News

POST TYPE

OPINION

ဝရမ်းအတည်ပြုခြင်းနှင့် တရားခံထွက်ပြေးခြင်း
01-Oct-2019



မြန်မာနိုင်ငံတွင် ယခုဆယ်စုနှစ်ကာလအတွင်း လူပြောအများဆုံး ဝေါဟာရတစ်ခုမှာ “တရားဥပဒေစိုးမိုးရေး”ဟူသော ဝေါဟာရပင်ဖြစ်ပါသည်။ တရားဥပဒေစိုးမိုးရေးဆိုသည်မှာ တကယ်တော့ တရားဝင်အတည် ဖြစ်လျက်ရှိသော ဥပဒေတစ်ရပ်ကို အားလုံးက လေးစားလိုက်နာ ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။ ဥပဒေဆိုသည်မှာ မည်သည့်အရာများကိုမလုပ်ရ၊ မည်သည့်အရာများ ကိုလုပ် ရမည်ဆိုသည့်စည်းကမ်းသတ်မှတ်ချက်များပါဝင်သော ပြဋ္ဌာန်းချက်ပင်ဖြစ်ပါသည်။ ဥပဒေက မလုပ်ရဟူ၍တားမြစ်ထားသည့်အရာများကို လုပ်ကိုင်ပါက ဥပဒေတွင်ပြဋ္ဌာန်းထားသည့်အတိုင်း အရေးယူဆောင်ရွက်ခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းတို့ကိုခံရမည်ဖြစ်သည်။ ထို့အတူပင် ဥပဒေကလုပ်ရမည်ဟူ၍ ပြဋ္ဌာန်းချက်များကို မလုပ်ဆောင်/ပျက်ကွက် ပါကလည်း အရေးယူခံရမည်ဖြစ်ပါသည်။

ဤနေရာတွင် လူတစ်ဦးတစ်ယောက်က ဥပဒေကိုဖောက်ဖျက်ကျူးလွန်ကြောင်း ရှာဖွေ၊ ဖော်ထုတ်၊ ဖမ်းဆီးရမည့်တာဝန်မှာ သက်ဆိုင်ရာရဲတပ်ဖွဲ့၏ တာဝန်ဖြစ်ပါသည်။ ရဲတပ်ဖွဲ့ကဖမ်းဆီး၍တင်ပြလာသော စွပ်စွဲခံရသူအား စစ်ဆေး၍ အမှန်တကယ်ပြစ်မှုကိုကျူးလွန်ကြောင်း ပေါ်ပေါက်ပါက ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ပြစ်ဒဏ်ချမှတ်ရန်မှာ တရားသူကြီး တို့၏တာဝန်ဖြစ်သည်။ သို့ရာတွင် စွပ်စွဲခံရသူသည် ပြစ်မှုကိုကျူးလွန်ကြောင်း သက်သေခိုင်လုံစွာတင်ပြရန်တာဝန်မှာ တရားစွဲအဖွဲ့အစည်းဖြစ်သည့် ရဲတပ်ဖွဲ့၏တာဝန်ပင်ဖြစ်သည်။

ဤနေရာတွင် ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ/စွပ်စွဲခံရသူကို တရားသူကြီးရှေ့မှောက်သို့အရောက် ခေါ်ဆောင်လာရမည့်တာဝန်မှာ ရဲတပ်ဖွဲ့၏ပခုံးပေါ်တွင်ရှိနေသည်။ သို့ရာတွင် စွပ်စွဲခံရသူအချို့မှာ တရားရုံးရှေ့ တွင်လာရောက်ဖြေရှင်းရန် မဝံ့ရဲကြသဖြင့် လာရောက်ဖမ်းဆီးသောရဲ တပ်ဖွဲ့ဝင်များကို ပြန်လည်၍ခုခံကြသည်။ ထို့ကြောင့် ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များမှာ ဝင်ရောက်လုံးထွေး၍လည်းကောင်း၊ ပစ်ခတ်၍လည်းကောင်း ဖမ်းဆီးကြရပြီး ထွက်ပြေးလွတ်မြောက်ခြင်းမရှိစေရန် လက်ထိတ်ခတ်၍ ဖမ်းဆီးခေါ်ဆောင်ကြသည်။ ထိုအပြင် အချို့သောစွပ်စွဲခံရသူများမှာ ကြိုတင်သတင်းရသဖြင့် ရဲတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးခြင်းမပြုမီ တိမ်းရှောင်ထွက်ပြေးကြသဖြင့် လွတ်မြောက်သွားကြသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့၏ တရားခံဖမ်းဆီးရမည့်လုပ်ငန်းစဉ်သည် သိုသိပ်ရသည်၊ လျှို့ဝှက်ရသည်။ သို့ရာတွင် မိမိတပ်ဖွဲ့များ၏ စိတ်မချရမှုမှဖြစ်စေ၊ အခြားအကြောင်းများကြောင့်ဖြစ်စေ ပြစ်မှုကျူးလွန်သူက ကြိုတင်သိရှိကာ ထွက်ပြေးလွတ် မြောက်သောဖြစ်စဉ်များ မြန်မာနိုင်ငံတွင် ပေါများလာလျက်ရှိသည်။

ထိုသို့ဖြစ်ရသည်မှာ ဖမ်းဆီးရမည့် ရဲတပ်ဖွဲ့ထံမှ သတင်းပေါက်ကြားခြင်းထက် အထက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၏ နှုတ်မစောင့်စည်းမှုများကြောင့် ဖမ်းဆီးမည့်သတင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ကြိုတင်သိရှိပြီး ထွက်ပြေးကြခြင်းဖြစ်သည်။ ဒီမိုကရေစီနိုင်ငံတို့၏ ထုံးဓလေ့အတိုင်း အကြောင်းကိစ္စတစ်ခုပေါ်လာလျှင် သတင်းစာရှင်းလင်းပွဲများပြုလုပ်ကြသည်။ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များက သိလိုသည်များကို မေးမြန်းကြသည်။ ထိုကဲ့သို့မေးမြန်းကြသည့်မေးခွန်းထဲတွင် “ဤကိစ္စ နှင့်ပတ်သက်၍ မည်ကဲ့သို့ အရေးယူဆောင်ရွက်ပါမည်လဲ” ဟူသည့် မေးခွန်းက ပါလေ့ရှိသည်။ ထိုအခါ ပြန်လည်ဖြေကြားသူတို့သည် လိမ္မာပါးနပ်စွာ ပြန်လည်ဖြေကြားရမည့်အစား (မပွင့်လင်းရမည့်နေရာတွင်) ပွင့်လင်းမြင်သာစွာဖြင့် “ကျွန်တော်တို့ ဖမ်းဆီးမလို့ လုပ်နေပါပြီ၊ ကျွန်တော်တို့ ဖမ်းဆီးခိုင်းထားပါတယ်၊ ဘယ်ပုဒ်မနဲ့ တရားစွဲရမလဲဆိုတာ ဥပဒေအကြံ ဉာဏ်တောင်းခံထားပါတယ်” ဆိုသော စကားများဖြင့် ပြန်လည်ဖြေကြားကြသည်။

သည်တော့ သတင်းမီဒီယာတို့ကလည်း သူ့ထက်ငါဦးအောင် ဝမ်းသာအားရ သတင်းဖော်ပြကြသည်။ အဆိုပါသတင်းကို မျက်နှာဖုံးခေါင်းစီးသတင်းအဖြစ် စာလုံးမည်းကြီးများဖြင့် ဖော်ပြလေ့ရှိရာ ပြစ်မှုကျူးလွန် သူ/စွပ်စွဲခံရသူကို “လွတ်အောင်ပြေးပေတော့ဟေ့” ဟူ၍ ငြာသံပေးကာ ပြေးခိုင်းသည်နှင့် အတူတူပင်ဖြစ်တော့သည်။ ပြီးခဲ့သည့်တစ်နှစ်ခန့်ကလည်း မွန်ပြည်နယ်ရှိမြို့နယ်တစ်ခုတွင် အလံတစ်ရာဆရာတော် ဝင်စားသည် ဟုဆိုကာ ဘုန်းကြီးယောင်ယောင်၊ ဘိုးတော်ယောင်ယောင် ပုဂ္ဂိုလ်တစ်ဦးက အမျိုးသမီးငယ်များအား မတော်တရော်လုပ်သည်ဟူ၍ ကျော်စောသတင်းထွက်နေသည်ကို အချိန်မီအရေးယူဆောင်ရွက်ခြင်းမပြုဘဲ ပြည်ထောင်စုဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့ အပြန်အလှန်ပြောဆိုနေကြစဉ်မှာပင် ပျောက်ခြင်းမလှပျောက်သွားခဲ့ရသည်။

တစ်ဖက်ကကြည့်ပြန်လျှင်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနှင့် ထိုကဲ့သို့ဖမ်းဆီးမည်ဟု ပြောလိုက်သည့်အချိန်တွင် ချက်ချင်းသွားရောက် ဖမ်းဆီး၍မရအောင် လုပ်ထုံးလုပ်နည်းများက အဟန့်အတားဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ရဲတပ်ဖွဲ့ဝင်တို့သည် တရားခံတစ်ယောက်ကို သွားရောက်ဖမ်းဆီးရန်အတွက်(ရဲအရေးမပိုင်သောအမှုများတွင်) တရားသူကြီးထံမှ ဖမ်းဝရမ်းဆိုသည်က လိုလာပြန်သည်။ ဤသို့ပြုလုပ်ထားရခြင်းမှာလည်း ရဲတပ်ဖွဲ့ဝင်တို့သည် “လူတစ်ဦးအား မိမိသဘောဖြင့် ဖမ်းချင်သလိုဖမ်း၊ လွှတ်ချင်သလိုလွှတ်” မဖြစ်ရအောင် ကာကွယ်တားဆီးထားခြင်းပင်ဖြစ်သည်။ သို့ရာတွင် ဤကိစ္စကြောင့် တစ်ခါတစ်ရံတွင် အရေးကြီးသောတရားခံများကို ဖမ်းဆီးရမိရန်အရေး နှောင့်နှေးကာ ထွက်ပြေးလွတ်မြောက်ကုန်သည်များရှိပါသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၇၅(၁)တွင် လူဖမ်းဝရမ်းနှင့် ပတ်သက်၍ပြဋ္ဌာန်းထားသည်မှာ “ဤဥပဒေအရ တရားရုံးတစ်ရုံးကထုတ်ဆင့်သော ဝရမ်းတိုင်းကို စာဖြင့်ရေးသား၍ တရားရုံးအကြီးအကဲ အရာရှိကဖြစ်စေ သို့မဟုတ် ယင်းတရားရုံးသည် ခုံရုံးဖြစ်ပါက ယင်းခုံရုံး၏အဖွဲ့ဝင်ကဖြစ်စေ လက်မှတ်ရေးထိုး၍ တရားရုံးတံဆိပ်ခတ်နှိပ်ရမည်”ဟူ၍လည်းကောင်း၊ ပုဒ်မ၇၇ (၁) တွင် “ဖမ်းဝရမ်းအရဆောင်ရွက်ရန် သာမန်အားဖြင့် တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော ရဲအရာရှိများအား ညွှန်ကြားရမည်။ သို့သော် ယင်းဖမ်းဝရမ်းထုတ်ဆင့်သည့် တရားရုံးသည် မိမိဝရမ်းကို ချက်ချင်းအတည်ပြုရန်လိုပြီး၊ မည်သည့်ရဲအရာရှိမျှ ရုတ်တရက် မရရှိနိုင်လျှင် အခြားမည်သူ့ကိုမဆို အတည်ပြုပေးရန် ညွှန်ကြားနိုင်သည်။ ထိုသို့ညွှန်ကြားခံရသူ သို့မဟုတ် ညွှန်ကြားခံရသူများသည် အဆိုပါဖမ်းဝရမ်းကို အတည်ပြုပေးရမည်” ဟူ၍ ပြဋ္ဌာန်းထားပါသည်။

ထို့ကြောင့် ဖမ်းဝရမ်းဆိုသည်မှာ အချိန်မဆိုင်းပဲ ချက်ချင်းအကောင် အထည်ဖော်ရမည့် လုပ်ငန်းတစ်ခုဖြစ်ပြီး အချိန်ဆွဲကာ လုပ်ဆောင်ရမည့် လုပ်ငန်းတစ်ခုမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားပါသည်။ ဤနေရာတွင် ဖမ်းဝရမ်းကိုချက်ချင်းအတည်ပြု(ဖမ်းဆီးခြင်းပြု)ရန်လိုအပ်သလို ဖမ်းဝရမ်းတောင်းခံခြင်းလုပ်ငန်းကိုလည်း အချိန်မဆိုင်းပဲ အချိန်နှင့်တစ်ပြေး ညီဆောင်ရွက်ရန် လိုအပ်ပါသည်။ ယခုတွေ့ရှိရသည်မှာ သက်ဆိုင်ရာ တာဝန်ရှိသူ (အကြီးအကဲ) များက သတင်းစာရှင်းလင်းပွဲတွင်ဖြစ်စေ၊ မီဒီယာများကမေးမြန်း၍ဖြစ်စေ ဖြေကြား/ပြောဆိုပြီးနောက် ရုံးဖွင့်ရက်ရောက်မှ ရုံးချိန်အတွင်းတွင် ဖမ်းဝရမ်းတောင်းခံခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။ ဆိုရလျှင် ရာဇဝတ်မှုကျူးလွန်သူတစ်ဦးကို ကျော်စောသတင်းအရဖြစ်စေ၊ အခြားသောအထောက်အထားများအရဖြစ်စေ ဖမ်းဆီးရန် လုံလောက်သော အချက်အလက်များရှိပါက သက်ဆိုင်ရာတရားသူကြီးထံ ၂၄ နာရီအတွင်း အချိန်မရွေးတောင်းခံ၍ လက်ဦးမှုရယူကာ ဖမ်းဆီးရမည်သာဖြစ်ပါသည်။

ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်သည်ဟု ယူဆရန်အကြောင်းရှိသူ၊ ပြဋ္ဌာန်းထားသောဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းသောအပြုအမူ၊ အပြောအဆို၊ လုပ်ကိုင်ဆောင်ရွက်နေသူကို သက်ဆိုင်ရာတရားရုံးတွင် ဝရမ်းတောင်းခံ၍ ဖမ်းဆီးရမည့်လုပ်ငန်းသည် ရဲတပ်ဖွဲ့၏ပင်မလုပ်ငန်းတာဝန် တစ်ရပ်ပင်ဖြစ်ပါသည်။ အကယ်၍ နိုင်ငံရေးနှင့် ဆက်နွှယ်နေသည့်အတွက် လုပ်ရဲကိုင်ရဲမရှိပါကလည်း မိမိအထက်အဖွဲ့အစည်းထံတင်ပြ၍ မနှေးအမြန် ဆောင်ရွက်ရမည်သာဖြစ်ပါသည်။ ယခုမူ ပြည်ထောင်စုအဆင့်ကို သတင်းထောက်များကမေး၍ ဖြေကြားသည့်အခါမှသာ တရားရုံးဖွင့်ချိန်တွင် ဝရမ်းတောင်း၍ သွားရောက်ရှာဖွေဖမ်းဆီးခြင်းမှာ တရားခံရှောင်ပြေးချိန်ရအောင် တမင်သက်သက် အချိန်ပေးထားသည်နှင့် အလားသဏ္ဌာန်တူ နေပါသည်။ ပြည်ထောင်စုအဆင့်မှ ပုဂ္ဂိုလ်များသည်လည်း လျှို့ဝှက်အပ်သည့်အရာကို လျှို့ဝှက်ခြင်းမပြုဘဲ လူသိထင်ရှားထုတ်ဖော်ပြောကြားခြင်းသည် ကျူးလွန်သူအား ပြေးဖို့အချိန်ရအောင် တောခြောက်သည့်သဘော သက်ရောက်နေပါသည်။

အချုပ်ဆိုရပါလျှင် တရားဥပဒေစိုးမိုးမှု အားနည်းနေသော မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရမည်ဟူ၍ ကြွေးကြော်နေရုံမျှဖြင့် ဘာမှဖြစ်လာမည်မဟုတ်ပါ။ သက်ဆိုင်ရာအဖွဲ့အစည်းအလိုက်၊ ရာထူးအဆင့်အလိုက် ပြည်သူ့ဘဏ္ဍာစား၍ တာဝန်ယူထားသူများသည် တာဝန်ကျေရုံ၊ ဝတ္တရား ကျေရုံမျှသာ လုပ်ကိုင်ဆောင်ရွက်ရုံနေမျှဖြင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးဆိုသည်ကလည်း မည်သည့်အခါမျှ ဖြစ်လာမည် မဟုတ်ပေ။

ထို့ကြောင့် ပြည်ထောင်စုအဆင့်မှ ပုဂ္ဂိုလ်များအနေနှင့် နိုင်ငံတော်အတိုင်းအတာအထိ တရားဥပဒေကို အလေးမထားအတင့်ရဲစွာ ဖောက်ဖျက်ကျူးလွန်သူတို့ကို ပေါ့ပြက်ပြက်သဘောမထားသင့်ပေ။ အများရှေ့တွင် ဖမ်းမည်၊ ဆီးမည်၊ အရေးယူမည်ဟုဆိုကာ လက်သီးလက်မောင်းတန်းပြီးခါမှ ဘာမျှမလုပ်နိုင်လျှင် အစိုးရလုပ်ပြီး အချည်းနှီးသာဖြစ်ပေလိမ့်မည်။ အလားတူပင် တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ တာဝန်ရှိ အဖွဲ့အစည်းများအနေနှင့်လည်း တရားဝင်ဖမ်းဆီးမိန့်မရရှိမီ သတင်းရယူခြင်း၊ စောင့်ကြည့်ခြင်း စသည်အားဖြင့် ကြိုတင်ပြင်ဆင်ထားခြင်းအားဖြင့် အမိန့်ရသည်နှင့် ချက်ချင်းဖမ်းဆီးနိုင်မည် ဖြစ်ပါသည်။

နိုင်ငံတော်ကိုဦးဆောင်နေသော အစိုးရအဖွဲ့အစည်းနှင့် နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတို့သည် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဆိုသကဲ့သို့ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် အမှီသဟဲပြုနေကြရသည်ဖြစ်ရာ စိတ်တူကိုယ်တူ သဘောတူ လုပ်ကိုင်ဆောင်ရွက်ကြမှသာလျှင် တရားဥပဒေစိုးမိုးသောနိုင်ငံတစ်နိုင်ငံ ဖြစ်လာမည် ဖြစ်ပါသည်။

သိန်းထက်အောင်