News

POST TYPE

OPINION

တပ်မတော် မနိုင်ဝန် ထမ်းနေရသလား
18-Jan-2019



မြန်မာ့တပ်မတော်သည် စစ်တပ်ဖြစ်သည့်အားလျော်စွာ တိုင်းပြည်၏ ကာကွယ်ရေး၊ လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေရသည်။ ထို့အပြင် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို တပ်မတော်က ဦးဆောင်အကောင်အထည်ဖော်ခဲ့မှု၏ အကြွင်းအကျန်များအဖြစ်လည်းကောင်း၊ တပ်မတော်သားများ သက်သာချောင်ချိ ရေးအတွက်လည်းကောင်း စီးပွားရေးလုပ်ငန်းအတော်များများကို လုပ်ကိုင်နေရသည်။ ထို့ပြင် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဆီသို့ ချောမွေ့ စွာကူးပြောင်းနိုင်ရေးအတွက်လည်း တပ်မတော်သည် နိုင်ငံရေးတွင် ၂၅ ရာခိုင်နှုန်းကျော် ပါဝင်ထမ်းဆောင်နေရသည်။ တပ်မတော်သည် မူလတာဝန်ဖြစ်သော ကာကွယ်ရေး၊ လုံခြုံရေးတာဝန်များကိုသာမက စီးပွားရေးနှင့် နိုင်ငံရေးတာဝန်များကိုပါ အပိုထမ်းရွက်နေရခြင်းဖြစ်သည်။

တပ်မတော် မနိုင်ဝန်ထမ်းနေရသလား

စာရေးသူ၏ ကွယ်လွန်သွားပြီဖြစ်သောဖခင်ကြီးက “မနိုင်ဝန်တော့ မထမ်းနဲ့ကွ”ဟု အခါခါဆုံးမခဲ့သည်ကို သတိရမိသည်။ ကိုယ် ကောင်းကောင်းမွန်မွန် နိုင်နိုင်နင်းနင်း မ,မနိုင်သောဝန်ကိုထမ်းမိပါက လွတ်ကျကာပျက်စီး။ ထိုသို့ဆိုလျှင် ကြိုးစားပမ်းစားထမ်းရသောကိုယ်လည်း ချီးကျူးမခံရ။ ခိုင်းစေသူမှာလည်း ပစ္စည်းကျကွဲသည့်အတွက် ဆုံးရှုံးနစ်နာရသည်။

တပ်မတော်သည် ကာကွယ်ရေး၊ လုံခြုံရေးတာဝန်များအပြင် နိုင်ငံရေးနှင့် စီးပွားရေးတာဝန်များကိုပါ ထမ်းရွက်နေရရာ စစ်မျက်နှာသုံးခုကို တစ်ပြိုင်တည်းဖွင့်တိုက်နေရသလို ဖြစ်နေသည်။ ထိုသို့ မိမိ၏ ပင်ကိုသဘော သဘာဝနှင့် မကိုက်ညီသောတာဝန်အပိုများကိုပါ ထမ်းရွက်နေရသဖြင့် မနိုင်ဝန်ထမ်းနေရသလို ဖြစ်မည်ကို စိုးရိမ်ပူပန်မိပါသည်။

တကယ်တော့ ပြည်တွင်းစစ် မငြိမ်းသေးသော၊ တိုင်းရင်းသား ပြည်နယ်တိုင်းလိုလို၌ လက်နက်ကိုင်အဖွဲ့များရှိနေသော မြန်မာနိုင်ငံအတွက် ထမ်းရွက်နေရသော ကာကွယ်ရေး၊ လုံခြုံရေးတာဝန်များသည်ပင် တပ်မတော်အတွက် အလွန်ကြီးလေးနေရပါသည်။ ထို့ကြောင့် နိုင်ငံရေးနှင့် စီးပွားရေးတာဝန်များကိုပါ ထမ်းရွက်နေသော တပ်မတော်သည် မူလတာဝန်ဖြစ်သော ကာကွယ်ရေးနှင့်လုံခြုံရေး၌ အားနည်းသွားမည်ကို စိုးရိမ်မိပါသည်။

တပ်မတော်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်နေရသည်။ အပစ်အခတ် ရပ်စဲထားလျှင်သော်မှ စစ်၏သဘောသဘာဝအရ မျက်ခြည်မပြတ်စောင့် ကြည့်နေရန်လိုသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနှင့် ပြည်တွင်းစစ်ဆင်နွှဲနေရသည့် တာဝန်များဖြင့်ပင် လွန်စွာအလုပ်များနေပေမည်။

ရခိုင်ပြည်နယ်တွင်လည်း ဘင်္ဂါလီစစ်သွေးကြွများ၏ အလစ်အငိုက်ဖမ်းပြီး အကြမ်းဖက်တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ရာ လုံခြုံရေးများနှင့် အရပ်သားများ သေကျေဒဏ်ရာရခဲ့သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်လုံခြုံရေးအတွက် အင်အားများတိုးချဲ့ နေရာချထားပြီးချိန်မှာပင် မကြာသေးခင်ကမှ ပေါ်ပေါက်လာခဲ့သော (AA) ရခိုင်လက်နက်ကိုင်အဖွဲ့၏ “နောက်ကြော ဓားဖြင့်ထိုးခြင်း” ခံခဲ့ရရာ ရဲတပ်သားအချို့ ကျဆုံးခဲ့ရပြန်သည်။

ထိုကဲ့သို့ တာဝန်များကို မနိုင်မနင်းထမ်းရွက်နေရသော တပ်မတော်သည် မနှစ်က မြန်မာ့ရေပိုင်နက်အတွင်းသို့ လူမပါသောကုန်တင်သင်္ဘော ဟောင်းတစ်စင်း ရောက်ရှိလာသည်ကို ရက်အတန်ကြာမှ ဒေသခံများ၏ သတင်းပေးမှုကြောင့် သိခဲ့ရသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံက ရေငုပ်သင်္ဘောများ ဝယ်ယူဖြည့်တင်းနေချိန်တွင် ထိုဖြစ်ရပ်ပေါ်ပေါက်ခဲ့ခြင်းအတွက် ပြည်သူအချို့ အားမလိုအားမရ ဖြစ်ခဲ့ရသည်။ စွမ်းဆောင်ရည်ပြည့်ဝသော ခေတ်မီတပ်မတော်တည်ဆောက်ရေးဟူ၍ ကြွေးကြော်နေသော်လည်း ယခင်နှစ်အတွင်း စစ်တပ်လေယာဉ်များ မကြာခဏပျက်ကျခဲ့ခြင်းကလည်း ပြည်သူများကို အားမလိုအားမရ ဖြစ်စေခဲ့သည်။

တပ်မတော်၏ ကာကွယ်ရေး၊ လုံခြုံရေးတာဝန်များ နိုင်နင်းစွာထမ်းရွက်နိုင်မှုကို အာဆာ ဘင်္ဂါလီစစ်သွေးကြွများက စိန်ခေါ်ခဲ့သလို လွန်ခဲ့သော ကိုးနှစ်ခန့်ကမှ စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ တပ်အင်အား ခုနစ်ထောင်ခန့်ပင်ရှိနေပြီဟု ဆိုကြသော ရခိုင်လက်နက်ကိုင်အဖွဲ့ကလည်း စိန်ခေါ်လျက်ရှိသည်။ ရခိုင်လက်နက်ကိုင်အဖွဲ့ အချိန်တိုအတွင်း အင်အားကြီးထွားလာခဲ့ပြီး ကချင်ပြည်နယ်နှင့် တရုတ်နယ်စပ်တွင် အခြေစိုက်ရာမှတစ်ဆင့် ရခိုင်ပြည်နယ်ထဲထိ ထိုးဖောက်စိမ့်ဝင်လာနိုင်ခဲ့ခြင်းကို မဟန့်တားနိုင်ခဲ့ခြင်းမှာ တပ်မတော်သည် မနိုင်ဝန်များထမ်းရွက်နေရကြောင်း ပေါ်လွင်စေသည်။

ရခိုင်ပြည်နယ်တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်၊ ကုလားတန်မြစ်ကြောင်း ပြုပြင်မွမ်းမံရေး စသည့်စီမံကိန်းများ ရှိနေသည့်အပြင် တရုတ်သို့ သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြီးလည်း ရှိနေသည်။ ထို့ကြောင့် ရခိုင်သည် နယ်မြေတည်ငြိမ်အေးချမ်းရန် အရေးကြီးသောဒေသဖြစ်သည်။ အကယ်၍ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာပြီး စီမံကိန်းများ၊ စီးပွားရေးလုပ်ငန်းများ ထိခိုက်လာရပါက နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများသည် အခြေချလုပ်ကိုင်ရန် နှစ်ခါပြန်စဉ်းစားလာကြပေမည်။

နာမည်ကောင်းမရသော တပ်မတော်

တပ်မတော်သည် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကိုသာမက စီးပွားရေးနှင့် နိုင်ငံရေးတာဝန်များကိုပါ မနိုင်မနင်း ထမ်းရွက်ခဲ့၊ ထမ်းရွက်နေသော်လည်း နာမည်ကောင်းမရသည့်အပြင် ပြည်သူလူထု၏ ငြိုငြင်ခြင်းကိုပါ ခံနေရသည်။ ရခိုင်ပြည်နယ်အရေးတွင်လည်း ဘင်္ဂါလီစစ်သွေးကြွများကို နယ်မြေရှင်းလင်းချေမှုန်းပေးခဲ့ရာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်သည်ဟူ၍ပင် နိုင်ငံတကာ၏ စွပ်စွဲအပြစ်တင်ခြင်း ခံနေရသည်။ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တပ်မတော်ခေါင်းဆောင်များကို တရားရုံးတင် အပြစ်ပေးနိုင်ရန် သက်သေအထောက်အထားများ ရှာဖွေစုစည်းမည့်အဖွဲ့အတွက်လည်း ကုလသမဂ္ဂက ဒေါ်လာ၂၈ သန်း ဘတ်ဂျက်ထုတ်ပေးလိုက်သည့် အခြေအနေသို့ပင် ရောက်ရှိနေရသည်။ အကယ်၍ အမေရိကန်မှာကဲ့သို့ပင် စစ်တပ်သည် အရပ်သားအစိုးရကာကွယ်ရေးဝန်ကြီး၏ လက်အောက်တွင်ရှိပါက၊ သမ္မတကို ကာကွယ်ရေးဦးစီးချုပ်ရာထူး အပ်နှင်းထားပါက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနှင့် ထိုဖြစ်ရပ်များအတွက် ဤမျှလောက် ခေါင်းခံရမည်မဟုတ်ပါ။

တပ်မတော်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေး ဝန်ကြီးဌာနကိုလည်း တာဝန်ယူရသလိုဖြစ်နေရာ အထွေထွေအုပ်ချုပ်ရေးဌာန၏ အမျိုးမျိုးသော အကျင့်ပျက်ခြစားမှုများသည်လည်း တပ်မတော်ကို နာမည်ပျက်စေသလို ဖြစ်ခဲ့သည်။ ယခုနှစ်ဆန်းပိုင်းတွင်မူ တပ်မတော်သည် အထွေထွေအုပ်ချုပ်ရေးဌာနကို အရပ်သားအစိုးရလက်အောက်သို့ အပြည့်အဝ လွှဲပြောင်းပေးလိုက်ရာ ပြည်သူလူထုကို နှစ်ထောင်းအားရ ဖြစ်စေခဲ့သည်။

အထွေထွေအုပ်ချုပ်ရေးဌာနနည်းတူ ပြည်သူလူထုက မျက်မုန်းကျိုးနေသည့် ရဲတပ်ဖွဲ့ကြောင့်လည်း တပ်မတော်မှာ ကြားထဲက နာမည်ဆိုးထွက်နေရသည်။ ထို့ကြောင့် တပ်မတော်အနေနှင့် သင့်လျော်သာအချိန်ကာလတွင် ရဲတပ်ဖွဲ့ကို အရပ်သားအစိုးရလက်အောက်သို့ အမြန်ဆုံးအပြည့်အဝ လွှဲပြောင်းပေးလိုက်ခြင်းဖြင့် ပြည်သူလူထု၏ ချစ်ကြည်မှုကို ပြန်လည်ရယူသင့်ပါသည်။

စစ်တန်းလျားကို ဘယ်တော့ပြန်မလဲ

တပ်မတော်သည် ပြည်တွင်းစစ်ပြီးဆုံးပြီး ဒီမိုကရေစီစနစ် အခြေခိုင်သည့်အချိန်ရောက်မှသာ စစ်တန်းလျားသို့ပြန်မည်ဟု နိုင်ငံရေးလေ့လာသူအများစုက ခန့်မှန်းထားကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ်ထက် နောက်မကျစေဘဲ ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းမည်ဟု ပြောကြားထားသည်။ သို့သော် မြန်မာပြည်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ရှုပ်ထွေးပြီးရှည်ကြာမည့် သဘောရှိရာ ဖက်ဒရယ်ပြည်ထောင်စုအိပ်မက်သည် အလှမ်းမနီးသေးပေ။

ပြည်တွင်းစစ်ပြေငြိမ်းရေးနှင့် ဒီမိုကရေစီ အခြေခိုင်ရေးဆိုသော ရည်မှန်းချက်များမှာ နီးသောပန်းတိုင်များမဟုတ်ပါ။ ထို့ကြောင့် အဆိုပါ ရည်မှန်းချက်များမပြည့်ဝမီမှာပင် တပ်မတော်အနေနှင့် နိုင်ငံရေးနှင့် စီးပွားရေး၌ ပါဝင်ပတ်သက်မှုများကို ဖြေလျှော့စွန့်လွှတ်ကာ ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကိုသာ အပြည့်အဝအာရုံစိုက်သင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ပါသည်။

မိုးအေး