News

POST TYPE

OPINION

ရာဇဝတ်ဘေး ပြေးလို့လွတ်သတဲ့လား
17-Jun-2019



“ရာဇဝတ်ဘေး... အဝေးသို့ ... ပြေး ... လို့ မလွတ်နိုင်ပါ ...၊ ဥပဒေ အခြေခံပြုကာ ... ဝေဖန်ရှုရင်သာ ... သူ့ကိုပြစ်မှားရင် ... ကိုယ့်မှာလည်း မုချ အသေအချာ ... အပြစ်ရပေမှာ ... ” ဟူသောစာသားများပါဝင်သည့် အဆိုတော်ကြီး ဒေါ်တင်တင်မြ၏ သီချင်းတေးသွားသည် ကျွန်တော်တို့ငယ်စဉ်က မကြာခဏဆိုသလို ကြားခဲ့ကြရသည်။

နေ့စဉ် နံနက် ၁၁ နာရီနှင့် ည ၇ နာရီ၌လာသော ဇာတ်လမ်းပမာ နားဆင်စရာအခန်း၌ မှုခင်းဇာတ်လမ်းများ မကြာခဏလာသလို ဇာတ်လမ်းအဆုံး၌ တရားခံကိုဖမ်းမိသောအခါ ထိုသီချင်းလေးကို ဖွင့်ပေးသည်။ ထို့ကြောင့် ထိုသီချင်းလေးသည် နားထဲတွင်စွဲနေပြီး အသက်အရွယ် အတော်ရသည့်တိုင် အလွတ်ရနေသည်။ ထိုခေတ်က ရုပ်သံလည်းမပေါ် သေးသဖြင့် လူတိုင်းလိုလို ရေဒီယိုကိုသာနားထောင်လေ့ရှိကြပြီး နားထဲတွင် စွဲနေကြမည်ဖြစ်သည်။ ထို့ကြောင့် ရာဇဝတ်မှုကျူးလွန်ရန်ကြံစည် သူများသည် မကျူးလွန်မီ ထိုသီချင်းလေးကို ကြားယောင်မိပြီး မကျူးလွန် ဖြစ်သူများ အတော်များလိမ့်မည်ဟု ထင်မြင်မိပါသည်။

ယခုတော့ ထိုသီချင်းလေးကို မကြားရသည်မှာလည်း ကြာခဲ့ပြီဖြစ်သည်။ ထိုသီချင်းလေးကို မကြားရသည်မှာ ကြာသည့်အလျောက် ရာဇဝတ်မှုများ ပိုမိုများပြားလာသလို စိတ်ထဲတွင်ခံစားမိပြီး ရာဇဝတ်မှုကျူးလွန်သော တရားခံများ ထွက်ပြေးလွတ်မြောက်ကြပြီး ဖမ်းဆီးရမိခြင်းမရှိသော ဖြစ်စဉ် များကလည်း ပိုမို၍ များပြားလာသည်ကို တွေ့မြင်ကြားသိဖတ်ရှုနေရပါသည်။ ယခုအချိန်သာ ထိုသီချင်းလေးကို ဖွင့်ပြပါက အားလုံးဝိုင်းဝန်းရယ်မောကြမည်ဖြစ်ပြီး သရော်လှောင်ကြမည်သာ ဖြစ်ပါသည်။

မကြာမီက ကာတွန်းတစ်ကွက်ကို ဖတ်မိလိုက်ရာ တစ်ဦးက “တရားခံ မိပြီတဲ့”ဟု ပြောသည်ကို နောက်တစ်ဦးက “ဘယ်မှာတဲ့လဲ” ဟု ပြန်မေးသည်၊ ထိုအခါ ပထမလူက “ရုပ်ရှင်ထဲမှာ”ဟု ပြန်ပြောလိုက်သည်။ သည်တော့ ကျွန်တော်တို့နိုင်ငံတွင် ရာဇဝတ်မှုကျူးလွန်ပြီးနောက် ထွက်ပြေး လွတ်မြောက်ခြင်းသည် အစဉ်အလာတစ်ခုလို ဖြစ်နေသည်။ ဖမ်းဆီးရန် တာဝန်ရှိသူတို့ကလည်း တရားခံကို ရှာမတွေ့ကြောင်း တရားသူကြီးထံဝရမ်းပြန်အပ်ခြင်း၊ တရားသူကြီးကလည်း တရားခံပြေးအဖြစ်ကြေညာခြင်းတို့သည် သာမန်လုပ်ရိုးလုပ်စဉ် အစဉ်အလာတစ်ခုလိုဖြစ်နေသည်။

ကျွန်တော်တို့ စတင်သတိပြုမိသည်ကား အင်းလျားလမ်း၊ စိမ်းလဲ့ကန်သာတွင်ဖြစ်ပွားခဲ့သော ငါးလောင်းပြိုင်လူသတ်မှုမှသည် နောက်ပိုင်း ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင်၊ သုံးလောင်းပြိုင်၊ နှစ်လောင်းပြိုင်စသည့် အမှုကြီးများမှသည် သာမန်လူသတ်မှုများ၊ လုယက်မှုများ၊ အဂတိလိုက်စားမှုများနှင့် ရိုက်နှက်မှုများအလယ်၊ ယာဉ်တိုက်မှုများအဆုံး ထွက်ပြေးလွတ်မြောက်သွားသည့် ပြစ်မှုကျူးလွန်သူများသည် ယခုအခါ အလွန်များပြားနေပြီဖြစ်ပါသည်။ ထိုအခါ လူတို့၏အသိစိတ်တွင် ပြစ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးပါက လွတ်မြောက်နိုင်သည်ဟူသော အတွေးအခေါ်အယူအဆက ခေါင်းထဲသို့ စွဲဝင်သွားပြီဖြစ်ပါသည်။ အချို့သောအမှုကိစ္စများမှာ ထွက်ပြေးသောတရားခံကို ပြန်လည်ဖမ်းမိသော်လည်း သတင်းထုတ်ပြန်မှုအားနည်းသဖြင့် အမှုဖြစ်ပွားစဉ်ကလောက် ဟိုးလေးတကျော် မဖြစ်တော့သဖြင့် လူတွေက သိပ်မသိကြပါ။ ထို့ကြောင့် တရားခံကို ပြန်လည်ဖမ်းမိသော ဖြစ်စဉ်သတင်းများကိုလည်း ထင်ထင်ရှားရှား ဖော်ပြသင့်ပါသည်။

နောက်တစ်ခုမှာ တစ်ချိန်က ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးလွတ် မြောက်နေသောတရားခံပြေးများကို လူစည်ကားရာနေရာများ၊ ပန်းခြံများတွင် ဓာတ်ပုံများကပ်ထားသလို ယခုလည်း အများမြင်သာသည့်နေရာများ(ဈေးများ၊ ဈေးဝယ်စင်တာများ)တွင်ပါ ထင်ထင်ရှားရှား ကြီးကြီးမားမား ဓာတ်ပုံများကိုကပ်ထားသင့်ပါသည်။ နေ့စဉ်ထုတ် အစိုးရနှင့် ပုဂ္ဂလိက သတင်းစာများတွင်ပါ ထင်ရှားသောဓာတ်ပုံများ ထည့်သွင်းကြော်ငြာ၍ သတင်းပေးသူကို ဆုငွေများချီးမြှင့်သင့်ပါသည်။ ကြော်ငြာထည့်သွင်းဖော်ပြခြင်းသည် ကုန်ကျစရိတ်များပြားမည်ဖြစ်သော်လည်း ရပ်ရွာအေးချမ်း သာယာရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် မဖြစ်မနေလုပ်ရမည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။

ဓာတ်ပုံကပ်ထားသည့် တရားခံကို မမိသော်မှ နောင်ကျူးလွန်မည့်သူများကို အဟန့်အတားဖြစ်စေပါသည်။ ထို့အပြင် ပြစ်မှုကျူးလွန်သူသည် မိမိနှင့် မိမိ၏မိသားစု၏ ဂုဏ်သိက္ခာနှင့် အရှက်တရားအတွက် ရာဇဝတ်မှုကျူးလွန်ရန် အထိုက်အလျောက် ဝန်လေးလာမည်ဟုထင်ပါသည်။ ထိုကဲ့သို့ လူမြင်ကွင်းတွင်ဓာတ်ပုံကပ်ခြင်းသည် အပြစ်ဒဏ်တစ်ရပ်ချမှတ်သကဲ့သို့ ပင်ဖြစ်ပြီး တစ်နည်းအားဖြင့်ဆိုသော် တရားရုံးမှ ပြစ်ဒဏ်စီရင်ခြင်းခံရသကဲ့သို့ ၎င်း၏ စိတ်ဝယ်ခံစားရလိမ့်မည်ဟုထင်သည်။

ပြေးနိုင်ရင် လွတ်မယ်

ပြည်သူတွေက တာဝန်ရှိသူများအပေါ် သံသယဝင်နေသော အချက်တစ်ခုရှိပါသည်။ မည်သူပင်ဖြစ်ပါစေ ရာဇဝတ်မှုမြောက်သော ပြုလုပ်မှုတစ်ခုခုကို ပြုလုပ်ပါက သက်ဆိုင်ရာဥပဒေအရ လုပ်ပိုင်ခွင့်ရှိသောအဖွဲ့ အစည်း/ပုဂ္ဂိုလ်သည် ဥပဒေနှင့်အညီတရားစွဲဆိုခြင်း၊ ဖမ်းဆီးအရေးယူခြင်း၊ အရေးယူစေခြင်း စသည်တို့ကို ပြုလုပ်ရမည်သာ ဖြစ်ပါသည်။ အကယ်၍ သက်ဆိုင်ရာအဖွဲ့အစည်းသို့ ခွင့်ပြုချက်တောင်းခံရန် လိုအပ်ပါကလည်း ခွင့်ပြုချက်တောင်းခံခြင်းကို အလျင်အမြန်ဆောင်ရွက်ရမည်သာဖြစ်ပါသည်။

ယခုမူ ထိုသို့မဟုတ်ပါ။ သတင်းစာရှင်းလင်းပွဲများတွင်လည်းကောင်း သို့မဟုတ် အခြားတစ်နေရာရာတွင်လည်းကောင်း သတင်းမီဒီယာများက မေးမြန်းသည့်အခါမှသာ မိမိတို့အနေနှင့် တရားစွဲဆိုရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်၊ ဥပဒေအကြံဉာဏ် တောင်းခံထားပါသည် စသည်ဖြင့် ဖြေကြားကြပါသည်။ ထိုအခါ သတင်းမီဒီယာများကလည်း သတင်းစာမျက်နှာဖုံးများတွင် အားရပါးရ စာလုံးမည်းကြီးများဖြင့်တင်၍ သတင်းအဖြစ် ဖော်ပြကြသည့်အတွက် ရာဇဝတ်မှုကိုကျူးလွန်ခဲ့သူအဖို့ ထွက်ပြေးရန်အတွက် ကြိုတင်ပြင်ဆင်ရန် တပ်လှန့်ပေးသလိုဖြစ်သွားပြီး ထွက်ပြေးလွတ်မြောက်သွားသောဖြစ်စဉ်များ အများအပြားရှိပါသည်။ ဤကဲ့သို့ အချိန်ဆွဲ၍ ပြုမူဆောင်ရွက်ခြင်းသည် ပြစ်မှုကျူးလွန်သူကို တမင်သက်သက် ထွက်ပြေးလွတ်မြောက်စေလိုသည့်အတွက်ကြောင့်လားဟူ၍ ပြည်သူတို့က သံသယဝင်လျက်ရှိကြပါသည်။

လုပ်ထုံးလုပ်နည်းကြောင့်လား

တစ်ဖက်က ကြည့်ပြန်လျှင်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနှင့် ထိုကဲ့သို့ဖမ်းဆီးမည်ဟု ပြောလိုက်သည့်အချိန်တွင် ချက်ချင်းသွားရောက် ဖမ်းဆီး၍မရအောင် လုပ်ထုံးလုပ်နည်းများက အဟန့်အတားဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ရဲတပ်ဖွဲ့ဝင်တို့သည် တရားခံတစ်ယောက်ကို သွားရောက်ဖမ်းဆီးရန်အတွက် (ရဲအရေးမပိုင်သောအမှုများတွင်) တရားသူကြီးထံမှ ဖမ်းဝရမ်းက လိုလာပြန်သည်။ ဤသို့ပြုလုပ်ထားရခြင်းမှာလည်း ရဲတပ်ဖွဲ့ဝင်တို့သည် “လူတစ်ဦးအား မိမိသဘောဖြင့် ဖမ်းချင်သလို ဖမ်း၊ လွှတ်ချင်သလိုလွှတ်” မဖြစ်ရအောင် ကာကွယ်တားဆီးထားခြင်းပင် ဖြစ်သည်။ သို့ရာတွင် ဤလုပ်ထုံးလုပ်နည်းကြောင့်ပင် တစ်ခါတစ်ရံတွင် အရေးကြီးသောတရားခံများကို ဖမ်းဆီးရမိရန်အရေး နှောင့်နှေးကာ ထွက်ပြေးလွတ်မြောက်ကုန်သည်များရှိပါသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၇၅(၁)တွင် လူဖမ်းဝရမ်းနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည်မှာ “ဤဥပဒေအရ တရားရုံးတစ်ရုံးက ထုတ်ဆင့်သော ဝရမ်းတိုင်းကို စာဖြင့်ရေးသား၍ တရားရုံးအကြီးအကဲ အရာရှိကဖြစ်စေ သို့မဟုတ် ယင်းတရားရုံးသည် ခုံရုံးဖြစ်ပါက ယင်းခုံရုံး၏ အဖွဲ့ဝင်ကဖြစ်စေ လက်မှတ်ရေးထိုး၍ တရားရုံးတံဆိပ် ခတ်နှိပ်ရမည်” ဟူ၍လည်းကောင်း၊ ပုဒ်မ ၇၇(၁)တွင် “ဖမ်းဝရမ်းအရဆောင်ရွက်ရန် သာမန်အားဖြင့် တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော ရဲအရာရှိများအားညွှန်ကြားရမည်။ သို့သော် ယင်းဖမ်းဝရမ်းထုတ်ဆင့်သည့် တရားရုံးသည် မိမိဝရမ်းကို ချက်ချင်းအတည်ပြုရန်လိုပြီး၊ မည်သည့်ရဲအရာရှိမျှ ရုတ်တရက်မရရှိနိုင်လျှင် အခြားမည်သူ့ကိုမဆို အတည်ပြုပေးရန် ညွှန်ကြားနိုင်သည်။ ထိုသို့ ညွှန်ကြားခံရသူ သို့မဟုတ် ညွှန်ကြားခံရသူများသည် အဆိုပါဖမ်းဝရမ်းကို အတည်ပြုပေးရမည်” ဟူ၍ ပြဋ္ဌာန်းထားပါသည်။

ထို့ကြောင့် ဖမ်းဝရမ်းဆိုသည်မှာ အချိန်မဆိုင်းပဲ ချက်ချင်းအကောင် အထည်ဖော်ရမည့် လုပ်ငန်းတစ်ခုဖြစ်ပြီး အချိန်ဆွဲကာလုပ်ဆောင်ရမည့် လုပ်ငန်းတစ်ခုမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားပါသည်။ ဤနေရာတွင် ဖမ်းဝရမ်းကိုချက်ချင်းအတည်ပြု(ဖမ်းဆီးခြင်းပြု)ရန်လိုအပ်သလို ဖမ်းဝရမ်းတောင်းခံခြင်းလုပ်ငန်းကိုလည်း အချိန်မဆိုင်းပဲ အချိန်နှင့်တစ်ပြေး ညီဆောင်ရွက်ရန်လိုအပ်ပါသည်။ ယခုတွေ့ရှိရသည်မှာ သက်ဆိုင်ရာ တာဝန်ရှိသူ(အကြီးအကဲ)များက သတင်းစာရှင်းလင်းပွဲတွင်ဖြစ်စေ၊ မီဒီယာများကမေးမြန်း၍ဖြစ်စေ ဖြေကြား/ပြောဆိုပြီးနောက် အထက်က ညွှန်ကြားချက်ရရှိမှသာလျှင် ဖမ်းဝရမ်းတောင်းခံခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။

ဆိုရလျှင် ရာဇဝတ်မှုကျူးလွန်သူတစ်ဦးကို ကျော်စောသတင်းအရ ဖြစ်စေ၊ အခြားသောအထောက်အထားများအရဖြစ်စေ ဖမ်းဆီးရန် လုံလောက်သောအချက်အလက်များရှိပါက သက်ဆိုင်ရာတရားသူကြီးထံ ၂၄ နာရီအတွင်း အချိန်မရွေးတောင်းခံ၍ လက်ဦးမှုရယူကာ ဖမ်းဆီးနိုင်ရမည်သာဖြစ်ပါသည်။ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်သည်ဟု ယူဆရန် အကြောင်းရှိသူ၊ ပြဋ္ဌာန်းထားသောဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းသော အပြုအမူ၊ အပြောအဆို၊ လုပ်ကိုင်ဆောင်ရွက်နေသူကို သက်ဆိုင်ရာတရားရုံးတွင် ဝရမ်းတောင်းခံ၍ ဖမ်းဆီးရမည့်လုပ်ငန်းသည် ရဲတပ်ဖွဲ့၏ ပင်မလုပ် ငန်းတာဝန်တစ်ရပ်ပင်ဖြစ်ပါသည်။ အကယ်၍ နိုင်ငံရေးနှင့် ဆက်နွှယ်နေသည့်အတွက် လုပ်ရဲကိုင်ရဲမရှိပါကလည်း မိမိအထက်အဖွဲ့အစည်းထံ တင်ပြ၍ မနှေးအမြန် ဆောင်ရွက်ရမည်သာဖြစ်ပါသည်။ ယခုမူ ပြည်ထောင်စုအဆင့်ကို သတင်းထောက်များကမေး၍ ဖြေကြားပြီး ဟိုးလေးတကျော် ဖြစ်ပြီး အထက်ကညွှန်ကြားမှသာ ဝရမ်းတောင်း၍ သွားရောက်ရှာဖွေ ဖမ်းဆီးခြင်းမှာ တရားခံရှောင်ပြေးချိန်ရအောင် တမင်သက်သက် အချိန်ပေးထားသည်နှင့် အလားသဏ္ဌာန်တူနေပါသည်။ ပြည်ထောင်စုအဆင့်မှ ပုဂ္ဂိုလ်များသည်လည်း လျှို့ဝှက်အပ်သည့်အရာကို လျှို့ဝှက်ခြင်းမပြုဘဲ လူသိထင်ရှား ထုတ်ဖော်ပြောကြားခြင်းသည် ကျူးလွန်သူအားပြေးဖို့ အချိန်ရအောင် တောခြောက်သည့်သဘောသက်ရောက်နေပါသည်။

နိဂုံး

အချုပ်ဆိုရပါလျှင် တရားဥပဒေစိုးမိုးမှုအားနည်းနေသော မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရမည်ဟူ၍ ကြွေးကြော်နေရုံမျှဖြင့် ဘာမှဖြစ်လာမည်မဟုတ်ပါ။ သက်ဆိုင်ရာအဖွဲ့အစည်းအလိုက်၊ ရာထူးအဆင့်အလိုက် ပြည်သူ့ဘဏ္ဍာစား၍ တာဝန်ယူထားသူများသည် တာဝန်ကျေရုံ၊ ဝတ္တရားကျေရုံ လုပ်ကိုင်ဆောင်ရွက်နေရုံမျှဖြင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးဆိုသည်ကလည်း မည်သည့်အခါမျှ ဖြစ်လာမည်မဟုတ်ပေ။

ထို့ကြောင့် ပြည်ထောင်စုအဆင့်မှ ပုဂ္ဂိုလ်များအနေနှင့် နိုင်ငံတော် အတိုင်းအတာအထိ တရားဥပဒေကို အလေးမထား အတင့်ရဲစွာဖောက် ဖျက်ကျူးလွန်သူတို့ကို ပေါ့ပြက်ပြက်သဘောမထားသင့်ပေ။ အများရှေ့တွင် ဖမ်းမည်၊ ဆီးမည်၊ အရေးယူမည်ဟုဆိုကာ လက်သီးလက်မောင်းတန်းပြီးခါမှ ဘာမျှမလုပ်နိုင်လျှင် အစိုးရလုပ်ပြီး အချည်းနှီးသာဖြစ်ပေလိမ့်မည်။ အလားတူပင် တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ တာဝန်ရှိ အဖွဲ့အစည်းများအနေနှင့်လည်း တရားဝင်ဖမ်းဆီးမိန့်မရရှိမီ သတင်းရယူခြင်း၊ စောင့်ကြည့်ခြင်း စသည်အားဖြင့်ကြိုတင် ပြင်ဆင်ထားခြင်းအားဖြင့် အမိန့်ရသည်နှင့် ချက်ချင်းဖမ်းဆီးနိုင်မည် ဖြစ်ပါသည်။

နိုင်ငံတော်ကိုဦးဆောင်နေသော အစိုးရအဖွဲ့အစည်းနှင့် နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတို့သည် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုသကဲ့သို့ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် အမှီသဟဲပြုနေကြရသည်ဖြစ်ရာ စိတ်တူကိုယ်တူ သဘောတူလုပ်ကိုင်ဆောင်ရွက်ကြမှသာလျှင် တရားဥပဒေစိုးမိုးသော နိုင်ငံတစ်နိုင်ငံဖြစ်လာမည်ဖြစ်ကာ “ရာဇဝတ်ဘေး ပြေးလို့မလွတ်နိုင်ပါ” သီချင်းသံသည်လည်း လေလှိုင်းမှနေ၍ ပြန်လည်ပျံ့လွင့်လာမည် ဖြစ်ပါသည်။

သိန်းထက်အောင်