News

POST TYPE

OPINION

အာဆီယံရဲ့ နောက်ဆုံးတစ်နေရာထဲမှာ
30-Sep-2019



မြန်မာပလာဇာကိုရောက်တိုင်း ဒီအဆောက်အအုံကြီးနဲ့အတူ ဗီယက်နမ်ပိုင်ဆိုတာ အလိုလိုခေါင်းထဲရောက်လာတယ်။ မြန်မာပြည်မှာ ဗီယက်နမ်တွေ လာဆောက်ထားတဲ့ တစ်ခုတည်းသော ခေတ်မီဈေးဝယ်စင်တာနဲ့ လူနေ ရုံးခန်းအဆောက်အအုံ။ ရန်ကုန်မြို့မှာ အသစ်ပေါ်ထွန်းလာတဲ့ အထပ်မြင့်အဆောက်အအုံတွေထဲမှာတော့ မြန်မာပလာဇာလို့ လူသိများတဲ့ ကမ္ဘာအေးဘုရားလမ်းပေါ်က ဒီအထပ်မြင့် အဆောက်အအုံက ပေါ်လွင်ထင်ရှားလှတယ်။ အင်းလျားကန်၊ ဆီဒိုးနားဟိုတယ်နဲ့နီးပြီး နေရာအကွက်အကွင်းကောင်းလို့ ဒီအဆောက်အအုံက ခုဆို ရန်ကုန်ရဲ့ အထင်ကရ Landmark တစ်ခုဖြစ်နေပြီ။ 

ဈေးဝယ်စင်တာနဲ့ ရုံးခန်းပါတဲ့ ပင်မအဆောက်အအုံကြီးက ပြီးခဲ့တဲ့ နှစ်နှစ်ကတည်းက ဖွင့်လှစ်ခဲ့ပြီး နောက်တစ်နှစ်လောက်အကြာမှာ နောက်ထပ်အဆောက်အအုံသစ်က Malia ဟိုတယ်အဖြစ်နဲ့ ပေါ်လာတယ်။ ဒီအဆောက်အအုံတွေကို ပြီးခဲ့တဲ့ ငါးနှစ်ကျော် ခြောက်နှစ်ကတည်းက ဆောက်လုပ်နေခဲ့ကြတယ်။ မျက်စိအောက်မှာတင် တဖြည်းဖြည်းနဲ့ မြင့်တက်လာပြီး ခုတော့ မြန်မာပလာဇာနဲ့ ဟွာဝေးအပါအဝင် ဘဏ်တွေ၊ စီးပွားရေး လုပ်ငန်းတွေရဲ့ ရုံးခန်းတွေ ဖြစ်လာခဲ့ပြီ။ ပလာဇာကြီး စဖွင့်တုန်းကတော့ Vietnan BIDV ဆိုတဲ့ စာလုံးကြီးနဲ့ အဆောက်အအုံခေါင်မိုးမှာ တပ်ထားတော့ ကန့်ကွက်ဝေဖန်တာတွေဖြစ်ခဲ့ပြီး Vietnan စာလုံးဖြုတ်လိုက်ရတယ်။

ဒီအဆောက်အအုံက ဗီယက်နမ်က ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့အဆောက် အအုံလို့ သိရတယ်။ ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးရေးဘဏ် BIDV ရဲ့ အကူအညီနဲ့ ဗီယက်နမ်မှာ အကြီးဆုံးအိမ်ရာဆောက်လုပ်ရေးကုမ္ပဏီ ဟောင်း အန်းဂေလိုင်း HAGL က တည်ဆောက်ခဲ့တာပါ။ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်။ အရင်တုန်းကတော့ ဒီနေရာမှာ အမှတ် (၁) စက်မှုဝန်ကြီးဌာန ရုံးတွေရှိခဲ့ပြီး အဲဒီရုံးတွေကို ဖြိုဖျက်ပြီးဆောက်ခဲ့တာပါ။ မြေတန်ဖိုး ဘယ်လောက်နဲ့ အပေးအယူတည့်ခဲ့တယ်ဆိုတာ မသိရပေမယ့် ဗီယက်နမ်တွေ ကံကောင်းခဲ့တယ်လို့ ဆိုရမယ်။ နေရာကနေရာကောင်း။ 

ဗီယက်နမ်တွေက ဒီမြေကို ယူလိုက်ပြီး မြန်မာပြည်မှာ ပထမဦးဆုံး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာတော့ အံ့အားသင့်ခဲ့ရတယ်။ မနေ့တစ်နေ့ကမှ ဖွံ့ဖြိုးစပြုလာတဲ့ ကိုယ်နဲ့တန်းတူ အာဆီယံနိုင်ငံတစ်ခုက ကိုယ့်နိုင်ငံအထိ ခြေလှမ်းချဲ့လာတာတွေ့ရတော့ အထင်သေးစိတ်တစ်ဝက်နဲ့ မနာလိုဖြစ်ခဲ့ဖူးတယ်။ ဗီယက်နမ်လို ဘာမှမဟုတ်တဲ့နိုင်ငံတစ်ခုက ဒီအထိ ခြေလှမ်းချဲ့လာရသလားပေါ့။ တရုတ်တို့၊ စင်ကာပူတို့၊ ထိုင်းတို့ဆို တစ်မျိုးပေါ့။ 

ကြည့်နေရင်းမှာပဲ မြန်မာပလာဇာက ရုပ်လုံးပေါ်လာတယ်။ ဗီယက်နမ် ကုမ္ပဏီတစ်ခုက ဒီလောက်အထိ လုပ်နိုင်သလား။ ကုမ္ပဏီနောက်ခံမှာ ဘယ်နိုင်ငံတွေ ရှိသလဲ။ HAGL က ဗီယက်နမ် အိမ်ရာဆောက်လုပ်ရေးမှာတော့ နှစ်အနည်းငယ်အတွင်း အအောင်မြင်ဆုံးဖြစ်လာတဲ့ ကုမ္ပဏီတစ်ခုပါ။ 

ပြောချင်တာက ဗီယက်နမ်အကြောင်းပါ။ မြန်မာပလာဇာကို ရောက်တိုင်း စိတ်ထဲမှာ ဗီယက်နမ်အဆောက်အအုံလို့ သိပြီးခံစားမှုဖြစ်မိတယ်။ ဒီပလာဇာက နောက်ထပ်ဖွင့်တဲ့ ရှော့ပင်းစင်တာတွေထဲမှာတော့ နေရာအကျယ်ဆုံး Spacious ဖြစ်တဲ့ စင်တာတစ်ခုပါ။ ဘန်ကောက်တို့၊ စင်ကာပူတို့၊ ကွာလာလမ်ပူတို့က ရှော့ပင်းမောလ်တွေလိုမျိုး ကျယ်ကျယ် ပြန့်ပြန့်လေးရှိတော့ နောက်ထပ် (ဂျန်းရှင်းစီးတီးလို) ရှော့ပင်စင်တာတွေ ပေါ်မလာမီမှာ သူက အကောင်းဆုံးဖြစ်နေတယ်။ 

ဗီယက်နမ်လူမျိုးတွေ ရန်ကုန်လာတဲ့အခါ ဒီပလာဇာကို တကူးတကလာကြတာတွေ့ရသလို ဒီမှာအလုပ်လုပ်နေကြတဲ့ ဗီယက်နမ်ကုမ္ပဏီ ဝန်ထမ်းတွေကိုလည်း တွေ့ရတယ်။ ဒီအဆောက်အအုံ ဆောက်လုပ်နေစဉ်တုန်းကလည်း ဗီယက်နမ်ဆောက်လုပ်ရေး အလုပ်သမားတွေ အများကြီးလာနေကြလို့ အနောက်ရန်ကင်းမှာ ဗီယက်နမ်စာရောင်းတဲ့ဆိုင်တောင် ပေါ်လာခဲ့ဖူးတယ်။ 

မနေ့တစ်နေ့က Malia ဟိုတယ်မှာ ဗီယက်နမ်အမျိုးသားနေ့ အခမ်းအနားကျင်းပတော့ ရောက်သွားခဲ့တယ်။ ပြင်သစ်နယ်ချဲ့တွေကို တော်လှန်ပြီး ဗီယက်နမ်လွတ်လပ်ရေးရယူခဲ့တဲ့ (၇၄) နှစ်မြောက် အခမ်းအနားမှာ ဗီယက်နမ်တွေက သူတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်နေပုံတွေကို ဗီဒီယိုမှတ်တမ်းတွေနဲ့ ပြသခဲ့တယ်။ အင်မတန်ဆင်းရဲခဲ့ပြီး စစ်ဘေးဒဏ် သင့်ခဲ့ရတဲ့ ဗီယက်နမ်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း အဘက်ဘက်က ပြောင်းလဲသွားပြီး လူနေမှုအဆင့်မြင့်လာခဲ့တယ်။ ခု ဗီယက်နမ်တွေကို ကြည့်ရတာ သူဌေးပေါက်စလေးတွေလို တက်တက်ကြွကြွ သွက်သွက်လက်လက်နဲ့။ 

ကိုယ်တွေအဖို့ ဗီယက်နမ်ကို အထင်မကြီးနိုင်ဘူး။ အထင်ကြီးလို့ မရခဲ့ဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်တုန်းကအထိ ဗီယက်နမ်က အာဆီယံမှာ ကိုယ်တွေနဲ့မခြား ခပ်နိမ့်နိမ့် နုံချာချာအဆင့်ပဲ ရှိသေးတယ်။ ကွန်မြူနစ်နိုင်ငံဆိုတော့ လူတွေရဲ့ ဝတ်စားဆင်ယင်ပုံကအစ ခေတ်မမီ၊ ဖက်ရှင်မကျ၊ ဒီဇိုင်းတွေအောက်နေတယ်။ ၂၀၀၀ ပြည့်နှစ်တုန်းက ဟနွိုင်းမြို့ကိုရောက်တော့ ဒေဝူးဟိုတယ်တစ်ခုပဲ အထပ်နှစ်ဆယ်ကျော်မြင့်တဲ့အဆောက်အအုံရှိတယ်။ လမ်းတွေကကျဉ်းပြီး တိုက်အိမ်သေးသေးလေး ပုပုလေးတွေပဲ ရှိတယ်။ ရန်ကုန်လို မော်တော်ကားတွေ အများကြီး မရှိဘူး။ 

စက်ဘီးနဲ့ မော်တော်ဆိုင်ကယ်ကတော့ လမ်းပေါ်မှာ အပြည့်။ ဟိုတုန်းက ဗီယက်နမ်တွေ စက်ဘီးတွေ စီးနေကြတုန်းပဲ။ မီးပွိုင့်မိလို့ လမ်းကူးဖို့ စောင့်နေကြတဲ့ စက်ဘီးတွေက ရာချီတယ်။ မန္တလေးကို သတိရစရာကောင်းတယ်။ ဟိုတုန်းက မန္တလေးမှာလည်း စက်ဘီးတွေ အဲဒီလိုပဲ ရထားသံလမ်းကူးဖို့ စောင့်နေတာတွေ့ဖူးတယ်။ သစ်ပင်ကြီးတွေအုံ့ဆိုင်း နေတဲ့လမ်းမတွေဟာ အညာမြို့ကြီးတစ်မြို့နဲ့ တူနေတယ်။ ခုတော့ ဟနွိုင်းက တော်တော်လေး ပြောင်းလဲသွားပြီ။ 

ဗီယက်နမ်အမျိုးသားနေ့မှာ သူတို့ရဲ့အောင်မြင်မှုတွေ၊ ဖွံ့ဖြိုးတိုး တက်မှုတွေကိုပြသရာမှာ ခေတ်မီ ဘိုးရင်းလေယာဉ်ကြီးတွေ ရာချီပိုင်ဆိုင်တဲ့ ဗီယက်နမ်လေကြောင်းလိုင်း၊ ဗီယက်ဂျက်လေကြောင်းလိုင်း၊ ဗီယက်နမ်က အခု စထုတ်နေပြီဖြစ်တဲ့ မိုဘိုင်းလ်ဖုန်း၊ ဆောက်လုပ်ရေး၊ လျှပ်စစ်ပစ္စည်း၊ မော်တော်ကားထုတ်လုပ်မှု ကဏ္ဍမျိုးစုံကို ပြသသွားခဲ့တယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံကိုလာရောက်ပြီး လုပ်ကိုင်နေတဲ့ ရင်းနှီးမြှုပ်နှံမှု တွေကိုပြသရာမှာတော့ HAGL ရဲ့ အိမ်ရာဆောက်လုပ်မှု၊ Mytel ဆက် သွယ်ရေးအော်ပရေတာလုပ်ငန်းမှာ ပူးပေါင်းပါဝင်မှုတွေကို ဂုဏ်ယူပြီး ပြသသွားတာ တွေ့ရတယ်။ ဗီယက်နမ်က ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်မှာ အားယူနေပြီဆိုတာ တွေ့လိုက်ရတယ်။ 

ဗီယက်နမ်လို စစ်ဘေးသင့်နိုင်ငံတစ်ခုက ခုလို ဖွံ့ဖြိုးတိုးတက်လာတာ မြင်ရတော့ ကိုယ့်နိုင်ငံအတွက် အားငယ်မိတယ်။ ကိုယ်ညံ့တဲ့အကြောင်း ပြောရတာမကောင်းပေမယ့် အရှိတရားက အာဆီယံမှာ အဘက်ဘက်က အနိမ့်ဆုံးဖြစ်နေတယ်။ ကျန်းမာရေးစောင့်ရှောက်မှုမှာ ကြည့်မလား၊ တစ်ဦးချင်းဝင်ငွေမှာကြည့်မလား၊ ပျမ်းမျှ လူ့သက်တမ်းကိုကြည့်မလား၊ ပညာရေးမှာ ကြည့်မလား။ မြန်မာက အနိမ့်ဆုံးမှာ။ ရာဇဝတ်မှု၊ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှုတွေမှာကျတော့ ထိပ်ဆုံးက။ အားကစားဆိုလည်း အာဆီယံမှာ အနိမ့်ဆုံးအဆင့်မှာ။ ကိုယ့်အောက်မှာ ဘရူနိုင်းတို့၊ ကမ္ဘော ဒီးယားတို့၊ တီမောတို့လောက်ပဲ ရှိတော့တယ်။ 

ဗီယက်နမ်အကြောင်းပြောရင် ၁၉၉၅ ဇင်းမယ် ဆီးဂိမ်းမှာ ဂိုးသမား အောင်ကျော်ကျော် ဗီယက်နမ်ဂိုးသမားကို ခြေထောက်နဲ့ကန်လို့ အနီကတ်နဲ့ ထုတ်ခံရပြီး ဗီယက်နမ်ကို ပယ်နယ်တီနဲ့ ရှုံးပြီးသွားကတည်းက မြန်မာဘောလုံးအသင်း နာလန်မထူတော့ပေမယ့် ဗီယက်နမ်ကတော့ အဲဒီအချိန်ကတည်းက မြန်မာကိုကျော်တက်သွားတာ ဒီနေ့အထိပဲ။ အားကစားကို ကြည့်ရင်လည်း ၂၀၀၃ ဗီယက်နမ်ဆီးဂိမ်းမှာ ဆုတံဆိပ်တွေ အများကြီးနဲ့ ပထမနေရာကို ရယူပြီးနောက်ပိုင်း ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားတို့ဟာ ပြိုင်ပွဲတိုင်း ထိပ်ဆုံးနေရာတွေမှာပဲ ရပ်တည်နေခဲ့ကြတယ်။ မြန်မာကတော့ အိမ်ရှင်လုပ်တဲ့ ၂၀၁၃ ဆီးဂိမ်းမှာ လုပ်ယူထားတဲ့ ဆုတံဆိပ်တွေနဲ့ ဒုတိယနေရာက ရရှိခဲ့တာကလွဲရင် နောက်နှစ်တွေမှာ ဒုံရင်းဒုံရင်း ရွှေတံဆိပ်သုံးလေးခုနဲ့ အောက်နားမှာပဲ ဆက်ရပ်နေခဲ့တယ်။ 

ကိုယ့်နိုင်ငံက အစစအရာ ရွှေထီးဆောင်းတဲ့ခေတ် မရှိခဲ့ဘူးလားဆိုတော့ လွတ်လပ်ရေးရပြီး ဆယ်နှစ်ကျော်၊ ဆယ့်ငါးနှစ်လောက်အထိတော့ အာဆီယံမှာ နံပါတ်တစ်ဖြစ်ခဲ့တာတွေ ရှိတယ်။ တစ်လောက တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း မြန်မာပြည်လာတော့ မြန်မာပြည်ရဲ့ ကျေးဇူးကို ကိုရီးယားပြည်သူတွေ မမေ့ဘူးလို့ ပြောသွားတယ်။ ၁၉၅၀ ပြည့်လွန်နှစ်များက ကိုရီးယားစစ်ပွဲအပြီးမှာ ဒုက္ခကြုံနေရတဲ့ ကိုရီယားပြည်သူတွေအတွက် မြန်မာနိုင်ငံက ဆန်တွေလှူခဲ့တာကို မမေ့ဘူးလို့ ပြောသွားတယ်။ ဂျပန်ကိုလည်း မြန်မာက ဆန်တွေ လှူခဲ့ဖူးတယ်။ အင်မတန်ဆင်းရဲတဲ့ လာအို ဆိုရင် မြန်မာကဆန်တွေ၊ ဆားတွေ လှူနေကျပဲ။ အားကစားဘက်ကို ကြည့်လိုက်ရင်လည်း ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ မြန်မာဘောလုံးအသင်းက အာရှထိပ်တန်းအသင်းတစ်သင်းဖြစ်ခဲ့သလို အာဆီယံနိုင်ငံတိုင်းက ကြောက်ရွံ့ခဲ့ကြတယ်။ နိုင်ငံဟာ လေးစားကြည်ညိုခံရတဲ့ အခြေအနေတစ်ခုမှာ ရှိခဲ့တယ်။ 

လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်က ထိုင်းနိုင်ငံသင်တန်းတစ်ခုမှာ ဆုံခဲ့ဖူးတဲ့ လာအိုနိုင်ငံက မိတ်ဆွေတစ်ဦး ပြောတာကို အမှတ်ရမိတယ်။ ခုလို မဖွံ့ဖြိုးသေးတဲ့ ကွန်မြူနစ် လာအိုနိုင်ငံက ပညာသင်တချို့ဟာ ဆိုဗီယက်မော်စကို ကိုသွားဖို့ ရန်ကုန်မြို့ကိုလာပြီး လေယာဉ်ပြောင်းစီးကြရသတဲ့။ ဆိုဗီယက် အေရိုဖလုတ်လေကြောင်းက တစ်ချိန်တုန်းက ရန်ကုန်နဲ့ မော်စကို ပျံသန်းခဲ့ဖူးတယ်။ ခုတော့ ကိုယ်တွေ ဥရောပ၊ အမေရိကသွားဖို့ ဘန်ကောက်၊ စင်ကာပူက လေယာဉ်ပြောင်းစီးရသလိုပဲ ဖြစ်မှာပါ။ 

ပြောချင်တာက အာဆီယံမှာ ကိုယ်တွေ ကျန်နေခဲ့တဲ့အကြောင်းနဲ့ ကိုယ့်နောက်မှ စစ်ဘေးဒဏ်အကြီးအကျယ်ခံခဲ့ရတဲ့ နိုင်ငံတချို့ ဖြတ်ကျော်သွားတဲ့ အကြောင်းပါ။ ဒီထဲမှာ ဗီယက်နမ်ကတော့ အံ့အားသင့်စရာ အကောင်းဆုံးပါ...။

ချစ်ဝင်းမောင် (၂၈ - ၉ -၂၀၁၉)