News

POST TYPE

OPINION

ဒီမိုကရေစီအစိုးရတို့အတွက် အရေးကြီးသည့် မှတ်ကျောက်တစ်ခု (Daily, Vol-7/No-54)
12-Jun-2019
မြန်မာနိုင်ငံသားများ သွားရောက်လည်ပတ်သည့် နေရာထဲတွင် တစ်ခုအပါအဝင် ဖြစ်ရုံမျှမက မြန်မာကျောင်းသားများ ပညာသွားရောက်သင်ယူရာနေရာလည်းဖြစ်သည့် ဟောင်ကောင်၌ အငြင်းပွားဖွယ်ဥပဒေကြမ်းတစ်ရပ် ဖျက်သိမ်းရေးနှင့်ပတ်သက်၍ လတ်တလောဖြစ်နေသည့် အခြေအနေအရပ်ရပ်မှာ အထူးပင် စိတ်ဝင်စားစရာ ကောင်းလှပေသည်။

တရားခံလွှဲပြောင်းပေးရေးဆိုင်ရာ ဥပဒေမူကြမ်းတစ်ရပ်ကို ဟောင်ကောင် ပါလီမန် ဥပဒေပြုကောင်စီက အတည်ပြုရန်စီစဉ်လျက်ရှိပြီး ယင်းဥပဒေကိုသာ အတည်ပြုခဲ့မည်ဆိုပါက ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးလက်အောက်မှ တရားရုံးများနှင့် တရားစီရင်ရေးစနစ်တွင်ပါဝင်နေသူများနှင့် ဟောင်ကောင်ကျွန်းတို့ ချိတ်ဆက်ရမည်ဖြစ်ရာ မျှတသော တရားစီရင်ရေးတစ်ရပ် ပျောက်ဆုံးမည်ကို စိုးရိမ်သောကြောင့် သန်းနှင့်ချီသော ဟောင်ကောင်ပြည်သူများက အသည်းအသန် ကန့်ကွက်နေကြခြင်းဖြစ်သည်။

ဒီမိုကရေစီစနစ် ကျင့်သုံးနိုင်ရုံသာမက နိုင်ငံရေးလွတ်လပ်ခွင့် အတော်များများ ရရှိထားသော ဟောင်ကောင်ကျွန်း၏ တရားစီရင်ရေးပိုင်းတွင် တရုတ်ပြည်မကြီး ဝင်ရောက်ခြယ်လှယ်လာမည်ကို မလိုလားသောကြောင့် ပါလီမန်အပါအဝင် အစိုးရအဆောက်အအုံများကို ဝိုင်းရံပိတ်ဆို့သည်အထိ ပြင်းပြင်းထန်ထန်ဆန္ဒပြကြခြင်းလည်းဖြစ်ပေသည်။ ၁၉၉၇ ခုနှစ်၊ ဟောင်ကောင်လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း အကြီးမားဆုံးသော ဆန္ဒပြပွဲကြီးလည်းဖြစ်၊ အိုင်တီနှင့် ဆက်သွယ်ရေး နည်းပညာ အားကောင်းသော ခေတ်လည်းဖြစ်သောကြောင့် ဟောင်ကောင်ဆန္ဒ ပြပွဲကြီးကို တစ်ကမ္ဘာလုံးက အနီးကပ်တွေ့ မြင်ခွင့်ရရှိသလို အာဏာပိုင်များက ဆန္ဒပြမှုကို တရားဥပဒေနှင့်အညီ တုံ့ပြန်နိုင်ခြင်း ရှိ မရှိကိုလည်းသိရှိခွင့်ရကြပေသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စတင် အကောင်အထည်ဖော်ခဲ့သည့် လွန်ခဲ့သည့် ၈ နှစ်ကျော်ခန့်မှစ၍ ယနေ့အချိန်အထိ ဖြစ်ပေါ်ခဲ့သော အဓိကရုဏ်းများနှင့် ဆန္ဒပြပွဲများနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တုံ့ပြန်ဖြေရှင်းရာတွင် တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် သတင်းထုတ်ပြန်လေ့ရှိခဲ့သည်ကို သတိပြုမိပါသည်။

သမ္မတဦးသိန်းစိန်ခေတ်တွင် လက်ပံတောင်းတောင်ကိစ္စ၊ NLD အစိုးရခေတ်တွင် လွိုင်ကော် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ အစရှိသည်တို့မှာ အဓိကရုဏ်းနှင့် ဆန္ဒပြပွဲများနှင့်ပတ်သက်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အရည်အချင်း (စွမ်းဆောင်ရည်ကို) တွေ့မြင်ခွင့်ရခဲ့သည့် ဖြစ်ရပ်များပင်။ ဒီမိုကရေစီခေတ်တွင် ရဲတပ်ဖွဲ့အနေနှင့် လူ့အခွင့်အရေးနှင့် နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် ကိုက်ညီအောင် မည်မျှအတိုင်းအတာအထိ တုံ့ပြန်နိုင်သနည်းဟူသည်ကို မှတ်ကျောက်တင်ပေးသည့် ဖြစ်စဉ်များလည်း ဖြစ်ပေသည်။

ယနေ့အထိ သေချာနေသေးသည့်ကိစ္စမှာ မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေးဆက်နွှယ်သော ဆူပူအကြမ်းဖက်မှုများ၊ ပဋိပက္ခများနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများအပေါ် သက်ဆိုင်ရာ အာဏာပိုင်များ၏ ကိုင်တွယ်ဖြေရှင်းမှုများသည် အမြဲပင်ဝေဖန်စရာများနှင့် အားနည်းချက်များရှိခဲ့သည်၊ ရှိနေဆဲဖြစ်သည်ဟု ဆို၍ရနိုင်ပေသည်။

သို့သော်လည်း ရဲတပ်ဖွဲ့ကဲ့သို့သော တရားဥပဒေ စိုးမိုးရေးကိစ္စကို အကောင်အထည်ဖော်နေသည့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများအနေနှင့် အတိတ်ကာလက အပြစ်ပြောစရာ ရှိခဲ့သည့်ဖြစ်ရပ်များမှ သင်ခန်းစာယူကာ အနာဂတ်တွင် ဖြစ်လာနိုင်စရာရှိသည့် ပြဿနာများအတွက် ကြိုတင်ပြင်ဆင်ထားမည်ဆိုပါက ဟောင်ကောင်ကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ကြုံတွေ့လာရသည့်တိုင် ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ရပ်၏ အဓိကအနှစ်သာရမှာ ဥပဒေ၏အထက်၌ မည်သူတစ်ဦးတစ်ယောက်မျှ မရှိခြင်းဆိုသော မူဝါဒကို အပြည့်အဝ လက်ကိုင်ကျင့်သုံးရေးသည်သာဖြစ်ရာ ဒီမိုကရေစီ အစိုးရလက်ထက်၌ မြန်မာနိုင်ငံ၏ ဥပဒေများ၏အထက်တွင် လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ပါတီတစ်ခုခု ရှိမနေစေရန် ဝိုင်းဝန်းထိန်းကျောင်းပေးကြရမည်ဖြစ်ကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၁၂-၆-၂၀၁၉)