News

POST TYPE

OPINION

သမိုင်းဆိုတာ အသံကျယ်ကျယ်နဲ့ အဖတ်ခံနိုင်ရမယ်
30-Sep-2019


လူတိုင်းမှာ အတိတ်ဆိုတာ ရှိတတ်ကြပါတယ်။ အဲဒီအတိတ်ထဲမှာ ကောင်းတာတွေကော၊ ဆိုးတာတွေပါ ရောပြွမ်းနေပါတယ်။ အဲဒါတွေကြောင့် အချို့က အတိတ်ဆိုတာကို ပြည်ဖုံးကားချချင်ကြတယ်။ တချို့ကျတော့ အတိတ်ကကောင်းတာတွေကို ပြန်လွမ်းတတ်ကြတယ်။ ပျောက်ပျက်သွားမှာစိုးလို့ မကြာမကြာ တူးဖော်ကြတယ်။ အတိတ်ဆိုးတွေကို ချေဖျက်သိုဝှက်ချင်သူတွေကတော့ အတိတ်ဆိုတာကြီးကို ကိုယ်နဲ့ မဆိုင်သလို ဘာမှ မပြတ်ခဲ့ဖူးသလို ဖြစ်ချင်ကြပြန်တယ်။ ဒါကြောင့် အတိတ်ကို ဖျောက်ဖျက် ဖို့ကြိုးစားတတ်ကြပါတယ်။ ဖျောက်ဖျက်ဖို့ကြိုးစားတဲ့အခါမှာလည်း တရားတဲ့နည်းလမ်းနဲ့ကော မတရားတဲ့နည်းလမ်းတွေကိုပါ သုံးကြပြန်တယ်။ အများအားဖြင့်တော့ မတရားတဲ့နည်းလမ်းတွေကိုသာ အသုံးပြုကြတာ များပါတယ်။ 

ပိုက်ဆံရှိတဲ့သူက သူ့မှာရှိတဲ့ငွေကြေးတွေနဲ့ ဖျောက်ဖျက်ဖို့ကြိုးစားကြသလို အာဏာရှိသူတွေကလည်း သူရတဲ့အာဏာနဲ့ ဥပဒေတွေအမျိုးမျိုး ထုတ်ကာ ဖျောက်ဖျက်ဖို့ ကြိုးစားပြန်တယ်။ သူတို့ကတော့ သူတို့ရဲ့စိတ် ထဲမှာ မလုံခြုံတဲ့ စိုးရွံ့မှုတွေကို ဖုံးကွယ်ဖို့ လုပ်နေကြတာပါပဲ။ ဒါပေမဲ့ လူဆိုတာ ပတ်ဝန်းကျင်နဲ့နေထိုင်ရသူတွေ ဖြစ်ကြပါတယ်။ လူ့သတင်း လူချင်းဆောင် ဆိုသလို တစ်ချိန်က ပြုပြီးတဲ့ သူ့ရဲ့အကြောင်းတွေဟာ သမိုင်းဆိုတာ အတည် ဖြစ်သွားပါတယ်။ သူတို့ဘယ်လောက်ပဲလုပ်နေပါစေ သမိုင်းကိုတော့ ပြောင်းလဲဖို့ ဒီနေ့လို အိုင်တီခေတ်မှာ ပိုလို့တောင် ခက်ခဲသွားပါပြီ။ အခုခေတ် ဆိုရှယ်မီဒီယာတွေက ဘယ်လောက်လုံခြုံအောင် လုပ်ပေမယ့် လုံခြုံအောင်လုပ်ထားလို့ မရပါဘူး။ ပြီးတော့ ဒီခေတ်လူတွေက မအကြတော့ပါဘူး။ ကြောက်နေကြရတဲ့အဆင့်မှာ ပြောခွင့်မသာလို့သာ ကြောက်သလို နေထိုင်ရသူတွေသာဖြစ်ပါတယ်။ 

လူဆိုတာ ပုထုဇဉ်တွေဖြစ်ကြတာမို့ သိစိတ်နဲ့ပဲလုပ်မိလုပ်မိ၊ မသိစိတ် နဲ့ပဲလုပ်မိလုပ်မိ ဘာအကြောင်းနဲ့ပဲလုပ်မိမိ လုပ်မိတဲ့အလုပ်တွေက အနာဂတ်အတွက် ခြောက်လှန့်စရာ ကြုံတွေ့ရမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း လူသားတစ်ယောက်ဖြစ်တဲ့အတွက်အတိတ်မှာ မှားခဲ့မိတဲ့ အမှားတွေလည်း ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီအမှားတွေကို ဖုံးဖိထားတာကိုတော့ လိုလားသူ မဟုတ်ပါဘူး။ အဲဒီထက်ကောင်းတဲ့အရာကို လုပ်ပါတယ်။ အမှားတွေထဲက သင်ခန်းစာယူပြီး အနာဂတ်ကို ကောင်းအောင်နေထိုင်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ပြီးတော့ အတိတ်က မှားခဲ့တဲ့ အမှားတွေအတွက် အနာဂတ်မှာ ပိုကောင်းအောင်နေမယ်လို့လည်း ဆုံးဖြတ်ထားပါတယ်။ 

တကယ်ဆိုရင် အတိတ်ကဖြစ်ရပ်ဆိုးတွေကို လက်မခံနိုင်ဘဲ ကြောက်ရွံ့ပြီး မရရအောင် သိုဝှက်နေခြင်းဟာ ကိုယ့်ရဲ့လိပ်ပြာကို လုံခြုံစေမှာမဟုတ်သလို အမှားတွေသာ ဆက်တိုက်ဖြစ်ပေါ်စေမှာလည်း ဖြစ်ပါတယ်။ တချို့ဆိုရင် ပြစ်မှုလေးတစ်ခုလုပ်မိရင်းက အဲဒီအမှုကိုမပေါ်အောင် နောက်ထပ် ပြစ်မှုတွေ တစ်ခုပြီးတစ်ခု လုပ်နေကြတာတွေလည်း အများအပြားရှိနေ ကြပါသေးတယ်။ ဒီလူတွေဟာ မိအေးနှစ်ခါနာရသူတွေသာ ဖြစ်ကြပါတယ်။ ဖြစ်သင့်တာက ပကတိသဘောတရားတွေကို လက်ခံတတ်ဖို့သာ လိုအပ်တာပါ။ မြန်မာလူမျိုးတွေရဲ့စိတ်က အလွယ်တကူ သည်းခံခွင့်လွှတ်တတ်ပါတယ်။ ရန်သူပင်ဖြစ်နေပါစေ သနားခွင့်လွှတ်တတ်ကြပါတယ်။ ဂျပန်တွေ စစ်ရှုံးတော့ မြန်မာ့မြေပေါ်က ဆုတ်ခွာချိန်မှာ အင်္ဂလိပ်တွေ သတ်ဖြတ်တာတွေ မခံရအောင် ဖုံးဖိကွယ်ဝှက်ပေးထားတတ်ကြတဲ့ သာဓကတွေဟာလည်း အထင်အရှားရှိနေပါတယ်။

နောက်တစ်ခုက ကျွန်တော်တို့သိခဲ့တဲ့ သဲအင်းဂူဆရာတော်ဘုရား ကြီးဟာ တစ်ချိန်က လူဆိုးကြီးတစ်ဦးသာဖြစ်ပြီး နောက်ပိုင်းမှာ ကောင်းမှုအလုပ်တွေလုပ်ရင်း လူတိုင်းလေးစားကြည်ညိုရတဲ့ ဆရာတော်ကြီး ဖြစ်လာတဲ့ သာဓကတွေလည်း ရှိနေပါသေးတယ်။ အတိတ်ရဲ့ ဆိုးကွက်တွေကို ပစ္စုပ္ပန်ကောင်းကွက်တွေနဲ့ ချေဖျက်လို့ရပါတယ်။ ပြီးတော့ လောက ထဲမှာ ဘယ်အရာမှ မတည်မြဲသလို အမုန်းတရားတွေဟာလည်း မတည်မြဲ တဲ့အထဲပါဝင်ပါတယ်။ ဒါကြောင့် အတိတ်ရဲ့ ဖြစ်ရပ်တွေကို အလွန်အမင်း ထိတ်လန့်နေဖို့၊ ကြောက်ရွံ့နေဖို့မလိုပါဘူး။ သိုဝှက်နေဖို့လည်း မလိုပါဘူး။ အရှိကို အရှိအတိုင်းလက်ခံပြီး အချိန်မီပြုပြင်ဖို့သာလိုတာပါ။ ပြုပြင်တယ် ဆိုတာ အချိန်နှောင်းသွားတယ် နောက်ကျသွားတယ်ဆိုတာ မရှိပါဘူး။အမှားကို ပြုပြင်တဲ့သူတွေကို လူတိုင်းက လက်ကမ်းကြိုဆိုနေကြမှာပါ။ 

ဆရာကြီးဦးအောင်သင်း ပြောတဲ့စကားလိုပါပဲ ကိုယ်ဟာ အသံ မကောင်းလို့ အဆိုတော်မဖြစ်နိုင်ရင် အနည်းဆုံး သီချင်းရေးသမားကောင်း တစ်ယောက်ဖြစ်အောင် လုပ်လို့ရပါတယ်။ စန္ဒရားဆရာကောင်းတစ်ယောက် တော့ လုပ်ဖို့ အခွင့်အရေး အပြည့်ရှိပါတယ်တဲ့။ ဆရာက လူငယ်တွေအတွက် အဓိကထားပြီးပြောတာဖြစ်ပေမယ့် ကျွန်တော်ကတော့ အမှားလုပ်ပြီး ဖုံးဖိဖို့ကြိုးစားနေကြသူတွေကို ပြောလိုတာပါ။ ကိုယ်တွေဟာ အတိတ်က လုပ်ခဲ့တဲ့အမှားတွေကို အရှိအတိုင်းလက်ခံဖို့ အရေးကြီးပါတယ်။ အရှိ အတိုင်းလက်ခံမှ အဲဒီအမှားတွေအတွက် ဘယ်လိုပေးဆပ်ရမယ်ဆိုတဲ့ အဖြေ ထွက်လာမှာဖြစ်ပါတယ်။ 

မြန်မာပြည်မှာ ပြည်သူတွေ အဆင်ပြေအောင် လုပ်ဆောင်ပေးရမယ့်အရာ တွေ အများကြီးရှိနေကြပါသေးတယ်။ ကျန်းမာရေးအတွက်လုပ်မလား၊ ပညာရေးအတွက်လုပ်မလား၊ သဘာဝဘေးအန္တရာယ်တွေ ခံစားနေရတဲ့ ပရဟိတအလုပ်တွေပဲလုပ်မလား လုပ်မယ်ဆိုရင် လုပ်လို့ရတဲ့အလုပ်တွေ အများကြီးရှိပါတယ်။ အဲဒီအလုပ်တွေကိုလုပ်ရင်းနဲ့ အများရဲ့ချစ်ခင်လေးစားမှုတွေ ရယူနိုင်ပါတယ်။ အလွန်ဆိုးခဲ့ပြီး လူတိုင်းရဲ့ချဉ်ဖတ်ဖြစ်ခဲ့တဲ့ အင်္ဂုလိမာလဆိုတဲ့ လူဆိုးကြီးတောင် အင်္ဂုလိမာလသုတ်နဲ့ မီးမဖွားနိုင်တဲ့ အမျိုးသမီးတွေကိုကူညီရင်း ပြည်သူတွေရဲ့မေတ္တာကိုရခဲ့တဲ့ သာဓကလည်း ရှိနေပါတယ်။ အမှားကို ပြုပြင်ပြီး အမှန်မြင်ပြီး ကောင်းမှုလုပ်သူတွေကို လူတိုင်းက နွေးနွေးထွေးထွေး လက်ကမ်းကြိုဆိုမြဲပါ။ 

ပြည်သူတွေအနေနဲ့ကလည်း အမှားသိမြင်ပြီး အမှန်မြင်ကာ အကောင်းဘက်ကိုပြုပြင်သူကို လက်ကမ်းကြိုဖို့ အရေးကြီးပါတယ်။ အမှားပြုသူရဲ့ စိတ်ထဲမှာ သူ့ရဲ့ အတိတ်ကအမှားတွေကို ပူပန်တွေးတောချင်စိတ်တွေ မြူမှုန်လောက်တောင် မဖြစ်ပေါ်စေတဲ့အထိ အကောင်းမွန် အနွေးထွေးဆုံး ဆက်ဆံပေးဖို့ လိုအပ်ပါတယ်။ ဒီနေ့ခေတ်ကြီးက ပူးပေါင်းဆောင်ရွက်ခြင်းကသာ အောင်မြင်မှုတွေဆီကိုရောက်စေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မြန်မာပြည်မှာ ဒီမိုကရေစီစနစ်ကို အောင်မြင်အောင် လုပ်ဆောင်နေချိန်မှာ လုပ်စရာအလုပ်တွေ လုပ်ဖြစ်ဖို့ ပြုပြင်စရာရှိတဲ့အရာတွေ အများကြီးရှိနေပါတယ်။ အဲဒီအထဲမှာ အခြေခံဥပဒေပြင်ဆင်ရေး ဆိုတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီအခြေခံဥပဒေကို ပြင်ဆင်နိုင်မှလည်း လျှောက်လှမ်းနေဆဲ ကြုံတွေ့နေရတဲ့ အဟန့်အတားတွေကို အမြန်ဆုံး ကျော်လွှားနိုင်မှာလည်း ဖြစ်ပါတယ်။ 

တကယ်ဆိုရင် သဘောထားမတူညီလို့ ပူးပေါင်းလို့မဖြစ်ဘူးဆိုတဲ့ အတွေးတွေကို ဖျောက်ဖျက်ပစ်ဖို့အချိန်ရောက်ပါပြီ။ အတွေးအခေါ် မတူညီတဲ့သူတွေဆီမှာလည်း ကိုယ်မတွေးတတ်တဲ့ မတွေးခေါ်နိုင်တဲ့ အတွေးအခေါ်ကောင်းတွေ အရည်အချင်းကောင်းတွေ ရှိနေနိုင်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိမယ်ဆိုရင် မာနတွေ၊ ကြောက်ရွံ့မှုတွေကို ခဏသိမ်းထားဖို့ မေ့ထားဖို့လိုအပ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတွက် တရား သဘောနဲ့ကြည့်ရင်လည်း ပိုင်ဆိုင်ခွင့်ရတဲ့ လူ့သက်တမ်းတိုလေးအတွင်းမှာ ကောင်းတာလုပ်ပြီး သမိုင်းလှအောင်ဖန်တီးဖို့လိုသလိုလူသားတစ် ယောက်မနေနဲ့ကြည့်မယ်ဆိုရင်လည်း လုပ်သင့်တဲ့ လူသားဆန်တဲ့အလုပ်တွေ လုပ်ဖြစ်ဖို့ အရေးကြီးပါသေးတယ်။ လူဖြစ်ပြီး လူတစ်ယောက်အနေနဲ့ လုပ်သင့်တဲ့အလုပ်တွေကို လုပ်မှလည်း လူပီသသူလို့ခေါ်နိုင်တာဖြစ်ပါတယ်။ 

တကယ်တော့ ကိုယ်ထမင်းစားဖို့ ကိုယ်လုပ်တာလောက်က ကိုယ့်အလုပ် မဟုတ်ပါဘူး။ ကိုယ့်ဝန်းကျင်သာယာတိုးတက်ဖို့ဆိုတာမျိုးကမှ ကိုယ့်အလုပ်ဖြစ်ပါတယ်။ ကိုယ်နေတဲ့ပတ်ဝန်းကျင်သာယာဖို့၊ လှပဖို့၊ စိမ်းလန်းဖို့၊ ဖွံ့ဖြိုးဖို့၊ ငြိမ်းချမ်းဖို့နဲ့ တရားမျှတဖို့နဲ့ လောကပါလတရားတွေ ထွန်းကားအောင် လုပ်ကြရမှာက ကိုယ့်အလုပ်ဖြစ်ပါတယ်။ ပြီးတော့ အမှန်တရားအပေါ် ခိုင်ခိုင်မတ်မတ် ရပ်နိုင်ဖို့က ကိုယ့်အလုပ်ဖြစ်တယ်။ ဒါကြောင့် ကိုယ်ယူထားရတဲ့ ရွေးချယ်ထားတဲ့ တာဝန်နဲ့ပတ်သက်ပြီး ကျေပွန်အောင်မြင်စေဖို့ အားထုတ်ဖို့ အထူးအရေးကြီးပါသေးတယ်။ အတိတ်ကပြုပြီးခဲ့တဲ့ အကြောက်တရားတွေကြောင့်တော့ဖြင့် ကိုယ်နေထိုင်ရာနိုင်ငံနဲ့ လူမျိုးတွေ အပေါ်မှာ ကိုယ်ကိုယ်တိုင်က သစ္စာမဖောက်မိဖို့သာ အရေးကြီးတာပါ။ အနှစ်ချုပ်ပြောရရင် ဆရာကောင်းဇံ ပြောသလို လူတိုင်းမှာ ဇာတ်လမ်း ကိုယ်စီရှိကြတယ်။ 

သို့သော်... ဘယ်သူမှ ကျယ်လောင်စွာ အော်မဖတ်ကြဘူးတဲ့။ အဲလိုပဲ လူတိုင်းမှာ အတိတ်ရဲ့ ဇာတ်လမ်းဆိုတာ ကိုယ်စီရှိကြပါတယ်။ အဲဒီအတိတ်ရဲ့ ဇာတ်လမ်းတွေကို ကိုယ်တိုင်ကတော့ အော်မဖတ်ကြပါဘူး။ ဒါပေမဲ့ သမိုင်းက လူတွေကတော့ ကိုယ့်ဇာတ်လမ်းကို ဖတ်ကြမှာပါ။ အဲဒီလိုဖတ်တဲ့အခါ ကျယ်လောင်တဲ့အသံတွေနဲ့ အဖတ်ခံနိုင်တဲ့ လှပတဲ့ဇာတ်လမ်းတွေဖြစ်စေဖို့ လုပ်ဆောင်သင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

မောင်မြင့်ဝင်း