချို့နိုင်ငံရေးပညာရှင်များကတော့ ထိုသို့ပိုင်ဆိုင်နေကြခြင်းကပင်လျှင် တစ်ဖက်နှင့်တစ်ဖက်ကို ထိန်းညှိထားသကဲ့သို့ ဖြစ်နေရာ တတိယကမ္ဘာစစ်ကြီး ဖြစ်ပွားမလာဖို့ကို အဟန့်အတားဖြစ်စေသည်ဟု သုံးသပ်ကြသည်လည်း ရှိနေပါသည်။ အချို့ကလည်း တတိယကမ္ဘာစစ်ဟာ ဖြစ်ပွားနေခဲ့သည်မှာ ကြာလေပြီဟု ဆိုကြပါသည်။ ၎င်းတို့ကတော့ စစ်အေးတိုက်ပွဲကို ဆိုလိုခြင်းဟု ပြောပါသည်။ တရုတ်နှင့် အမေရိကန်ဖြစ်နေသည့် ကုန်သွယ်ရေးစစ်ပွဲမျိုးကို မီးမောင်းထိုးပြကြပါသည်။ ပြီးနောက် ယဉ်ကျေးမှုများလွှမ်းမိုးခံရခြင်းတို့ကို လက်ညှိုးထိုးပြကြပါသည်။ 

စစ်နှင့် ငြိမ်းချမ်းရေးသည် ဤကမ္ဘာကြီးပေါ်၌ မရှိလျှင်မဖြစ်သည့် အရာပင်ဖြစ်လိမ့်ဟု ကျွန်တော်တွေးနေမိပါသည်။ သမိုင်းတစ်လျှောက် ကြည့်လိုက်လျှင် လူတို့သည် စစ်ဖြစ်လျှင် ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားပုံ ဖော်လာကြသည်။ တစ်ဖန်ငြိမ်းချမ်းရေးရလာပါလျှင်လည်း စစ်ဆိုသည်ကို ဖန်တီးလာကြပြန်ပါသည်။ ဤသည်ကိုပဲ သံသရာလည်နေခြင်းဟု သတ်မှတ်ရမလို ဖြစ်လာပါသည်။ အမှန်တော့ ဤကမ္ဘာလောကကြီးပေါ်တွင်ရှိသော အရာအားလုံးကို ကျွန်တော်တို့လူသားများကပင် ဖန်တီးသတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဘာသာစကားများ၊ ဘာသာတရားများ၊ အဖွဲ့အစည်းများ၊ နိုင်ငံများ၊ ငြိမ်းချမ်းရေးများ၊ စစ်ပွဲများ၊ နည်းပညာများ စသဖြင့် အားလုံး အားလုံးတို့ကို ကျွန်တော်တို့လူသားများကသာ ဖန်တီးသတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဖြစ်လာသမျှ ပြဿနာအားလုံးတို့ဟာ ကျွန်တော်တို့လူသားများတွင်သာ တာဝန်အပြည့်အဝရှိပါသည်။

ယခုဆိုလျှင် ကမ္ဘာ့ရာသီဥတုမှာ စိုးရိမ်ကြောက်လန့်ဖွယ် ဆိုးရွားလာနေပါသည်။ ၎င်းကို သတိမူစေလိုသည့်အနေနှင့် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချကြဖို့ကို တောင်ကိုရီးယားနိုင်ငံရှိ လမ်းမများပေါ်၌် တောင်ကိုရီးယားနိုင်ငံသားတစ်ထောင်ကျော်က သေချင်ယောင်ဆောင်သည့်ပုံသဏ္ဌာန် ပြုလုပ်၍ ဆန္ဒပြခဲ့ကြသည်ကိုလည်း သတင်းစာမျက်နှာများတွင် တွေ့လိုက်ရပါသည်။ အားလုံးသည် လူတို့၏ ပယောဂများကြောင့် ဖြစ်တည်လာခဲ့ကြရပါသည်။ 

ကျွန်တော်တို့၏ မြန်မာနိုင်ငံသည်လည်း ရာသီဥတု၏ နှိပ်စက်မှုဒဏ်ကို ခံနေကြရပါသည်။ ရေဘေး၊ မီးဘေး၊ မြေပြိုခြင်း၊ အပူလွန်ကဲခြင်း၊ အအေးလွန်ကဲခြင်း အားလုံးကို ခံစားလာနေကြရပါသည်။ သည်ကြားတွင် ပြည်တွင်းစစ်မီးက အဆုံးမသတ်နိုင်ဖြစ်နေသေးသည်ကတော့ ဝမ်းနည်း ကြေကွဲစရာကောင်းလှပါသည်။ နိုင်ငံအတွင်း ဒုက္ခသည်စခန်းများ လက်ညှိုးထိုးမလွဲ ရှိနေခဲ့ကြရသည်။ ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားကြရတော့ အားလုံးအတူတူ ခံစားကြရခြင်းပဲ ဖြစ်ပါသည်။

ကျွန်တော်တို့အနေနှင့် သတိမူကြဖို့ အချိန်တန်ပြီပဲ ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် အရာရာ နောက်ကောက်ကျကျန်နေခဲ့ရသည့်ဘဝမှ ရုန်းထွက်ကြရပါမည်။ ပြည်တွင်းစစ်မီးကို အမြန်ဆုံး အဆုံးသတ်ကြရပါမည်။ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း သဘောထားကြီးစွာ၊ အမြော်အမြင်ကြီးစွာဖြင့် ပြင်ဆင်ကြရပါမည်။ ကောင်းမွန်မှန်ကန်တည်ငြိမ်သည့် ပညာရေးစနစ်ကို အကောင်အထည်ဖော်ကြရပါမည်။ လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ကြရပါမည်။ အရာရာကို ငြိမ်းချမ်းသောနည်းဖြင့် အဆင့်အတန်းရှိစွာ ဆွေးနွေးညှိနှိုင်း အဖြေရှာကြရမည့်အချိန်ပဲ ဖြစ်ပါသည်။ 

ကျွန်တော်တို့အနေနှင့် ကြုံတွေ့ရင်ဆိုင်နေကြရသည့် အခက်အခဲဒုက္ခများကို ကျော်လွှားနိုင်ကြဖို့ဆိုသည်မှာ စည်းလုံးညီညွတ်မှုရှိခြင်းက သာလျှင် အခရာကျပါလိမ့်မည်။ တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် မရပါပေ။ အားလုံးတွဲလက်ညီမှသာ အဆင်ပြေတော့မည့် အခြေအနေပဲ ဖြစ်ပါသည်။ အဆိုးဘက်ဆီ ဦးတည်စေမည့်လုပ်ရပ်များကို အတတ်နိုင်ဆုံးရှောင်ရှားကြရပါမည်။ ငြိမ်းချမ်းရေးကို ဖွင့်ဆိုမည့်အဓိပ္ပာယ်များ မမှားယွင်းစေလိုတော့ပါ။ ဒီမိုကရေစီကို အနက်ဖွင့်ကြမည့် ဝါကျများ မတိမ်းစောင်းစေလိုတော့ပါ။ 

ကမ္ဘာပေါ်၌ ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများကို ကြည့်လိုက်လျှင် ပြည်တွင်းငြိမ်းချမ်းရေး အားကောင်းလှသည်ကို တွေ့ရပါသည်။ နိုင်ငံတစ်နိုင်ငံသည် အခြားသောကဏ္ဍများတွင် မည်မျှပင်တိုးတက်အောင် ကြိုးစားနေစေကာမူ ပြည်တွင်းငြိမ်းချမ်းမှုမရှိပါက မည်သို့မျှနာလန်မထူ နိုင်ပါပေ။ နိုင်ငံ၏ပုံရိပ်သည်လည်း ကျဆင်းမြဲကျဆင်းနေဦးမည်သာ ဖြစ်ပါသည်။ အဓိက ကတော့ ကျွန်တော်တို့ဟာ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုကို တည်ဆောက်ယူကြဖို့ လိုအပ်လှပါသည်။ အပြန်အလှန်လေးစားမှုများဖြင့် ယုံကြည်မှုများကို တည်ဆောက်ယူကြသင့်ပါသည်။ သံသယ၊ စိုးရိမ်စိတ်တို့ ဖျောက်ကာ ရှေ့ကို ရဲရဲတိုးကြဖို့ လိုအပ်နေခဲ့သည့် အချိန်ကာလလည်း ဖြစ်ပါသည်။ 

လူတိုင်းတွင် ကိုယ်စီ ဘဝ၊ ကိုယ်စီ အသက်၊ ကိုယ်စီ မျှော်လင့်ချက် တွေရှိနေခဲ့ကြသည်ကို သတိချပ်သင့်ပါသည်။ မည်သည့်ကိစ္စကိုပဲဆောင် ရွက်ကြသည်ဖြစ်စေ ဦးစွာပထမ ငြိမ်းချမ်းရေးရှိဖို့က ပထမဖြစ်ပါသည်။ လူတစ်ယောက်ချင်းစီ၌လည်း ကိုယ်စီ စိတ်၏ငြိမ်းချမ်းမှုတို့ ရှိနေဖို့ လိုအပ်လှပါသည်။ ထိုသို့ရှိနိုင်ဖို့အတွက်လည်း မှန်ကန်သည့် အတွေးအခေါ်၊ လုပ်ရပ်၊ အမြော်အမြင်တို့ တည်ရှိနေကြရမည်ပဲ ဖြစ်ပါသည်။ ငြိမ်းချမ်းနေမှသာလျှင် အရာရာကို ရှေ့ဆက်ဆောင်ရွက်၍ ရနိုင်ပါလိမ့်မည်။ 

ပဋိပက္ခတို့ဖြင့် ရှေ့ဆက်ပါက အဆိုးဘက်သို့သာ ဦးတည်နေဦးမည်ပဲ ဖြစ်ပါသည်။ ထို့ကြောင့် လူတစ်ဦးတစ်ယောက်၏ အတွင်းအဇ္ဈတ္တငြိမ်းချမ်းရေးမှသည် မိသားစု၊ ပြည်၊ ရွာ၊ တိုင်းပြည်၊ နိုင်ငံ ငြိမ်းချမ်းရေးအထိ အရောက် ချီတက် လျှောက်လှမ်းကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါတော့သည်။

ဧရာသစ္စာ (ငဖဲ)