News

POST TYPE

OPINION

လူမိုက်ကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း
18-Jun-2019



တစ်နေ့က ကာတွန်းတစ်ကွက်မှာ ဝရမ်းပြေးပုံကို လူတစ်ယောက်ကကြည့်ပြီး ဓာတ်ရှင်ထဲကလို ဆံပင်ရှည်၊ နှုတ်ခမ်းမွေးတွေလည်း မပါဘူးတဲ့။ သူပြောသလို ကျွန်တော်တို့က မရှိခိုးနိုး၊ မလှစုန်းယိုး လုပ်နေကြတာ မဟုတ်လား။ ရုပ်ရှင်သရုပ်ဆောင်တဲ့နေရာမှာလည်း လူကြမ်းမင်းသားကြီးတွေက ခပ်ကြမ်းကြမ်းနဲ့ လူမိုက်ပုံ ဖမ်းကြတာပါပဲ။ ငယ်ငယ်က အမေပြောပြတဲ့ ပုံပြင်တွေထဲမှာလည်း ကောက်ကျစ်တဲ့ ဒေါ်အိုဇာကြီးဟာ စုန်းမကြီး၊ မိထွေး ဆိုတာကလည်း လင်ပါ သား၊ သမီးတွေ အပေါ် နှိပ်စက်၊ သူကြီးသားတွေဟာ နောက်ပိုးသန်တဲ့ကောင်တွေချည်းပါပဲ။ ကာတွန်း၊ ဝတ္ထုတွေထဲမှာဆို ဇာတ်လိုက်ရဲ့ပြိုင်ဘက်က မျက်နှာမှာ ကန့်လန့်ဖြတ်ဓားရာကြီး ပါနေပါတယ်။ နှုတ်ခမ်းကထူထူ၊ ထော်လန်၊ နှာခေါင်းကပွပွ၊ နှုတ်ခမ်းမွေးအရှည် ဒါမှ မဟုတ် ကျိုးတိုးကျဲတဲ၊ မျက်လုံးတွေက စွေတေစောင်းတောင်း ဒါမှမဟုတ် မြွေဟောက်လို ကျဉ်းမြောင်းစူးရှ၊ နီရဲ...။ အင်္ဂဝိဇ္ဇာစာအုပ်ထဲက ကူးချထားသလား အောက်မေ့ရတယ်။ 

စီးပွားရေးသဘောတရားမှာ နှိုင်းယှဉ်တဲ့အခါ ဂုဏ်ရည်တူတာကိုပဲ နှိုင်းယှဉ်ရပါသတဲ့။ ဥပမာ-ကြက်ဥဈေးနှုန်းကို ကြက်ဥဈေးနှုန်းနဲ့ပဲ နှိုင်းယှဉ် ရတာမျိုးပေါ့။ ကြက်ဥဈေးနှုန်းက ဒီလောက်ရှိလို့ ကြက်သားဈေးက ဒီလောက်ရှိသွားတယ်လို့ ပြောလို့မရပါဘူး။ ကြက်ဥဈေးက ဒီလောက်ရှိလို့ ကြက်သားဈေးကို ဒီလောက်ထားလိုက်တယ် ဆိုတာကတော့ ရပါတယ်။ နှိုင်းယှဉ်ကြည့်ရင်တော့ ဂုဏ်ရည်တူတာကိုပဲ နှိုင်းယှဉ်ပြရပါတယ်။ ဒါကိုမသိတဲ့ ကျွန်တော်တို့က ရုပ်ကို စိတ်ဓာတ်နဲ့ နှိုင်းယှဉ်ကြည့်ကြပါတယ်။ ရုပ်ဆိုးရင် စိတ်ဓာတ်အောက်တန်းကျမယ်ဆိုတာမျိုးပေါ့။ ဒီလိုမျိုး ပုံသေတွက်လို့ မရပါဘူး။ ကျွန်တော်တို့ ကြည်ညိုလေးစားကြတဲ့ အတွေးအခေါ်ပညာရှင်ကြီး ဆိုကရေတီးဆိုရင် အတော်ရုပ်ဆိုးတယ်မဟုတ်လား။ ဓာတ်ပုံထဲကြည့်ရတာကို ပြောတာပါ။

ကျွန်တော်တို့ စိတ်ကူးနဲ့ ပုံဖော်ထားသလို လူမှုပတ်ဝန်းကျင်မှာ ကျင့်သုံးခဲ့ကြပါတယ်။ လောင်းကုတ်အင်္ကျီကြီးနဲ့ ကက်ဦးထုပ်ကို ခပ်ငိုက် ငိုက်ဆောင်းထားတဲ့သူက ကျွန်တော်တို့ အကောင့်တွေကို ဟက်သွားမယ့် လူလို့ မယုံသင်္ကာဖြစ်ခဲ့ရပါတယ်။ လမ်းကြားမှာ အမှိုက်ကောက်သမားလေးတွေ ဝင်လာတိုင်း ခြံတံခါးကို ပြေးပိတ်ရတာ အမော။ ဒါပေမဲ့ သူခိုးက တိုက်ပုံအင်္ကျီနဲ့ ရွှေဖလားရောင်ပုဆိုးကြီး တရွှန်းရွှန်းဝတ်ကာ အိမ်ဦးခန်းမှာ တက်ထိုင်နေပါတယ်။ နောက်ကျောကထိုးမယ့်ဓားတွေ၊ ချက်ကောင်းကို ပွဲသိမ်းထိုးမယ့်ဓားတွေ မှောင်ရိပ်ခိုနေကြပါတယ်။ 

ဆရာကြီးမင်းသိင်္ခက သူခိုးဂုဏ်ကို ထုတ်ဖော်ရေးသားပြတော့ ကျွန်တော့်မှာ သူခိုးဖြစ်ချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဘာတဲ့၊ ဆရာကြီးက သူခိုးဆိုတာ အိမ်ရှင်စိတ်သွင်းရတယ်လို့ ရေးခဲ့ပါတယ်။ ဒါ ငါပိုင်တဲ့အိမ်၊ ဒါ ငါပိုင်တဲ့ပစ္စည်း၊ ငါ အပ်နှံထားတာကို ငါပြန်ယူမယ် စသဖြင့်ပေါ့။ ဒါပေမဲ့ သူ့သူခိုးတွေက သူခိုးအလုပ်ပဲ လုပ်ပါတယ်။ အနုကြမ်းသမား၊ မုဒိမ်းကောင်၊ ဓားပြကောင်မဖြစ်ခဲ့။ ဒါကြောင့် သူခိုး သူတော်ကောင်းလို့တောင် ပြောလို့ရပါတယ်။ သူခိုးက သူခိုးအလုပ်တစ်ခုတည်း မလုပ်ဘဲ ပစ္စည်းယူ လူသတ်ဆိုရင် စည်းဖောက်တယ်လို့ ပြောပါတယ်။ သူခိုးက သူခိုးစည်းဖောက်ရင်၊ သူခိုးစစ် သူခိုးမှန် မဟုတ်တော့။ သူခိုးစစ် သူခိုးမှန် မဟုတ်ရင် အယောင်ဆောင်၊ အရေခြုံဖြစ်ပါတယ်။ သူခိုးအရေခြုံဆိုရင် သူခိုးဘဝမမြဲနိုင်ပါ။ ဒီလိုမမြဲနိုင်အောင် မရိုးသားမှုကို ကောက်ကျစ်တယ်လို့ ခေါ်ပါတယ်။ ကောက်ကျစ်မှုရှိတဲ့သူကို လူမိုက်လို့ ခေါ်နိုင်တယ် မဟုတ်လား။ အဲဒီတော့ သူခိုးဖြစ်နေတာတောင် သူခိုးလူမိုက်ဖြစ်သွားပါတော့တယ်။ 

ဒီလိုဆိုရင် လူမိုက်ဆိုတာ စည်းဘောင်ကျော်တဲ့လူကို ခေါ်တာလားလို့ မေးဖွယ်ရှိပါတယ်။ ဒီလိုလည်း တရားသေပြောလို့ရချင်မှ ရပေလိမ့်မယ်။ တို့က စည်းဘောင်မကျော်ဘူး၊ သူခိုးစစ်စစ်လုပ်မယ်၊ ဓားပြစစ်စစ် တိုက်မယ်ဆိုပြီး လူမိုက်အားပေးသလို ဖြစ်သွားပါလိမ့်မယ်။ ဆရာကြီးပြောတာက ထူးချွန်ထက်မြက်ဖို့ လိုရင်းပဲနေမှာပါ။ သူခိုးဖြစ်ရင်တောင် စည်းကမ်းရှိတဲ့သူခိုး ဖြစ်သင့်တယ်လို့ ဆိုလိုချင်တာ မဟုတ်လား။

လူမိုက်ကို ရှေးပညာရှိကြီးတွေက အမျိုးမျိုး ဖွင့်ဆိုခဲ့ကြပါတယ်။ အမှားတစ်ခုတည်းကို ထပ်ခါထပ်ခါ ကျူးလွန်နေရင် လူမိုက်၊ အမှားကနေ သင်ခန်းစာမယူနိုင်ရင် လူမိုက်လို့ပြောပါတယ်။ ဒီလိုဆိုလို့ သူခိုးတစ်ယောက်က မီးခံသေတ္တာတိုင်းကို ပွင့်အောင်ဖွင့်နိုင်ခဲ့ရင် လူမိုက်မဟုတ်ဘူးလို့ ဆိုလိုရာရောက်သွားပြန်ပါတယ်။ သူခိုးသံသရာလည်နေတယ် မထင်ပါနဲ့၊ ဒါက ဥပမာပေးလို့ ကောင်းလို့ပါ။ တိုင်းပြည်ကလည်း မြန်မာပြည်ပဲ မဟုတ်လား။ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်လုပ်ရင် လူမိုက်လို့ ဆိုကြပြန်ပါတယ်။ ဥပမာ-အရက်သောက်တဲ့အခါ ရောဂါရအောင် သောက်တဲ့သူမျိုး ကို ဆိုလိုမှာပေါ့။ ကျန်းမာရေးနဲ့ ညီညွှတ်ရုံ၊ မိတ်ဖြစ်ဆွေဖြစ်၊ အောင်ပွဲခံ၊ ရဲဆေးတင်၊ အပန်းဖြေ စတဲ့ခေါင်းစဉ်တွေနဲ့သောက်ရင် လူမိုက်စာရင်းထဲ မဝင်ပြန်တော့ဘူးလား။

ပတ်ဝန်းကျင်ကို ထိခိုက်အောင် ဖျက်ဆီးနှောင့်ယှက်ရင် လူမိုက်လို့ ခေါ်ကြပြန်တယ်။ ဒီလိုဆို ကျွန်တော်တို့အားလုံး လူမိုက်စာရင်းဝင်သွား နိုင်ပါတယ်။ ကျွန်တော်တို့ ဖျက်ဆီးလို့ အိုဇုန်းလွှာပေါက်ရတယ်၊ ဖန်လုံ အိမ်သတ္တိနဲ့ ကမ္ဘာကြီး ပိုပိုပူလာတယ်၊ ဗြဟ္မာ့ဦးခေါင်း ပလတ်စတစ်တွေ ဗုံးပေါလအော သုံးကြတယ်၊ သစ်ပင်တွေ ခုတ်တယ်၊ တချို့တိရစ္ဆာန်တွေ မျိုးတုံးပျောက်ကွယ်လုနီးပါး၊ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်လိုကြတယ်၊ စစ်မဲ့ကမ္ဘာဆိုတာ အဝေးကြီး၊ နိုင်ငံရေး စီးပွားရေး စွက်ဖက်ချင်ကြတယ်၊ အမြင်မတူရင် ရန်သူလို့ သတ်မှတ်ကြတယ်... အများကြီးကျန်ပါ သေးတယ်။ ဂေဟစနစ်ကို ဖျက်ဆီးတာဟာ ကိုယ့်အိမ်ကို ဖျက်ဆီးမီးရှို့တာပဲ မဟုတ်လား။

ကျွန်တော်ကိုးကွယ်တဲ့ မြတ်ဗုဒ္ဓကတော့ ဗာလာနံ - လူမိုက်တို့ကို။ အသေဝနာစ - မပေါင်းအပ်လို့ မှာခဲ့ပါတယ်။ ခုချိန်ထိ လူမိုက်ဆိုတာကို အဓိပ္ပာယ်ကောင်းကောင်း မသိသေးပါဘူး။ တစ်ခါက ကျွန်တော် အိမ်ဝိုင်းအပေါင်ခံဖူးတယ်။ ရပ်ဆွေရွာမျိုး ကူညီတဲ့သဘောပေါ့။ အိမ်ရှင်က ဘယ်လိုမှမတတ်နိုင်တော့ ရောင်းချင်လာတယ်။ ကျွန်တော်က မတန်တဆဈေးဆိုပြီး မယူဘူး။ ယူတဲ့သူကိုရောင်းပြီး ကျွန်တော့်အကြွေးကို ဆပ်သွားတယ်။ ဝယ်တဲ့သူလက်ထဲ တစ်လမကြာဘူး ဈေးက ငါးဆလောက်တက် သွားတယ်။ တစ်ဆင့်ခံရဲ့လက်ထဲမှာ ဆယ်ဆလောက် တက်သွားပြန်တယ်၊ သုံးလေးလအတွင်းမှာပေါ့။ ကျွန်တော် အဲဒီဝိုင်းကို ပြန်ဝယ်နိုင်ဖို့ဆိုရင် ဆယ်နှစ်လောက် ငွေစုရဦးမယ်ထင်ပါရဲ့။ လွတ်တဲ့ငါးက ကြီးတယ်ဆိုရင်လည်း လူမိုက်လို့ သတ်မှတ်ရမယ်တူတယ်နော်။ 

ချင့်ချင့်ချိန်ချိန် သုခမိန်လို့ စကားရှိတဲ့အတွက် အပြန်အားဖြင့် မချင့်မချိန်ရင် ပညာမရှိသူပေါ့နော။ ပညာမရှိရင် လူမိုက်လို့ ပြောလို့ရလား မသိဘူး။ ပညာဆိုတာလည်း ဘာပညာလဲလို့ မေးစရာရှိပါတယ်။ စက်မှုပညာ တတ်တဲ့သူက စက်မှုကိစ္စဆောင်ရွက်နေတုန်းကတော့ ပညာရှိပေါ့၊ ဒါပေမဲ့ လက်မှုကိစ္စတို့၊ ဆေးဝါးမန္တရားကိစ္စတို့မှာတော့ လူမိုက်လို့ ပြောင်းခေါ်ရမယ်ထင်တယ်။ ဒီတော့ လူမိုက်ဖြစ်လိုက်၊ လူလိမ္မာဖြစ်လိုက်ပေါ့။ လူမိုက်နဲ့ လူလိမ္မာဆိုတဲ့စည်းဟာ သိမ်မွေ့လွန်းတယ်လို့ ပြောချင်ပါတယ်။ 

လောကနီတိမှာ လူလိမ္မာကို စံပယ်ပန်းနဲ့ နှိုင်းယှဉ်ထားပြီး လူမိုက်ကို ငါးပုပ်လို့ ပြောပါတယ်။ အကျင့်သိက္ခာပိုင်းမှာလည်း သူတော်ကောင်းတို့ရဲ့ ကောင်းရနံ့ဟာ အထက်ရောအောက်ပါ၊ လေညာလေကြေ ဖြန့်ကြက်နိုင်တယ်လို့ ဆိုပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ မကောင်းတဲ့အနံ့အသက်ကလည်း နေရာအနှံ့ ပျံ့နှံ့သွားမယ်ထင်ပါတယ်။ မာရ်နတ်ကြီးလိုဟာမျိုးပေါ့။ ဆိုလိုရင်းကတော့ လူကြိုက်များရင် သူတော်ကောင်းပေါ့၊ လူမုန်းများရင် လူမိုက်ပေါ့။ အဲဒီလိုလည်း ပြောမရသေးပါဘူး၊ ဒေဝဒတ်ကြီးမှာလည်း သူ့ပရိသတ်နဲ့သူမဟုတ်လား။ ဒီတော့ သူတော်ကောင်းစိတ် ရှိတဲ့သူတွေ အကြိုက်များတဲ့သူဆိုရင် သူတော်ကောင်းလို့ တိတိကျကျ ပြောသင့်ပါတယ်။ တော်ကြာ မိုးခါးရေသောက်တာတို့၊ အများညီ ဤကျွဲဖတ်တို့ ဖြစ်မှာစိုးရတယ်။ 

ရှုထောင့်တွေကို သတိထားသင့်ပါတယ်။ ကျွန်တော့်ဆရာက ပြောဖူးတယ်၊ မေးတဲ့မေးခွန်းတိုင်းမှာ ဖြေပေးရင်ကို မှန်တဲ့အချိုးအစားရှိတယ်တဲ့။ ဆရာက တစ်ခွန်းမေးလို့ ကျောင်းသားတစ်ယောက်က ထဆွေးနွေးတယ် ဆိုပါတော့၊ မှန်ကို မှန်တယ်တဲ့။ ဒါပေမဲ့ ဘယ်လောက်ရာခိုင်နှုန်းမှန်သလဲ ဆိုတာတော့ ရှိသေးတယ်တဲ့။ ၃၀ ရာခိုင်နှုန်းလား၊ ၆၀ ရာခိုင်နှုန်းလား၊ လိုချင်တဲ့အဖြေကို ကွက်တိဖြေနိုင်လို့ ၉၉ ရာခိုင်နှုန်းလားဆိုပြီးတော့ပေါ့။ ဆရာ့ဟာက ကွက်တိဖြေနိုင်ရင်တောင် ၉၉ ရာခိုင်နှုန်းပဲလားလို့ မေးတော့၊ အဖြေက ခုမှန်ပေမယ့် အချိန်ကာလ၊ နေရာဒေသ၊ မေးတဲ့ လူပုဂ္ဂိုလ်ပေါ်မူတည်ပြီး ပြောင်းသွားနိုင်သေးတယ်တဲ့။ ဒါကြောင့် ၁ ရာခိုင်နှုန်း လျှော့တွက်ရတယ်တဲ့။ တရားစာထဲမှာတော့ ကာလံဒေသံ အဂ္ဂံဓနံလို့ ပြောတယ်ထင်တယ်။

ပါမောက္ခချုပ်ဆရာတော်ရဲ့ တရားတစ်ပုဒ်မှာ လောကအမှန်တရားဟာ ဖောက်ပြန်ပျက်စီးတတ်တယ်လို့ ပြောပါတယ်။ သူ့ဥပမာက ဆေးပညာတွေ့ရှိချက်တစ်ခုမှာ အသီးအနှံတစ်ခုက ကင်ဆာရောဂါအတွက် ကောင်းတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နောက်ထပ်တွေ့ရှိချက်အရ အဲဒီသီးနှံဟာ ကင်ဆာအတွက် မကောင်းဘူးလို့ ဖြစ်သွားပါသတဲ့။ ခုစာကလေးကြော်၊ ခုဆီထမင်းဖြစ်နေတဲ့ လောကအမှန်တရားမှာ လူမိုက်ဆိုတဲ့ ဝိသေသကလည်း ဖောက်ပြန်လွယ်နိုင်ပါတယ်။ လူ့အကြိုက် ဆယ်ခါလိုက်၊ မလိုက်တစ်ခါ ရှိတုံပါမူ၊ ကြီးစွာရန်သူ၊ မှတ်ထင်ယူ၏လို့ ပြောကြတယ်မဟုတ်လား။ ဒီလို ဖောက်လွှဲဖောက်ပြန်ဖြစ်တတ်တဲ့ လောကမာယာထဲမှာ တည်မြဲတဲ့တရားကတော့ ရှိဟန်မတူပါဘူး။

မြတ်ဗုဒ္ဓရဲ့ တရားတော်မြတ်တွေကို လိုက်နာကျင့်သုံးကြတဲ့ သာဝကတွေက မြတ်ဗုဒ္ဓရဲ့ တရားတော်တွေကို မလိုက်နာတဲ့သူတွေကို မိစ္ဆာဒိဋ္ဌိလို့ ပြောကြပါတယ်။ ဒီလိုပဲ တခြားဘာသာတွေကလည်း သူတို့ဘုရားမှ သူတို့ ဘုရားလို့ ပြောကြတာပါပဲ။ သူ့ဘုရား၊ ငါ့ဘုရား ငြင်းကြ၊ သူ့တရား၊ ငါ့တရား ငြင်းနေကြတာတွေလည်း ရှိနေကြပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောသလို တူတာတွေ ရှိမရှိ တိုက်ဆိုင်မကြည့်ကြပါဘူး။ ကျင့်သုံးဖို့၊ ပွားများဖို့ တရားတော်တွေကို အငြင်းအခုံသက်သက်လုပ်လိုက်ရင် အဓိပ္ပာယ်မရှိပါဘူး။ ဒီတော့ ဒီတရားတွေထဲက လူမိုက်ဆိုတဲ့ လက္ခဏာတွေကို တိုက်ဆိုင်ရွေးချယ်ထားသင့်တယ်။ ဒါဆိုရင် ဝိသေသထဲက သာမည (ယေဘုယျ) ကို ထုတ်ယူတဲ့ အရစ္စတိုတယ်ရဲ့ Induction နည်းနဲ့ တူသွားပါမယ်။ 

သီတဂူဆရာတော်ကတော့ လူမိုက်လက္ခဏာလေးမျိုး ရှိတယ်လို့ ထုတ်နုတ်ပြပါတယ်။ 

(၁) နည်းမှားတွေကို လုပ်တယ်။

(၂) သူတစ်ပါးကိုလည်း အဲဒီအမှားတွေကို လုပ်ခိုင်းတယ်။

(၃) အဲဒီနည်းအမှားကြီးကိုလည်း သိပ်တန်ဖိုးထားတယ်။

(၄) မှားနေပြီလို့ပြောရင် ပြောတဲ့သူကို ရန်ရှာတယ်ဆိုတဲ့ လေးချက်ပါပဲ။

ဒီမှာ နည်းမှား နည်းမှန်၊ လမ်းမှား လမ်းမှန်ဆိုတာမှာ ပြဿနာ ရှိတယ်လို့ စပြောရမှာပါ။ ကျွန်တော့်အနေနဲ့ ပြောတာပါ။ ဒါကြောင့် အရင်ဆုံး ပန်းတိုင်ကို ချကြည့်ပါမယ်။ သူတော်ကောင်းဖြစ်ရေးပေါ့နော။ သူတော်ကောင်းပန်းတိုင်ကို ဦးတည်နေရင် နည်းမှန်လမ်းမှန်ပေါ့။ ဒီတော့ သူတော်ကောင်းဆိုတာကို သိဖို့ လိုပြန်ရော။ အလွယ်ပြောရရင် အပေါ်က လူမိုက်လက္ခဏာလေးမျိုးကို ပြောင်းပြန်လှန်ကြည့်လိုက်ရုံပဲ။ ဒီမှာလည်း နည်းမှန်လမ်းမှန်မှာ ပြဿနာတက်ပြန်ရော။ ဂျာအေး သူ့မေရိုက်ပေါ့ဗျာ။ 

အင်္ဂုတ္တိုရ်ပါဠိတော်၊ စတုက္ကနိပါတ်၊ သပ္ပုရိသသုတ်မှာ သူတော်ကောင်းလက္ခဏာလေးချက်ကို ပြသထားပါတယ်။ 

(၁) သူတစ်ပါး မကောင်းကြောင်းကို မမေးလျှင် မပြောခြင်း

(၂) မေးခဲ့လျှင် လျှော့ပေါ့ပြောခြင်း(ဖေးဖေးမမ ပြောခြင်း)

(၃) သူတစ်ပါး ကောင်းကြောင်းကို မမေးဘဲ ပြောခြင်း

(၄) မေးခဲ့လျှင် ကျယ်ဝန်းပြည့်စုံစွာ ပြောခြင်းပါတဲ့။ 

အရှင်ဇနကာဘိဝံသ ဟောပြဆုံးမတဲ့ သူတော်ကောင်းလက္ခဏာတွေက ငါးချက်ရှိပြန်တယ်။ သူ့ကျေးဇူးသိရမယ်၊ တတ်နိုင်သလောက် ပြန်ဆပ်ရမယ်၊ မိကောင်းဖကောင်း၊ ဆရာကောင်း၊ အပေါင်းအသင်းကောင်း ရှိရမယ်၊ ထိုမိတ်ဆွေကောင်းတွေနဲ့ ခိုင်မြဲစွာ ပေါင်းသင်းဆက်ဆံရမယ်၊ ကိုယ့်ရှေ့မှောက် ဒုက္ခရောက်နေတဲ့သူတွေ့ရင် တတ်နိုင်သလောက် ကူညီပေးရမယ်လို့ ဆိုပါတယ်။ နောက်ထပ်၊ နောက်ထပ် တရားတော်ထဲက ထုတ်နုတ်ဖော်ပြထားတဲ့ သူတော်ကောင်းလက္ခဏာ ၁၂ ပါးတို့၊ သူတော် ကောင်းတရား ခုနစ်ပါးတို့ ရှိပါသေးတယ်။ ဒါပေမဲ့ သာသနာ့ဘောင်ဝင်ကုန်မှာစိုးလို့ ပြောမပြတော့ပါဘူး။ ဆိုင်ရာကိစ္စတွေအပေါ်မူတည်ပြီး ဆိုင်ရာမှတ်ကျောက်တွေရှိတယ်ဆိုတာ ပြောပြချင်လို့ပါ။ 

နည်းမှန်လမ်းမှန်မှ မသိသေးရင် လူမိုက်ဘဝကကျွတ်ဖို့ လမ်း မမြင်သေးဘူးလို့ ပြောပါရစေ။

ဇော်သစ်ကြည်