News

POST TYPE

OPINION

ဂရီတာသန်းဘတ်ပြောပြတဲ့ လူသားတွေရဲ့ ဘုံအကျိုးစီးပွား (Daily, Vol-7/No-146)
28-Sep-2019

မကြာသေးခင် ရက်ပိုင်းက ဂရီတာသန်းဘတ်ဆိုတဲ့ ဆွီဒင်ကျောင်းသူလေးတစ်ဦးရဲ့ ဦးဆောင်လှုံ့ဆော်မှုကြောင့် ကမ္ဘာ့နိုင်ငံအတော်များများမှာ လူသန်းပေါင်းများစွာ ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်ပြီး ချီတက်ဆန္ဒပြပွဲကြီးတွေ တစ်ပြိုင်နက်တည်းလုပ်ခဲ့တာကို တအံ့တဩတွေ့ခဲ့ရပါတယ်။

ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတု ပြောင်းလဲဖောက်ပြန်တဲ့ကိစ္စအပေါ် ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်ခြင်းမရှိဘူးလို့ အဲဒီကျောင်းသူလေး ဂရီတာသန်းဘတ်က ပြစ်တင်ဝေဖန်ပြီး နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ချီတက်ဆန္ဒပြမှုတွေကို ဦးဆောင်ဖန်တီးနိုင်တာဟာ တကယ့်ကို ထူးထူးခြားခြားဖြစ်ရပ်တစ်ခုပါပဲ။

၁၆ နှစ်အရွယ် မိန်းကလေးငယ်လေးရဲ့ ဦးဆောင်မှုနဲ့အတူ ကမ္ဘာ့လူသားတွေဟာ သဘာဝပတ်ဝန်းကျင် အသိစိတ်တွေ နိုးကြားရုံသာမက ရာသီဥတုပြောင်းလဲဖောက်ပြန်မှုအတွက် နိုင်ငံခေါင်းဆောင်တွေအနေနဲ့ မူဝါဒကောင်းတွေ ဖော်ထုတ်နိုင်အောင် တစ်ပြိုင်နက်တည်းတွန်းအားပေးကြတာဟာ ကမ္ဘာမြေကြီး အကျိုးစီးပွားအတွက် အင်မတန် အရေးကြီးတဲ့လုပ်ရပ်လို့ပဲ ပြောရမှာပါ။

ကမ္ဘာ့နိုင်ငံတွေအကြား၊ လူသားတွေအကြား ဘယ်လိုပဲ မတူကွဲပြားတာတွေ ရှိကြသည်ဖြစ်စေ တူညီတဲ့အကျိုးစီးပွားဆိုတာရှိစမြဲပါ။ အဲဒါကတော့ လေ သန့်သန့်လေးရှူ၊ နေသန့်သန့်လေးလှုံပြီး သဘာဝဘေးအန္တရာယ်ဆိုးကြီးတွေ၊ ရာသီဥတု ဖောက်ပြန်မှုတွေနဲ့ကင်းဝေးတဲ့ မြေကြီးပေါ်မှာ ရပ်တည်နေထိုင်ချင်ကြတာပဲဖြစ်ပါလိမ့်မယ်။

အဲဒီအချက်ကို ဂရီတာသန်းဘတ်ဆိုတဲ့ ဆွီဒင်ကျောင်းသူလေးတစ်ဦးလေးလည်း နှလုံးသားနဲ့ရော ဦးနှောက်နဲ့ပါ နားလည်သိရှိခဲ့လို့ ယခုလိုလှုပ်ရှားမှုကြီးကို အမှတ်မထင် ဦးဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဂရီတာသန်းဘတ်ဟာ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးပီပီ စိတ်လည်းရှင်း၊ နိုင်ငံရေးအရောင်အသွေးလည်းကင်းကင်းနဲ့ ဒီလှုပ်ရှားမှုကြီးမှာ တက်တက်ကြွကြွ ပါဝင်နေတာကို ဗီဒီယိုဖိုင်တွေကနေတစ်ဆင့် တွေ့မြင်ရပါတယ်။

ကုလသမဂ္ဂကိုရောက်လာတဲ့ သမ္မတထရမ့်ကို နောက်ကနေ ဘုကြည့်ကြည့်နေတဲ့ ဂရီတာသန်းဘတ်ကို မြင်ရတဲ့ဗီဒီယိုဖိုင်ဟာ အတော့်ကို Like ရခဲ့ပါတယ်။ နောက်ပြီး သူ့ရဲ့စကားကလည်း တကယ့်ကို ကြောက်ခမန်းလိလိပါပဲ။

“လူတွေက ဒုက္ခတွေ ပင်လယ်ဝေအောင် ခံစားနေကြရပြီး ကမ္ဘာ့ဂေဟစနစ်ကြီး တစ်ခုလုံး ပြိုလဲနေတဲ့အချိန်၊ လူသားတွေ အစုလိုက်အပြုံလိုက် မျိုးသုဉ်းပျောက်ကွယ်မယ့် ဖြစ်စဉ်ကြီး စတင်နေချိန်မှာ ရှင်တို့က ပိုက်ဆံအကြောင်း ပြောနေမှာလား၊ ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ အိပ်ရာဝင်ပုံပြင်တွေ ပြောမှာလား။ လုပ်ရက်ပြောရက်လိုက်ကြတာ”။

ဟုတ်ပါတယ်။ အဲဒီ မိန်းကလေးငယ် ဂရီတာသန်းဘတ်ပြောတာတွေ အကုန်မှန်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေ၊ အစိုးရတွေ၊ စစ်တပ်တွေ အပါအဝင် အာဏာနဲ့ လုပ်ပိုင်ခွင့်ရှိတဲ့အုပ်စုတွေဟာ လက်နက်ရောင်းရဖို့၊ စစ်တိုက်ဖို့၊ စီးပွားရေး အင်ပါယာချဲ့ထွင်ဖို့ သူ့ထက်ငါ အသာစီးရဖို့ စတာတွေကိုသာ စိတ်ဝင်စားကြတာပါ။

ကမ္ဘာ့လူသားတွေ သာယာချမ်းမြေ့ဖွယ်ကောင်းတဲ့ သဘာဝပတ်ဝန်းကျင်ထဲမှာ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးကို လက်တွေ့ကျကျ အလေးပေးဖို့ကျတော့ သိပ်ပြီးအရေးမလုပ်တတ်ကြပါဘူး။ သဘာဝပတ်ဝန်းကျင်အကြောင်း၊ ရာသီဥတုဖောက်ပြန်မှုဆိုတာ ပျင်းစရာကောင်းတဲ့ Topic လို့ အတော်များများက ထင်မှတ်တတ်ကြပါတယ်။

ဒါပေမဲ့ ပြည်သူ တစ်သိန်းကျော်ခန့်ရဲ့ အသက်ဇီဝိန်များကိုပါမက မှီခိုရာ နေအိမ်တွေ၊ လုပ်ကိုင်စားသောက်ရာ လယ်ယာမြေတွေနဲ့ အခြားပိုင်ဆိုင်မှုတွေကိုပါ ဖျက်ဆီးသွားတဲ့ နာဂစ်လို သဘာဝ ဘေးအန္တရာယ်ဆိုးကြီးနဲ့ ရင်ဆိုင်လိုက်ရတော့မှ ဒါဟာ ပျင်းစရာမဟုတ်ဘူးဆိုတာ နားလည်လာတတ်ကြတာ မဟုတ်ပါလား။

ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာပြည်က မြို့ကြီးမြို့ငယ် အသွယ်သွယ်မှာ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုအတွက် ဆန္ဒပြပွဲတွေ လိုက်လုပ်ဖို့တော့ မတိုက်တွန်းချင်ပါဘူး၊ ဒါပေမဲ့ ဂရီတာသန်းဘတ်လို သဘာဝပတ်ဝန်းကျင်နဲ့ လူသားတွေရဲ့ ဘုံတူညီတဲ့အကျိုးစီးပွားကို တန်ဖိုးထားတတ်တဲ့စိတ်တွေ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ကြီးထွားရှင်သန်နိုင်ဖို့ အရေးကြီးတယ်ဆိုတာပဲ ပြောချင်တာပါ။

အယ်ဒီတာ (၂၈-၉-၂၀၁၉)