News

POST TYPE

OPINION

မယ်ခွေရဲ့ လက်ဆောင်ကို အကြောင်းပြု၍
14-Jun-2019


ပြီးခဲ့တဲ့ အစိုးရသက်တမ်း အစောပိုင်းကာလတုန်းက ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ကဖော်ဆောင်ရွက်ဆိုတဲ့ ဆောင်ပုဒ်ကို ကျယ်ကျယ်လောင်လောင် ကြားခဲ့ရပါတယ်။ ပြည်သူ့အသံဟာ လွှတ်တော်အသံ၊ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်များဟာလည်း ပြည်သူကို ကိုယ်စားပြုတယ်လို့ နားလည်မိပါတယ်။

သို့သော် ယနေ့လိုကာလမှာတော့ ပြည်သူ့အသံ၊ ဖေ့စ်ဘွတ်ခ်အသံဟု ဆိုရမလို ဖြစ်နေပါတယ်။ တစ်နည်းအားဖြင့် ခေတ်သစ်ပြည်သူ့အသံလို့ တင်စားရမလို ဖြစ်နေပါတယ်။ သိတဲ့အတိုင်း ကုန်ခဲ့တဲ့အပတ်က လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ လူပြောများခဲ့တဲ့ ဖြစ်ရပ်တစ်ခုက အဋ္ဌမတန်း မြန်မာစာသင်ရိုးကနေ ရှေးကဗျာစာဆို မယ်ခွေရဲ့ လက်ဆောင်ကဗျာကို ဖြုတ်လိုက်ခြင်းကို ဝေဖန်သံတွေ တညီတညာတည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပါတယ်။ နောက်ဆုံး သမ္မတရုံးရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာတောင် ပြည်သူတွေကိုယ်စား သတင်းထောက်တွေက စိတ်ဝင်တစား မေးမြန်းတာတွေ ရှိခဲ့ပါတယ်။

ကဗျာစာဆို မယ်ခွေရဲ့ ဒီလက်ဆောင်ကဗျာကို ဖြုတ်ခြင်း မဖြုတ်ခြင်းကို ဝေဖန်ကြတာမဟုတ်ဘဲ ဖြုတ်ရတဲ့အကြောင်းအရင်းကို လူတွေ အစာမကြေဖြစ်ကြတာကို တွေ့ရပါတယ်။ ဒီကဗျာက ဆေးလိပ်သောက်ချင် စိတ်ဖြစ်အောင် လှုံ့ဆော်တယ်ဆိုတဲ့အချက်ကို လက်မခံနိုင်တာလို့ ကဗျာဆရာ ဆရာသစ္စာနီက အင်တာဗျူးတစ်ခုမှာ ဖြေထားတာ တွေ့ရပါတယ်။ ဒီကဗျာဖြုတ်လိုက်ခြင်းကို ကဗျာချစ်သူများက ကန့်ကွက်ကြသလို ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ပြည်သူများကလည်း တညီတညွတ်တည်းပင် ဒါ မဖြစ်သင့်ဘူးဆိုပြီး ဝိုင်းကန့်ကွက်ကြရာကနေ အုတ်အော်သောင်းတင်း ဖြစ်သွားတာတော့ အသေအချာပါပဲ။

သမိုင်းထဲက ကဗျာစာဆို မယ်ခွေမှာလည်း ယနေ့ခေတ်စကားနဲ့ ပြောရရင် ဖေ့စ်ဘွတ်ခ်ဆယ်လီ ဖြစ်သွားပါတော့တယ်။ လက်ဆောင်ကဗျာကို အကြောင်းပြု၍ မယ်ခွေကို တစ်နိုင်ငံလုံးက ဟိုးလေးတကျော် သိသွားခဲ့တယ်။ လူမှုကွန်ရက်မှာ သူ့ရဲ့လက်ဆောင်ကဗျာကို မြင်ရဖန်များတော့ တကူးတက အလွတ်မကျက်ဘဲ အလွတ်ရသွားတယ်။ 

စာရေးသူက ကဗျာချစ်သူမို့ ကဗျာတွေဆိုရင် သိပ်တန်ဖိုးထားပါတယ်။ ကဗျာဆရာတွေကို သိပ်လေးစားပါတယ်။ သူတို့ပေးချင်တဲ့ ရသကို စကားလုံးအနုအရွတွေ၊ ကာရန်နဘေတွေနဲ့ ဖန်တီးတတ်သူတွေ ဖြစ်တဲ့အတွက် သူတို့ ဆိုလိုချင်တဲ့အဓိပ္ပာယ်ကို နောက်ခံက တိတ်ဆိတ်နေတဲ့ သမိုင်း၊ ခေတ်ရေစီးကြောင်းတွေနဲ့ ပုံဖော်ခံစားရတာ သိပ်အရသာ ရှိလှပါတယ်။

ဒီတော့ မယ်ခွေရဲ့ လက်ဆောင်ကဗျာကို ခံစားကြည့်တဲ့အခါ တော်တော်လေး ရသလက်ရာမြောက်တဲ့ ကဗျာကောင်းတစ်ပုဒ်လို့ ဆိုချင်ပါတယ်။ သူ၏ ချစ်သူမောင်အပေါ် မေတ္တာကြီးမားတဲ့ ပျိုကညာတစ်ဦးရဲ့ စေတနာထားမှုကို အထင်းသား တွေ့ရပါတယ်။ ဒီကဗျာရဲ့ ရသကို တစိမ့်စိမ့်နဲ့ ကြည်နူးမဆုံးအောင် ဖြစ်ရပါတယ်။ ချစ်တတ်လေခြင်း၊ သူ့ချစ်သူမောင်အပေါ် သိတတ်လေခြင်းဆိုပြီး တသသနဲ့ အရမ်းချစ်စရာကောင်းတဲ့ ဂန္ထဝင်ရသ ကဗျာတစ်ပုဒ်ဆိုရင် မှားမယ်မထင်ပေ။

ဒီလောက်တန်ဖိုးရှိတဲ့ကဗျာကို သင်ရိုးကနေ ဘာကြောင့် ဖြုတ်လိုက်ရသလဲ လေ့လာကြည့်တဲ့အခါ နောက်ပိုင်းသတင်းတွေအရ ဒီကဗျာ ဖြုတ်ရခြင်းမှာ ကဗျာ၌ ဆေးလိပ်ကိစ္စပါနေတဲ့အတွက် ကျန်းမာရေးရှုထောင့်ကနေ ကဗျာကို ရှုမြင်ပြီး ကျောင်းသား၊ ကျောင်းသူများ အတုယူမိမှာစိုး၍ ဖြုတ်စေချင်သည်ဟု ဆေးလိပ်တိုက်ဖျက်ရေး တစိုက်မတ်မတ် ဆောင်ရွက်နေတဲ့ ဆရာဝန်တစ်ဦးက အကြံပေးခဲ့တာလို့ သိရပါတယ်။ သူ့စေတနာလည်း ကောင်းတဲ့စေတနာလို့ ဆိုရပါမယ်။ ကလေးတွေကို အသက်ငယ်ငယ်နဲ့ ဆေးလိပ်မသောက်စေချင်တဲ့ သူ့စေတနာ။ 

သို့သော် ကလေးတွေ အတုယူမှားမှာစိုး၍ ဆေးလိပ်အငွေ့အသက်ပါနေလို့ ကဗျာကို ဖြုတ်စေချင်တာ ဆိုတာကိုတော့ သိပ်လက်မခံချင်ပါဘူး။ ဒီကဗျာက မေတ္တာဘွဲ့ ကဗျာတစ်ပုဒ်လို့ စာပေရှုထောင့်ကနေ မြင်ပါတယ်။ ဒီနေရာမှာ မေတ္တာဘွဲ့ကဗျာကနေ ဆေးလိပ်ကြော်ငြာ ဖြစ်မဖြစ် ဆိုတာကတော့ လက်တွေ့ကျကျ စဉ်းစားကြည့်ရင် ဒီကဗျာကို သင်ပြတဲ့ ဆရာတွေနဲ့လည်း တစ်နည်းတစ်ဖုံ သက်ဆိုင်မယ်ထင်ပါတယ်။ 

ဆရာတွေက ကဗျာရဲ့ အဓိကဆိုလိုရင်းကို ကလေးတွေကို ချပြနိုင်သလားဆိုတာ မေးရမယ့်မေးခွန်း ဖြစ်ပါတယ်။ သင်တဲ့ဆရာက မေတ္တာ ဘွဲ့လိုသင်မလား၊ ဆေးလိပ်ကြော်ငြာလို သင်မလားဆိုတဲ့အပေါ်မှာ တပည့် တွေအပေါ် ရိုက်ခတ်သွားပါလိမ့်မယ်။ ကဗျာရဲ့ရသကို မကြွင်းမကျန် သိနိုင် ခံစားနိုင်ဖို့ ဆရာတွေက ကဗျာကို ဘယ်လိုခံစားကြသလဲ။ မူရင်းရေးသူရဲ့ ဆိုလိုရင်းရသကို ဘယ်လောက်ထိ နားလည်သဘောပေါက်ကြသလဲ ဆိုတာလည်း တစ်ပါတည်း မေးရမယ့်မေးခွန်း ဖြစ်နေပါတယ်။

ဒီလိုဆိုတော့ ဆရာတွေကို အထင်သေး အပြစ်ဆိုသလို ဖြစ်နေပါပြီ။ ဆရာတွေကို အပြစ်ဆို အထင်သေးတာ မဟုတ်ပါဘူး။ မြန်မာ့ပညာရေးရဲ့ လူမှန်နေရာမှန် အတည်တကျ မဖြစ်နိုင်သေးတဲ့အချက်ကို ဆိုလိုရင်းသာဖြစ်ပါတယ်။ ကဗျာကိုချစ်တဲ့သူ၊ ကဗျာရသကို မြတ်နိုးတန်ဖိုးထားသူက ကဗျာကို သင်တာနဲ့ ကဗျာကို စိတ်မဝင်စားသူ သင်တာ သင်တာချင်း တူပေမယ့် ထိရောက်ပုံချင်း ဘယ်တူနိုင်ပါ့မလဲ။ 

နောက်တစ်ချက်က ဆရာတွေကို လေ့ကျင့်သင်ကြားထားမှု၊ ဆရာတွေကိုယ်၌ကလည်း လေ့လာဆည်းပူးထားမှုအပေါ်မှာလည်း မူတည် မယ်ထင်ပါတယ်။ ကဗျာကို ကဗျာဆရာကိုယ်တိုင်သင်မှ ထိရောက်မယ်လို့ သုံးသပ်တာတော့ မဟုတ်ပါဘူး။ ဆရာတိုင်းလည်း ကဗျာဆရာဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ကဗျာသင်မယ့်သူက ကဗျာအကြောင်း ထိုက်သင့်သလောက် တီးမိခေါက်မိဖြစ်ဖို့တော့ လိုပါတယ်။ ဒါမှလည်း မေတ္တာဘွဲ့ကနေ ဆေးလိပ်ကြော်ငြာဖြစ်မသွားစေဘဲ မူရင်းကဗျာ၏ အလှ၊ ရသ၊ ခံစားမှုကို ခရီးပေါက် နိုင်မယ်ထင်ပါတယ်။ အဓိက သင်ပြသူတွေ လူမှန် နေရာမှန် ဖြစ်နေဖို့ လိုအပ်တယ်ဆိုတာ ဆိုလိုရင်း ဖြစ်ပါတယ်။

ဒီတော့ ပြန်ကောက်ရရင် ကျောင်းသားတွေ အတုခိုးမှားမှာစိုးလို့ ဆေးလိပ်အငွေ့အသက်ပါနေတဲ့ ကဗျာကို မသင်စေချင်တာ အင်မတန်မှ ကောင်းတဲ့စေတနာပါ။ ဒီတော့ ကဗျာမသင်ရုံလောက်နဲ့ အလုပ်ဖြစ်ပါ့မလား။ ဆေးလိပ်မသောက်စေချင်ရင် ကျောင်းသားတွေနဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်အားလုံးကို ဖြုတ်ချလိုက်ဖို့ လိုမယ်ထင်ပါတယ်။ ကျောင်းဘေးနားက ကွမ်းယာဆိုင်တွေကိုလည်း ဖြုတ်ပေးရမယ်။ ဆေးလိပ်သောက်တတ်တဲ့ ဆရာတွေကိုလည်း ဆေးလိပ်ဖြတ်ခိုင်းရမယ်။ ကျောင်းသားတွေ ကျောင်းသွားတဲ့ လမ်းတစ်လျှောက် ကွမ်းယာဆိုင်တွေပါ ဖြုတ်ပေးရမယ်။ ကုန်ကုန်ပြောရရင် ဆေးလိပ်ကုမ္ပဏီတွေကိုပါ ကန့်သတ်မှ ဖြစ်ပါမယ်။ ဒါမှလည်း အတုခိုးစရာ နေရာမရှိဘဲ ဆေးလိပ်ကင်းစင်တဲ့ကျောင်း ဖြစ်မယ်ထင်ပါတယ်။

ဒီလိုဆိုပြန်တော့လည်း ကွမ်းယာဆိုင်ကို အကြောင်းပြု၍ ဘဝရပ်တည်နေတဲ့သူတွေက ပြောဦးမယ်။ မရှိမဲ့ ရှိမဲ့လုပ်စားနေတာကို အပြစ်ဆိုတယ် ဆိုပြီးတော့ ခံပြင်းချင် ခံပြင်းမယ်။ သူတို့ အခြားအလုပ်တစ်ခုကို ပြောင်းလုပ်ဖို့ အလုပ်အကိုင် အခွင့်အလမ်း ဘယ်လောက်ရှိသလဲ ပြန်မေးမယ်။ ဒီလိုဆိုပြန်တော့လည်း ဂျာအေး သူ့အမေရိုက် ဖြစ်ကုန်မယ် ထင်ပါတယ်။ အခြေအနေတစ်ခုကို ပြောင်းပစ်ဖို့ဆိုတာလည်း အဲဒီဝန်းကျင်က နစ်နာမယ့်သူတွေကိုပါ ထည့်စဉ်းစားမှ ဖြစ်မယ်ဆိုတော့ ခဲယဉ်းပါတယ်။

ကျောင်းပတ်ဝန်းကျင်မှာ ကန့်သတ်ထားနိုင်တယ်ဆိုဦး။ ကျောင်းရဲ့ အပြင်ဘက်မှာတော့ ဆေးလိပ်တွေနဲ့ ထိတွေ့နေရမှာပါပဲ။ အကုန်လုံး ပိတ်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။ သို့သော် စာရေးသူတို့ လူ့အဖွဲ့အစည်းက အဲဒီလောက်ထိ ပြောင်းလဲဖို့ အဆင်သင့် မဖြစ်သေးဘူး ဆိုတာလည်း သတိပြုစေချင်ပါတယ်။

ဆေးလိပ်ကို တစ်လိပ်ချင်း လွယ်လွယ်ကူကူ ဝယ်လို့ရနေတယ်။ ဆေးလိပ်သောက်ဖို့ အသက်ပြည့်တာ မပြည့်တာ သိပ်ဂရုမစိုက်ဘဲ ဝယ်လာတဲ့သူမှန်သမျှ အသက်ပြည့်ပြည့် မပြည့်ပြည့် ရောင်းစွံရင် ပြီးရောဆိုပြီး ရောင်းနေတာတွေလည်း ရှိနေပါတယ်။ ဆေးလိပ်ကြော်ငြာတွေ၊ အရက်ကြော်ငြာတွေလည်း ကျောင်းပတ်ဝန်းကျင်မှာ မှိုလိုပေါက်လို့။

လူ့အဖွဲ့အစည်းက ပြောင်းလဲဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ အစိုးရက ပြောင်းလဲပါ ပြောင်းလဲပါလို့ ပါးစပ်အာပေါက်အောင် ဘယ်လောက်ပြောပြော နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာ စွဲမြဲလာတဲ့ ခံယူချက်အမှား၊ အသိမှား၊ အတွေးမှားတွေက ရှိနေဆဲ ရှိနေမြဲပါပဲ။ သိတဲ့လူတွေက ပြောပြန်ရင်လည်း အဖြစ်သည်းတယ်တို့ ဖြစ်ကုန်ရော။ ဒီမိုကရေစီခေတ်မှာ ငါနေချင်သလို နေမယ်ဆိုတဲ့ လူတွေကလည်း များမှများ။ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်တာ မဖြစ်တာ နားမလည်၊ ကိုယ့်အတ္တနဲ့ကိုယ် တဇောက်ကန်းတွေ များနေတာကို သတိပြုမိမယ်ထင်ပါတယ်။

ပြန်ဆက်ရရင် ဆေးလိပ်အငွေ့အသက်ပါတဲ့ကဗျာကို မသင်တာထက် ကျောင်းသားတွေ ဆေးလိပ်သောက်ချင်စိတ်မဖြစ်အောင်၊ ဆေးလိပ်ရဲ့ ဆိုးကျိုးတွေကို သင်ပြပေးမှ တကယ်ထိရောက်မယ် ထင်ပါတယ်။ ဆေးလိပ်သောက်ရင် ဘာရောဂါတွေ ရနိုင်တယ်၊ ဘယ်နေရာတွေမှာ ထိခိုက်နိုင်တယ် စသည်ဖြင့် ဆေးလိပ်ဆိုးကျိုးတွေကို အကျယ်တဝင့် သိရှိအောင် လုပ်ဆောင်သင့်ပါတယ်။ 

စာရေးသူ တွေးမိတာတစ်ခုက ဆေးလိပ်သောက်တာကလည်း ယောကျာ်းလေးတွေဆိုတော့ ခုခေတ်စားနေတဲ့ ကမ်ပိန်းလုပ်သလိုမျိုး မိန်းကလေးတွေအနေနဲ့ “ဆေးလိပ်သောက်ရင်တို့ မချစ်ဘူး”ဆိုတဲ့ No Smoking ကမ်ပိန်းတွေများလုပ်ရင် မကောင်းဘူးလား။ ဘာပဲဖြစ်ဖြစ် ကျောင်းသားရဲ့ အသိစိတ်ထဲမှာ ဆေးလိပ်မြင်တာနဲ့ ရွံရှာမုန်းတီးတဲ့စိတ် ဖြစ်အောင် သင်ပြနိုင်ဖို့ လိုပါတယ်။ ဒါမှသာ တကယ့်ပညာရေးလို့ ဆိုရမှာ ဖြစ်ပါတယ်။ လက်ဆောင်ကဗျာကလည်း ဆေးလိပ်သောက်ဖို့ နှိုးဆွတဲ့ ကဗျာမဟုတ်နဲ့အတွက် သူ့အလှနဲ့သူ ရှိစေချင်ပါတယ်။ 

အနုပညာဆိုတာ စာပေပဲဖြစ်ဖြစ်၊ ကဗျာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ပဲဖြစ်ဖြစ် ခံစားသူတွေရဲ့ စရိုက်လက္ခဏာကို အနည်းအများ ကူးစက်မှု ရှိပါတယ်။ ဝတ္ထုစာအုပ်တွေထဲက ဇာတ်ကောင်တွေရဲ့ နေမှုထိုင်မှု၊ တွေးမှုခေါ်မှုတွေက စာဖတ်သူကို ရိုက်ခတ်မှုရှိသလို ရုပ်ရှင်လောကဆိုရင် ပိုသက်ရောက်မှု ရှိနိုင်တယ် ထင်ပါတယ်။ များသောအားဖြင့် ဆယ်ကျော်သက်အရွယ်ဆိုရင် အမှားအမှန် ခိုင်မာစွာ မဆုံးဖြတ်နိုင်သေးတော့ ပိုဆိုးပါတယ်။ မကောင်းတဲ့ အရာကို ကောင်းတယ်လို့ ထင်မြင်ယူဆသွားရင် မခက်ပေဘူးလား။

ဆောင်းပါးရှည်သွားမှာ စိုး၍ အတိုချုံးရရင် မယ်ခွေရဲ့ လက်ဆောင် ကဗျာကို အကြောင်းပြုပြီး ရရှိလာတဲ့ သင်ခန်းစာသုံးခု ယူရင်ရမယ်ထင်ပါတယ်။ 

ပထမအချက်အနေနဲ့ နိုင်ငံရေးအရတွေးရင် ပြည်သူ့အသံ အရမ်းမြန်ဆန်လာနေတယ်။ အစိုးရရဲ့ ဆောင်ရွက်ချက်ကို လက်မခံနိုင်ဘူးဆိုရင် ပြောကြဆိုကြ ဝေဖန်ကြနဲ့ လူမှုကွန်ရက်ကနေ နောက်ဆုံး သမ္မတရုံးသတင်း စာရှင်းလင်းပွဲအထိ အချိန်တိုအတွင်း ရောက်ရှိသွားနိုင်တာကို ကြည့်ရင် လူမှုကွန်ရက်က အသံများဟာလည်း ပြည်သူ့အသံတွေ ဖြစ်နေတယ်ဆိုတာပါပဲ။ ဒီတော့ ပြည်သူ့အသံ ဖေ့စ်စ်ဘွတ်အသံဟု ဆိုရမလို ဖြစ်နေပါတယ်။ အစိုးရဘက်က တွေးကြည့်ရင်လည်း ဘာပဲလုပ်လုပ် သေသေချာချာ စနစ်တကျ အကျိုးအကြောင်း ခိုင်လုံစွာ လုပ်ဆောင်ရမယ်ဆိုတဲ့ အချက်ပေးသံတစ်ခု ဖြစ်မယ်ထင်ပါတယ်။

ဒုတိယသင်ခန်းစာက ဒီနိုင်ငံကို တိုးတက်စေချင်တယ်ဆိုတဲ့ စေတနာ၊ အထူးသဖြင့် နိုင်ငံရဲ့ အနာဂတ်လို့ ခေါ်ကြတဲ့ ကလေးတွေအပေါ်မှာ လူကြီးတွေရဲ့ တာဝန်သိစိတ် မြင့်မားလာနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါက အင်မတန်မှ ကောင်းတဲ့စေတနာလို့ ဂုဏ်ပြုချင်ပါတယ်။ ကလေးတွေကို ဆေးလိပ်မသောက်စေချင်၍ ကဗျာကို ဖြုတ်ဖို့ အကြံပြုခဲ့တဲ့သူတစ်ဦးရဲ့ စေတနာက သာမန်ကာလျှံကာကြည့်ရင် ဝေဖန်စရာလို့ ထင်ရပေမယ့် နိုင်ငံအပေါ်ထားတဲ့ သူ့လိုစေတနာ လူတိုင်းထားနိုင်မယ်ဆိုရင် ကျောင်းဘေးနားမှာ ကွမ်းယာဆိုင်မရှိနိုင်သလို ဆေးလိပ်ရောင်းတဲ့ဆိုင်တွေလည်း ကလေးတွေကို ဆေးလိပ်ပေးမရောင်းတဲ့ တာဝန်သိမှု မြင့်မားလာမယ် ထင်ပါတယ်။ အနာဂတ်မျိုးဆက်တွေအပေါ် တန်ဖိုးထားတဲ့ အမှုအကျင့် အလေ့အထတွေ ပိုများလာရင် ပြောင်းလဲမှုတစ်စုံတစ်ရာကို ဦးတည်စေမယ်လို့ ယုံကြည်မိပါတယ်။

တတိယသင်ခန်းစာက အစိုးရအနေနဲ့ မူဝါဒသော်လည်းကောင်း၊ လုပ်ငန်းများသော်လည်းကောင်း ဆောင်ရွက်တဲ့အခါ ဘက်ပေါင်းစုံက တွေးခေါ်စဉ်းစားဖို့ လိုမှာဖြစ်ပြီး ရှုထောင့်တစ်ခုတည်းကနေ မှန်နေရုံနဲ့ မှန်ပြီဟုမဆိုနိုင်ဘဲ ပြည်သူအများရဲ့တုံ့ပြန်မှုက ဘယ်လိုရှိနိုင်သလဲဆိုတာ ကိုပါ တစ်ခါတည်း စဉ်းစားရမယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒီမယ်ခွေရဲ့ လက်ဆောင်ကဗျာလို အများနဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေမှာ လိုအပ်ရင် လိုအပ်သလို ပြည်သူရဲ့အကြံပြုချက်တွေကို တောင်းခံရမယ်ဆိုတဲ့ လုပ်ငန်း စဉ်တစ်ရပ်ကို မလွဲမသွေလုပ်ဖို့ လိုအပ်မယ်ထင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ တင်ပြလိုတာက ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ရန်ကုန် တက္ကသိုလ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တက္ကသိုလ်ကျောင်းသားများနဲ့ ပြုလုပ်တဲ့ ရသစာပေစကားဝိုင်းတစ်ခုမှာ ကျောင်းသားတစ်ဦး ဆွေးနွေးခဲ့တဲ့ ဆွေးနွေချက်တစ်ခုနဲ့ အဆုံးသတ်ချင်ပါတယ်။

“ကဗျာသင်တဲ့အခါ ဆရာက ကဗျာရဲ့ရည်ရွယ်ချက်ကို ကျောင်းသားတွေကို ချမပြဘဲ ကျောင်းသားတွေကိုယ်တိုင် လွတ်လပ်စွာ တွေးခွင့်၊ ခံစားခွင့် ပေးစေချင်ပါတယ်။ ကဗျာဆိုတာ ခံစားသူတွေးသလို လွတ်လွတ်လပ်လပ် တွေးနိုင်တာမို့ လွတ်လပ်စေချင်ပါတယ်”ဟူ၍ ဖြစ်ပါတယ်။ 

စာရေးသူကတော့ မယ်ခွေရဲ့ လက်ဆောင်ကဗျာကို ချစ်လွန်းလို့ စိတ်ထဲက အဖန်တလဲလဲ ရွတ်ဆိုနေမိပါတော့တယ်။

သားညိုထွေး




  • VIA