POST TYPE

OPINION

ရဟန်းရှင်လူ ပြည်သူတို့အတွက် တာဝန်ကြီးတစ်ခု (Daily, Vol-7/No-58)
18-Jun-2019

သာသနာရေးဝန်ကြီးဌာနက ယမန်နေ့ကထုတ်ပြန်လိုက်သည့် ရဟန်းတော်များနှင့် သက်ဆိုင်သော ထုတ်ပြန်ချက်မှာ လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ ပဋိပက္ခမဖြစ်အောင် အထူးသတိထားနေရသည့် ခေတ်ကာလအတွက် အချိန်ကိုက်ဖြစ်သည့် ကြေညာချက်ဟုပင် ဆိုရပေမည်။

နိုင်ငံရေးနှင့် လူမှုရေးကိစ္စများတွင် ပါဝင်ပတ်သက်ပြီး သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်နေသည့် သင်္ကန်းဝတ်များကို ရှင်ရဟန်းအဖြစ် မသတ်မှတ်ထိုက်ဟု ကြေညာလိုက်ခြင်းဖြစ်ပေသည်။

တစ်ဆက်တည်းမှာပင် “ဆရာတော်”ဟု မခေါ်ဆိုသင့် မခေါ်ဆိုထိုက်သည့်သူများထဲတွင် ဥပဒေ ချိုးဖောက်ကျူးလွန်ထားသူ ဝရမ်းပြေးများနှင့် အာဏာစက်ဖြင့် အရေးယူခံထားရသူများ သာမက သာသနာတော်ကို အလေးမထားသူ၊ ဝိနည်းသိက္ခာပုဒ်ကို မစောင့်ထိန်းသူများကိုပါ ထည့်သွင်းထားရာ ဗုဒ္ဓသာသနာတော် သန့်ရှင်းရေးအတွက် ကြီးမားသည့် ခြေလှမ်းတစ်ခုဟု ဆိုရပေမည်။

အကြောင်းမှာ မြန်မာနိုင်ငံ၏ ဗုဒ္ဓသာသနာတော်ကြီးတွင် အနေချောင်၊ အစားချောင်၍ ဝင်ရောက်ခိုလှုံနေသူများ တိုးပွားနေခဲ့ရုံမျှမက မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် ဖီလာဆန့်ကျင်သော ၎င်းတို့၏ အပြုအမူ အပြောအဆိုများကြောင့် စစ်မှန်သည့် ရဟန်းတရားကို အားထုတ်နေကြကုန်သော အခြားအရိယာနွယ်ဝင် ရှင်ရဟန်းများ၏ သိက္ခာသုံးရပ်မှာ မြန်မာ့အလယ်တွင် သာမက ကမ္ဘာ့အလယ်တွင်ပါ ညှိုးနွမ်းရမည့်ကိန်း ဆိုက်နေခြင်းကြောင့်ပင်။

လုပ်ဆောင်ချက် မှတ်တမ်းများကိုကြည့်လျှင် သာသနာရေးဝန်ကြီးသည် လွန်ခဲ့သည့် ၂ နှစ် ယခုလိုကာလမျိုးတွင် သာသနာတော် သန့်ရှင်းရေးအတွက် စတင်လုပ်ဆောင်ရန် သင့်တော်သည့်အချိန်ကာလထဲသို့ ရောက်ရှိနေပြီဖြစ်သည်ဟု ပြောဆိုခဲ့ဖူးသည်ကို တွေ့ရသည်။ သာသနာရေးဝန်ကြီးဌာနသည် ထိုစဉ်ကတည်းက ဗုဒ္ဓသာသနာတော်အတွင်း ဂန္ထဓူရနှင့် ဝိပဿနာဓူရဟူသည့် ဓူရနှစ်ပါးအနက် တစ်ပါးမျှ မကျင့်သုံးသော ရဟန်းပုဂ္ဂိုလ်များကိစ္စကို အလေးအနက်ထား ကိုင်တွယ်ရန် ထိုစဉ်ကတည်းက စတင်ကြိုးပမ်းနေခဲ့ဟန်ရှိပေသည်။

အမှန်ပြောရလျှင် ဘာသာရေးနှင့်ပတ်သက်ပါက အသိဉာဏ်ဖြင့် စဉ်းစားဆင်ခြင်တတ်ခြင်းထက် အကြောက်တရား (ငရဲကြီးမှာကြောက်ခြင်း အပါအဝင်) ကြီးစိုးထားသော မြန်မာ့လူ့အဖွဲ့အစည်းတွင် သာသနာတော် သန့်ရှင်းရေးကိစ္စကို အကောင်အထည်ဖော်ရသည်မှာ ကြီးမားသည့်စိန်ခေါ်မှု တစ်ရပ်ဟုဆို၍ရပါသည်။

နှစ်ပေါင်း ၂၅၆၃ နှစ် ရှိသွားပြီဖြစ်သော မြတ်ဗုဒ္ဓ၏ သာသနာသက်တမ်း တစ်လျှောက်ကိုကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံတွင် သာမက အခြား ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံများတွင်ပါ သင်္ဂါယနာတင်မှုများ၊ ဗုဒ္ဓဓမ္မ မစစ်မှန်သော အယူအဆများနှင့် ကျင့်စဉ်များ ကင်းစင်ပပျောက်ရေး စီမံချက်ကြီးများနှင့် လုပ်ဆောင်ချက် များစွာ ရှိခဲ့သည်ကို သမိုင်းမှတ်တမ်းများအရ သိနိုင်ပါသည်။ မြန်မာ့ထေရဝါဒ ဗုဒ္ဓဘာသာသမိုင်းကြောင်းကို ကြည့်မည်ဆိုလျှင်လည်း ၁၉၅၄ ခုနှစ်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏ ပါလီမန်အစိုးရလက်ထက်တွင် ဆဋ္ဌသင်္ဂါယနာ တင်နိုင်ခဲ့သည်ကိုတွေ့ရသလို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်တွင် သာသနာတော်သန့်ရှင်းရေး စီမံချက်ကြီးတစ်ရပ်အား လုပ်ဆောင်ခဲ့သည်ကိုတွေ့ရပါမည်။

ယခုဒီမိုကရေစီ အစိုးရလက်ထက်တွင် စပါးပင်ကြားက ပေါင်းပင်များသဖွယ် ဖြစ်နေသူများကြောင့် ဗုဒ္ဓသာသနာတော် နာမည်ပျက် ဂုဏ်သိက္ခာ ကျဆင်းရခြင်းမျိုးမဖြစ်အောင် ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်မည်ဆိုပါက သာသနာတော်ကို အမှန်တကယ် ကာကွယ်စောင့်ရှောက်သည် မည်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ အဓိက ပြောချင်သည်မှာ မြတ်ဗုဒ္ဓ၏ သာသနာတော်ကြီးသည် နိုင်ငံရေးအရ အမြတ်ထုတ်စရာ အရာမဟုတ်သလို စီးပွားရေးအရ ရောင်းကုန် တစ်ခုမဟုတ်သည်ကို မြတ်ဗုဒ္ဓ၏တပည့်အဖြစ် ခံယူထားသူများအနေနှင့် ကောင်းစွာ သဘောပေါက်နားလည်ရမည်ဖြစ်ကြောင်းနှင့် မြတ်ဗုဒ္ဓ၏ ထူးခြားလေးနက်သော ဓမ္မများကို အမှန်အတိုင်း သွေဖည်မှုမရှိအောင် ဟောပြောပို့ချလျက်ရှိသည့် ရဟန်း၊ သံဃာတော်များ နောင်ခေတ်အဆက်ဆက် ပေါ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်း ကြပါမည့်အကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၁၇-၆-၂၀၁၉)