News

POST TYPE

OPINION

အကောင်းဆုံးဖြစ်အောင် တုံ့ပြန်ဖြေရှင်းရမည့် ရေဘေးပြဿနာ (Daily, Vol-7/No-81)
14-Jul-2019
နှစ်စဉ် ဇွန်လမှ စက်တင်ဘာလအထိ သည်းထန်စွာ ရွာသွန်းလေ့ရှိသော မုတ်သုံမိုးကြောင့် မြန်မာနိုင်ငံတွင် အဆိုပါကာလရောက်တိုင်း ရေကြီးသည့်ဖြစ်ရပ်များကို ရှေးယခင်ကထက်ပို၍ ခပ်စိပ်စိပ် မြင်တွေ့လာရပေသည်။ ယခုနှစ်တွင်မူ ပြည်နယ်နှင့် တိုင်းဒေသကြီးလေးခုတွင် ရေကြီးသည့်အန္တရာယ်ကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်လိုက်ရသူ တစ်သောင်းကျော်ခန့်ရှိသည်ဟု သက်ဆိုင်ရာ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရပေသည်။

ကချင်ပြည်နယ်တွင်မူ မြစ်ကမ်းဘေးဒေသမှ နေအိမ်များ ရေထဲတွင်မျောပါသွားသည်အထိ မြစ်ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်ကို လူမှုကွန်ရက်ပေါ်တွင် တက်လာသော Movie File များမှတစ်ဆင့် ဝမ်းနည်းဖွယ် တွေ့မြင်လိုက်ရပါသည်။

ဒေသတွင်းနှင့် နိုင်ငံတကာ မိုးလေဝသ စောင့်ကြည့်ရေးအဖွဲ့များ၏ ခန့်မှန်းချက်အရ အာရှတောင်ပိုင်း အိန္ဒိယနိုင်ငံ အပါအဝင် အာဆီယံဒေသတွင် မုတ်သုံလေမှာ ဆက်လက် အားကောင်းနေပြီး မိုးသည်းထန်စွာ ရွာသွန်းမည့်အခြေအနေ ရာနှုန်းပြည့်ရှိထားရာ မြစ်ရေကြီးမှုနှင့် ရေလျှံမှုများလည်း ဆက်လက်ဖြစ်ပေါ်လာမည့် အနေအထားတွင်ရှိပေသည်။

မြန်မာ့မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကမူ စိုးရိမ်ရေမှတ် ရောက်ရှိနေသည့် မြစ်များနှင့် ရေဘေးအန္တရာယ် ကြုံတွေ့နိုင်သည့် မြို့များတွင်နေထိုင်သူများအတွက် အထူးသတိပေးချက်များ ထုတ်ပြန်ထားသည်ကို တွေ့ရပေသည်။

အငြိမ်းစားယူသွားသည့်တိုင် မြန်မာ့မိုးလေဝသနှင့် ဇလဗေဒအခန်းကဏ္ဍအတွက် အရေးကြီးသော ပညာရှင်တစ်ဦးအဖြစ် ဆက်လက် ရပ်တည်နေဆဲဖြစ်သည့် ဒေါက်တာထွန်းလွင်ကမူ ယခုလလယ်မှစ၍ မိုးအလွန်အားကောင်းလာနိုင်သောကြောင့် ရေဘေးအန္တရာယ် ကျရောက်နိုင်သည့်နေရာများတွင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ လက်ဦးမှုရရှိအောင် လုပ်ဆောင်ထားရန် တိုက်တွန်းထား၊ ပြောဆိုထားပေသည်။

ယနေ့ခေတ်သည် ယခင်က (၂၀၀၈ နာဂစ်ဖြစ်သည့်ကာလက)လို တစ်ဦးနှင့်တစ်ဦး၊ တစ်နေရာနှင့်တစ်နေရာ ဆက်သွယ်ရန်လည်းကောင်း၊ သတင်းနှင့် သတိပေးချက်များ ဖြန့်ဝေပေးရန်လည်းကောင်း ခက်ခဲလွန်းလှသည့်ခေတ်ကာလ မဟုတ်တော့သည့်အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကိစ္စ အပါအဝင် ရေဘေး အန္တရာယ်ပညာပေးကိစ္စများကို ယခင်ကထက် ပိုမိုထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဟု ထင်ပါသည်။

သို့သော်လည်း ရေဘေးကြီးမှုကို ဆိုးရွားစွာ ကြုံတွေ့နေရသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့မှာ အင်တာနက် အဆက်အသွယ် ဖြတ်တောက်ခံထားရသော မြို့နယ်များဖြစ်နေရာ ယင်းကိစ္စကြောင့် ရေဘေးအန္တရာယ် သတိပေးရေးနှင့် အခြား ပညာပေး လုပ်ငန်းစဉ်များအပေါ် များစွာ ထိခိုက်နိုင်သည်ကို သတိပြုသင့်ပေသည်။

“သတိဆို ပိုသည်မရှိ”၊ “အသက်ဉာဏ်စောင့်”ဆိုသည့် သတိပေးစကားတို့ ရှိထားပေရာ လက်ရှိကြုံတွေ့နေရသော ရေဘေးဒုက္ခအတွက် ပေါ့ပေါ့တန်တန် သဘောမျိုးဖြင့် တုံ့ပြန်ဆောင်ရွက်မှုမျိုး မပြုမိရန် အထူး အရေးကြီးပေသည်။

ထို့အတူ သဘာဝဘေးအန္တရာယ်နှင့်ဆက်စပ်သည့် ကယ်ဆယ်ရေးနှင့် စီမံခန့်ခွဲရေးကိစ္စ လုပ်ဆောင်နေသူများ၊ သက်ဆိုင်ရာ အာဏာပိုင်များအနေနှင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို စနစ်တကျ အကာအကွယ်ပေးလိုသည်ဆိုပါက ယာယီ ပြဿနာ ပြေလည်ရေးတစ်ခုတည်း သာမက ရေရှည်တည်တံ့ ခိုင်မြဲမည့် အစီအမံများ ပေါ်ထွက်နိုင်ရေးအတွက် အကောင်းဆုံးဖြစ်အောင် လေ့လာသင်ယူ ဆောင်ရွက်နိုင်ကြရမည်ဖြစ်ကြောင်း သတိပေးလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၁၄-၇-၂၀၁၉)