POST TYPE

OPINION

အရှက်အကြောက် ကင်းမဲ့လာတဲ့ခေတ် မဖြစ်စေချင် (Daily, Vol-7/No-56 )
15-Jun-2019

မျက်မှောက်ခေတ် မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အားနည်းချက်တွေနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုတာတွေ အမျိုးမျိုးရှိကြတဲ့အနက် တူညီတဲ့အချက်တစ်ခုမှာ အရှက်၊ အကြောက် ကိစ္စပဲဖြစ်ပါတယ်။ 

သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု၊ ခိုးမှု၊ လုယက်မှုတွေကစပြီး လူမှုဆက်ဆံရေးနယ်ပယ်မှာ မကြားဝံ့သာသည့် သတင်းတွေမျိုးစုံအောင် ကြားလာရပါတယ်။ အင်တာနက်ခေတ်၊ လူမှုကွန်ရက်ခေတ်ကြောင့် မကောင်းသတင်းတွေ ပိုကြားလာရတာလား၊ အရှက်တရားနဲ့ အကြောက်တရားဆိုတာကို နားလည်သဘောပေါက်မှု နည်းပါးလာလို့လားဆိုတာ မသိနိုင်ပေမယ့် ကျင့်ဝတ်ပိုင်း၊ ကိုယ်ကျင့်တရားပိုင်းနဲ့ပတ်သက်ပြီး အားနည်းလာတာကိုတော့ သတိပြုမိကြမှာဖြစ်ပါတယ်။ 

ပေါ်ပြူလာဖြစ်တဲ့ ယဉ်ကျေးမှုတွေ လူငယ်လူရွယ်တွေအပေါ် လွှမ်းမိုးလာပြီး ခေတ်ဆန်သည့် ဝတ်စားဆင်ယင်မှု၊ ပြောဆိုနေထိုင်မှုတွေရှိလာတာ ထုံးစံတစ်ခုပဲလို့ ဆို၍ရပေမယ့်လည်း အရှက်တရားနဲ့ ယဉ်ကျေးမှုကင်းမဲ့လွန်းတဲ့ အပြုအမူ အပြောအဆိုတွေကို ဘွဲ့ရခေတ်ပညာတတ်တချို့ကိုယ်တိုင်က အကောင်းထင် အဟုတ်ထင်ပြီး လုပ်ကိုင်လာကြတာကိုလည်း ဝမ်းနည်းဖွယ်တွေ့မြင်ရပါတယ်။

အများပြည်သူတွေရဲ့ အမှုကိုထမ်းဆောင်ကြရတဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေအကြား အဂတိလိုက်စားမှုကို မိမိရပိုင်ခွင့်တစ်ရပ်သဖွယ် သတ်မှတ်လာကြတဲ့အလေ့အထနဲ့ စားသုံးသူတွေကို စားသောက်ကုန်ပစ္စည်း အမျိုးမျိုး ထုတ်လုပ်ရောင်းချကြတဲ့လုပ်ငန်းတွေမှာ အမြတ်အစွန်းဆိုတဲ့ကိစ္စ တစ်ခုတည်းကိုကြည့်ပြီး လူတွေရဲ့အသက်အန္တရာယ် ထိခိုက်နိုင်လောက်တဲ့အရာတွေကို ထည့်သွင်းရောင်းချလာကြတာဟာလည်း လောကပါလတရား နိမ့်ပါးလာတဲ့ သာဓကတွေလို့ပဲ ပြောရမှာပါပဲ။

“သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ”တို့၊ “စေတနာသည် လူတိုင်းနဲ့ မထိုက်တန်”တို့ စတဲ့ လောကရဲ့ အမှန်တရားကိုထောက်ပြတဲ့ လောဂျစ်ကောင်းတွေသဖွယ် ဖြစ်လာတာကလည်း လေးလေးနက်နက် စဉ်းစားကြည့်မယ်ဆိုရင် လောကပါလတရားတွေ ကွယ်ပျောက်စပြုနေပြီဆိုတဲ့ သာဓကတွေပါပဲ။

ငွေကြေးပေးပြီး ဝယ်စရာမလိုတဲ့ စိတ်စေတနာကောင်းကို နှမြောတွန့်တိုတတ်အောင်တွန်းအားပေးပြီး သင်လူဆိုးလုပ်လျှင် သင်သူခိုးလုပ်လျှင် ကျွန်ုပ်လည်း လိုက်လုပ်မယ်ဆိုတဲ့ သဘောမျိုးတွေဖြစ်အောင်၊ တစ်မျိုးပြောရမယ်ဆိုရင် တစ်ဖက်သားအရှက်၊ အကြောက်ကင်းမဲ့တိုင်း ကိုယ်ကလိုက်ပြီး အရှက်၊ အကြောက် ကင်းမဲ့ပြမယ့်သဘောဖြစ်အောင် တွန်းအားပေးတဲ့ လော့ဂျစ်တွေလို့ပဲ ဆိုရပါတော့မယ်။

အဲဒီအရှက်၊ အကြောက်ဆိုတာ ရှက်ကိုးရှက်ကန်းဖြစ်တဲ့သဘော၊ သူရဲဘောကြောင်ပြီး ကြောက်တတ်တဲ့ စိတ်ကိုဆိုလိုတာမဟုတ်ပါဘူး။ မကောင်းတာကို၊ မတရားတာကို လုပ်ဖို့ရှက်တတ်တဲ့စိတ်နဲ့ အဲဒီမကောင်းတာတွေ၊ မမျှတတာတွေဟာ ကိုယ့်တစ်ဦးတည်းကိုသာမက တစ်လောကလုံးကို ဒုက္ခပေးတတ်တဲ့သဘော ရှိပါလားလို့တွေးတောဆင်ခြင်တတ်တဲ့ အကြောက်တရားကိုဆိုလိုတာပါ။ 

အဲဒီလို အရှက်နဲ့ အကြောက်တရားကင်းမဲ့လို့လည်း ယနေ့ကမ္ဘာမှာ ငါ့ဘာသာ၊ ငါ့လူမျိုး၊ ငါ့အဖွဲ့အစည်းနဲ့ မတူတဲ့သူတွေကို ရန်သူလိုသဘောထားပြီး တိုက်ခိုက်တတ်တဲ့ အယူဝါဒဆိုးတွေကြီးထွားလျက်ရှိတာကို သတိပြုကြရမှာဖြစ်ပါတယ်။

အဲဒါကြောင့် မိမိကိုယ်တိုင်နဲ့ မိမိဦးဆောင်နေတဲ့ အဖွဲ့အစည်းကစပြီး မကောင်းမှုကို ရှက်တတ်၊ ကြောက်တတ်အောင် လေ့ကျင့်ထားတတ်ပါမှ ဟီရိ၊ ဩတ္တပ္ပ တရားထွန်းကားတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်နိုင်မယ်ဆိုတာ ပြောချင်ရုံသာဖြစ်ပါတယ်။

အယ်ဒီတာ (၁၅-၆-၂၀၁၉)