News

POST TYPE

OPINION

လမ်းပေါ်မှာပဲ ဈေးရောင်းချင်တော့တယ်
18-Jan-2019



ဝန်ထမ်းဘဝ ငြီးငွေ့လှပါတယ်။ ရတဲ့လစာကလည်း ဝမ်းမဝ ခါးမလှ။ မိသားစုများများလို့ကတော့ နေ့စာညစာ အလျဉ်မီအောင် မနည်းလုံးပန်းရတယ်။ အဖေတို့ အမေတို့ခေတ်ကဆို မိဘနှစ်ပါးလုပ်စာဟာ တစ်မိသားစုလုံး စိတ်လက် ချမ်းသာစွာစားသောက်နေထိုင်ခဲ့ရတယ်။ သားသမီးတိုင်းကို ပညာအမွေ ပေးနိုင်ခဲ့တယ်။

ခေတ်တွေ စနစ်တွေဆိုတာကလည်း ပြောင်းလာလိုက်တာ။ ဟို...သမိုင်းဦးဘုံမြေစနစ်ကနေ ရေတွက်ကြည့်လိုက်ရင် နည်းပါရောလား။ အဲဒီ နိုင်ငံတွေကြည့်လိုက်ရင် တချို့ဆို ကွန်မြူနစ်စနစ်နဲ့ နိုင်ငံကိုထူထောင်တာပဲ။ ကြီးပွားလိုက်တာ။ တရုတ်ပေါ့။ တချို့နိုင်ငံဆိုလည်း ဆိုရှယ်လစ်စနစ်ကိုပဲ တစိုက်မတ်မတ်ကျင့်သုံးခဲ့တာ။ ဒေသတွင်းနိုင်ငံတွေထဲမှာ ထိပ်ဆုံး အထိပဲ။ ဗီယက်နမ်နိုင်ငံပဲကြည့်ပေါ့။ ဘုရင်စနစ် ကျင့်သုံးနေဆဲနိုင်ငံတွေလည်း ရှိတယ်။ ဒီမိုကရေစီဘိုးအေနိုင်ငံတွေရှိသလို ချီတက်ဆဲနိုင်ငံတွေလည်း အများကြီးပေါ့။ တချို့လည်း အောင်မြင်လို့ တချို့လည်း အလဲလဲ အကွဲကွဲနဲ့ပေါ့။ အောင်မြင်တဲ့နိုင်ငံအများစုကိုကြည့်ရင် ခေတ်တွေစနစ် တွေနဲ့မဆိုင်ဘူး။ လူသာအဓိကပါပဲ။ အဲဒီခေတ်စနစ်မှာ ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်တွေကို ပြည်သူတွေ ဘယ်လောက်အလေးထားတယ်၊ ဘယ်လောက်လိုက်နာဆောင်ရွက်တယ်ဆိုတဲ့ အပေါ်မှာပဲ မူတည်နေတာ တွေ့ရတယ်။

ကြည့်လေ။ တရုတ်ဆိုလည်း ဘိန်းစစ်ပွဲအကြိမ်ကြိမ် ဖြစ်ခဲ့တယ်။ ဗီယက်နမ်ဆိုလည်း အမေရိကန်နဲ့ ဖြစ်လိုက်တဲ့စစ်။ ဂျပန်ဆိုလည်း အနုဏုမြူ ဗုံးဒဏ်ကြောင့် ပြာပုံအထိဖြစ်ခဲ့တာ။ အိမ်နီးချင်းစင်ကာပူဆိုရင် တစ်ချိန်က တံငါရွာလေးအဆင့်ပါပဲ။ ခုတော့ အရာအားလုံးက ပြောင်းလဲသွားပါပြီ။ အဲဒီအပြောင်းအလဲကို ဖော်ဆောင်သူတွေကတော့ အဲဒီနိုင်ငံအသီးသီးမှာနေကြတဲ့ ပြည်သူတွေပါပဲ။ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုမရှိရင် ဘယ်အရာမှ မအောင်မြင်နိုင်ဘူးဆိုတဲ့ ပြယုဂ်တွေပါပဲ။

ဒီမိုကရေစီနိုင်ငံလို့ ဆိုလိုက်တာနဲ့ လူတိုင်းရဲ့စိတ်ထဲမှာ အတွေးတစ်ခုက ဝင်လာပါတယ်။ အဲဒါက ဘာလဲဆိုတော့ အရာရာကိုသည်းခံ စိတ်ပျက်သွားခြင်းပါပဲ။ အဲဒါအပြင် လွတ်လပ်စွာပြောလို့ရတယ်။ အဲဒီနောက်ပိုင်းမှာ အကောင်းအဆိုး အကြောင်းအကျိုး ဝေဖန်ဆန်းစစ်မှုမရှိတော့ပဲ မြင်သမျှ ကြားသမျှ ပြောဆိုဝေဖန် ဆဲရေးတိုင်းထွာနေကြတော့ တာပါပဲ။ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ရှိတယ်ဆိုတဲ့ အသိနောက်မှာ ဘယ်သူ့မှ လူမထင်တော့ပါဘူး။ မူးချင်မူးမယ် ရူးချင်ရူးမယ် သောက်မယ်စားမယ် ပျော်မယ်ပါးမယ် နေချင်သလိုနေမယ် ဝတ်ချင်သလိုဝတ်မယ်။ တစ်ခါတလေ ဘာသာရေးကိုဗန်းပြပြီး အပျော်ကျူးလာတယ်။ လူမှုအဖွဲ့ အစည်းတွေကိုအမှီပြုပြီး ရမ်းကားလာတယ်။ အဖွဲ့အစည်းတွေကိုယ်တိုင် စည်းမဲ့ကမ်းမဲ့ ပျော်ပါးကခုန်လာတယ်။ အသံချဲ့စက်ဆောင်းဘောက်တွေနဲ့ နားကွဲမတတ် အချိန်မရှိအချိန်ရှိ မတွေးဆတော့မိပဲ အစွန်းတစ်ဖက် ရောက်လာတယ်။ ဒါတွေနဲ့ပတ်သက်ပြီး မီဒီယာတွေမှာ ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင်ဖြစ်ခဲ့တယ်။ အဲဒီလိုဝေဖန်ထောက်ပြပြန်တော့လည်း တံဆိပ်အမျိုးမျိုးတပ်ပြီး ရှုတ်ချချင်ကြပြန်တယ်။ လွတ်လပ်မှုရဲ့ နောက်ကွယ်က တာဝန်ယူမှုတာဝန်ခံမှုဆိုတာကိုတော့ လျစ်လျူရှုထားတတ်ကြပြန်ပါတယ်။

ဒီမိုကရေစီဆိုတာ အလွန်စည်းကမ်းပြည့်ဝတဲ့ စနစ်တစ်ခုပါ။ လူ့အခွင့်အရေးကို တန်ဖိုးထားမှုနဲ့အတူ လူသားတိုင်းရဲ့လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုကို အလေးအမြတ်ထားခြင်းပါ။ အဲဒီအပေါ်မှာ ဘယ်သူမှ အခွင့်အရေးပိုလိုချင်လို့မရပါဘူး။ သတ်မှတ်ထားတဲ့စံနှုန်းတွေ ထက်ကျော်လွန်လာပြီဆိုရင်တော့ အဲဒါဒီမိုကရေစီစနစ်ရဲ့ ဖျက်မျဉ်းတွေလို့ နားလည်လာရမှာပါ။ သူ့စည်းသူ့ကမ်းကကင်းလေလေ ဒီမိုကရေစီနဲ့ ဝေးလေလေပါပဲ။ ဒီမိုကရေစီကိုတည်ဆောက်ချင်ရင် စည်းမဲ့ကမ်းမဲ့နည်း မျိုးနဲ့တော့ဆိုရင် ခရီးကအတော်ဝေးလွန်းလှပါတယ်။

တစ်ချိန်က မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့ရ ပြီဆိုတဲ့စကား နာကြည်းစွာနဲ့ပဲ ဆိုခဲ့ကြဖူးပါတယ်။ ခုဆို လွတ်လပ်ရေးရပြီးတာတောင် နှစ်ပေါင်း ၇၀ ကျော်ခဲ့ပါပြီ။ ခေတ်တွေစနစ်တွေလည်း အလီလီအလာလာ ပြောင်းခဲ့ပါပြီ။ အုပ်ချုပ်သူတွေလည်း ပြောင်းတန် သရွေ့ပြောင်းနေပါပြီ။ ရုပ်ဝတ္ထုပစ္စည်း ဖွံ့ဖြိုးတိုးတက်မှုတွေလည်း မြင့်တန် သရွေ့မြင့်ခဲ့ပါပြီ။ ဒါပေမဲ့ လူတွေရဲ့ ပြုပြင်ပြောင်းလဲရမယ့်စိတ်ဓာတ်တွေ အမူအကျင့်တွေ လိုက်ပါပြောင်းလဲဖို့ပဲ ကျန်နေပါတော့တယ်။

စင်ကာပူကိုရောက်ခဲ့သူတိုင်းက ပြောတယ်။ သိပ်သန့်ရှင်းတာပဲတဲ့။ သဲတစ်မှုန် ဖုန်တစ်မှုန့် အမှိုက်တစ်စမတွေ့ရဘူးတဲ့။ လမ်းသွားလမ်းလာရင်း အမှိုက်ပစ်တာ၊ ကွမ်းတံတွေးထွေးတာ မတွေ့ရဘူးတဲ့။ ဒါပေမဲ့ မြန်မာပြည်ရောက်လာရင် သူတစ်ပါးနိုင်ငံမှာ စည်းနဲ့ကမ်းနဲ့နေတဲ့သူတောင် စည်းကမ်းလိုက်နာမှု ပျက်ကွက်ကြတယ်။ ဘာကြောင့်လဲ အဓိကခြားနားချက်က ပြဋ္ဌာန်းထားတဲ့ဥပဒေတွေ အသက်ဝင်ခြင်း မဝင်ခြင်း၊ အရေးယူခြင်း မယူခြင်းနဲ့ပဲ ဆိုင်ပါတယ်။ သူတစ်ပါးနိုင်ငံမှာတော့ တစ်ချက်ကလေး စည်းကမ်းမဲ့လို့မှမရတာ။ စည်းကမ်းဖောက်လိုက်တာနဲ့ သက်ဆိုင်ရာရဲ ရောက်လာတယ်။ ဥပဒေအတိုင်း တိတိကျကျအရေးယူခံရတယ်။ ထိုက်သင့်တဲ့ဒဏ်ကြေးငွေကို ပေးရတယ်။ ဒဏ်ကြေးဆိုတာကလည်း တစ်သက်စာ မှတ်လောက်သားလောက်အောင်ချတာ။ ဒီတော့ နောက်တစ်ခါ စည်းကမ်းပျက်ဖို့ အတော်ဝန်လေးတတ်ကြတာပါပဲ။

မြန်မာနိုင်ငံမှာကတော့ ဥပဒေပိုင်းမှာ ဥပဒေအသစ်တွေပြဋ္ဌာန်းတာ အသစ်ပြင်တာ၊ ပယ်သင့်တာပယ်တာ ဒါတွေလည်းလုပ်နေတာပါပဲ။ သိပ်မကြာသေးခင်ကပင် စည်ပင်ဥပဒေဆို အသစ်ထွက်လာတယ်။ ပြစ်မှုပြစ်ဒဏ်တွေလည်း တိုးမြှင့်ထားတာ တွေ့ရပါတယ်။ ပညာပေးကာလအဖြစ် စောင့်ကြည့်နေတဲ့သဘောလည်း တွေ့ရတယ်။ ခုဆို ပညာပေးကာလ လွန်လာတာတောင်ကြာသွားပြီ။ ဥပဒေသစ်အရ အရေးယူမယ်ဆိုရင် ရဲအရေးပိုင်တဲ့အမှုမို့ အရင်လို စည်းမဲ့ကမ်းမဲ့နေမယ်ဆိုရင် ပြစ်ဒဏ်သင့် ကြပါလိမ့်မယ်။ ဒါပေမဲ့ စည်းကမ်းချိုးဖောက်တဲ့နေရာမှာ ဗျူဟာမြောက်လွန်းတဲ့သူတွေရှိတယ်။ ဖြေရှင်းမှုနည်းလမ်းမျိုးစုံနဲ့ ဗျူဟာခင်းပြီး ကြွယ်ပိုး ကြွယ်ဝချမ်းသာသူတွေ အများကြီးပါ။ မုဒိတာပွားစရာဖြစ်ပေမယ့် အများအကျိုး ပြည်သူ့အကျိုးနဲ့ ချိန်ဆရင်တော့ ပြုပြင်ရမယ့်ကိစ္စပါပဲ။

တကယ်တော့ ဘယ်လုပ်ငန်းလုပ်လုပ် စည်းနဲ့ကမ်းနဲ့လုပ်တာ အကောင်းဆုံးပါ။ လူတိုင်းက ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာဆိုသလို စိတ်ထားလေးထားရင်တော့ အတ္တပရမျှတာပေါ့။ ဒါပေမဲ့ အတ္တကလွန်ကဲလွန်းကြတယ်။ အတ္တကိုပဲရှေ့တန်းတင်တော့ အမှန်တရားပျောက်သွားတာပါပဲ။ တရားသဖြင့် မှန်မှန်ကန်ကန်လုပ်သူနဲ့ ဥပဒေအပြင်ကလျှောက်တဲ့သူ စဉ်းစားကြည့်ရုံနဲ့ ဘယ်လိုလုပ်သင့်လဲဆိုတာ သိသာနိုင်ပါတယ်။ တကယ့်လက်တွေ့မှာတော့ ဥပဒေအပြင်ကလျှောက်နေသူတွေကို ဘယ်လိုမှတောင် ယှဉ်လို့မရနိုင်တာတွေ များလှတယ်။ မတရားမှု၊ မမျှတမှုတွေက ဘာကြောင့် ခေါင်းထောင်ထနေနိုင်တာလဲ။ ဘာလို့ ကြီးစိုးမင်းမူနေနိုင်ကြတာလဲ။ ရှင်းရှင်းပြောရရင်တော့ ပြတ်သားသင့်တဲ့အရာတွေမှာ မပြတ်သားလို့ပါပဲ။

အာဏာရှင်တွေကြီးစိုးခဲ့တဲ့အခါတုန်းကလည်း တရားဥပဒေစိုးမိုးရေး (Rule of Law) ဆိုတာအတော့်ကို တွင်တွင်ကျယ်ကျယ်သုံးခဲ့ကြတာပဲ။ Rule of Law မရှိရင် ဘာမှကိုလုပ်လို့မရနိုင်တာကိုလည်း သိပြီးသားပါ။ ဒါပေမဲ့ အဲဒီ Rule of Law ကြီးကို ကိုယ်တိုင်ကိုင်တွယ်ထိန်း ကျောင်းရမယ့်အချိန်မှာ ဘာ့ကြောင့် လက်နှေးနေကြရတာလဲ ဘာကြောင့် နောက်တွန့်နေကြရတာလဲ။

ရန်ကုန်မြို့ဟာ မကြာခင်နှစ်များတွင် မက်ဂါစီးတီးစာရင်းတောင် ဝင်လာတော့မှာပါ။ အကြောင်းက အနယ်အရပ်ရပ်ကအကြောင်းအမျိုး မျိုးနဲ့ပြောင်းရွှေ့လာသူတွေ၊ အလုပ်အကိုင်အခွင့်အလမ်းအတွက် ရောက်လာသူတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒီကနေ့ လမ်းဘေးကွမ်းယာဆိုင်၊ လှည်းအမျိုးမျိုးနဲ့ရောင်းချနေတဲ့ ထီဆိုင်၊ စားသောက်ဆိုင်၊ လမ်းဘေး ဟင်းသီးဟင်းရွက်မျိုးစုံ ရောင်းနေကြသူတွေဟာ နယ်ဘက်ကများပါတယ်။ သူတို့ပြောတဲ့စကားတစ်ခွန်း ရှိပါတယ်။ ရန်ကုန်မြို့ကြီးက မရှက်မကြောက်သာ စီးပွားရှာလို့ကတော့ ကောင်းလှသဗျာတဲ့။ သိက္ခာတွေ ဂုဏ်ဒြပ်တွေ ကြည့်နေလို့ကတော့ ထမင်းတောင်နပ်မမှန်နိုင်ဘူးတဲ့။

ဟုတ်လည်းဟုတ်တယ်။ ကွမ်းယာဆိုင်ဆိုလည်း ဘယ်လိုပဲပညာ ပေးဟောပြောမှုတွေရှိပေမယ့် ရောင်းနေရတာ လက်မလည်ဘူး။ ပြီးတော့ နေရာကောင်းကောင်းမလိုဘူး။ လမ်းဘေးတစ်နေရာ တစ်ဖက်ရပ်အမိုး ကလေးထိုးလိုက်ရင် ပြီးသွားတာပဲ။ ခုဆို ပလက်ဖောင်းအသစ်တွေခင်းလိုက်တော့ အဆင်ပြေသွားပါတယ်။ လမ်းဘေးဈေးသည်တွေပါ။ ဒီတော့ အများပြည်သူကတော့ လမ်းပေါ်ဆင်းလျှောက်ပေါ့။ ဒီထက်အဆင်ပြေ တာရှိသေးတယ်။ ညနေပိုင်း နေစောင်းပြီဆိုကတည်းက ဆိုင်ခင်းဖို့ပြင်နေကြပြီ။ သူတို့ရောင်းမယ့်နေရာတွေမှာ ကားပါကင်တောင် ထိုးလို့မရတော့ဘူး။ ခုံတွေ တန်းတွေချထားပြီး အကင်မျိုးစုံ၊ မုန့်မျိုးစုံ၊ ဆိုင်တန်းတွေ အစီအရီပါပဲ။ နေ့ခင်းပိုင်းကတစ်မျိုး၊ ညနေပိုင်းနဲ့ ညပိုင်းကတစ်ဖုံ။ သူတို့တွေပဲ ပလက်ဖောင်းကို အပိုင်စီးထားကြတာပါလား။ ပြောချင်သေးတယ်။ စည်ပင်ဥပဒေ လူသိရှင်ကြားပြဋ္ဌာန်းပြီးမှ စည်းမဲ့ကမ်းမဲ့ရောင်းချနေမှုတွေက အရင်ကထက် အတိုင်းအဆမရှိ ပိုအတင့်ရဲလာကြခြင်းပါပဲ။ (အမှန် တကယ်အရေးယူတဲ့မြို့နယ်က နည်းလွန်းလှ)

လမ်းဘေးဆိုင်တွေမို့ အထင်မသေးလိုက်ပါနဲ့။ တစ်ညတစ်ည ရောင်းရငွေက သိန်းဂဏန်းဆယ်ကျော်တယ်။ အိမ်မှာ တိုက်နဲ့ကားနဲ့။ တိုက်တောင်မှ နှစ်လုံး၊ သုံးလုံးဝယ်ပြီးသား။ သူတို့များ အဆင်ပြေတာပေါ့။ ဆိုင်ငှားခမပေးရဘူး။ အဲဒါကြောင့် ပြည်သူတွေ သက်သက်သာသာစား ရမယ်တော့မထင်နဲ့။ ဈေးက သူတို့ပါးစပ်ထဲမှာ။ နေရာအတွက် လိုင်းကြေးလေးဘာလေး ရှိမှာပေါ့။ ဒါကလည်း ရောင်းရတဲ့ညကြေးနဲ့ဆို ဆင်ခံတွင်း နှမ်းပက်သလောက်ရှိတာ။ ပြီးတော့ပြောသေး။ ဥပဒေကတော့ ဥပဒေပါပဲတဲ့။ ဒီလိုပဲ ရောင်းလာတာကြာပြီပဲ။ ဖမ်းတယ်ဆိုတော့လည်း တစ်ရက်နှစ်ရက်နားပေါ့။ ပြီးတော့လည်း ပြီးသွားတာပါပဲတဲ့...။ ကဲ... အဆင်ပြေနေကြတာတွေကိုတော့ ပီတိလည်းပွား မုဒိတာလည်းများမိပါရဲ့။ ပြီးတော့ သမ္မာအာဇီဝဆိုတာ ကြားရနားချမ်းမြေ့စရာပါပဲ။ ဒါပေမဲ့ ခုလိုတရားမဲ့မှု တွေခေါင်းထောင်နေချိန်မှာ ပြောနေကြတာလည်း ကြားမိပါရဲ့။ “လူ့ လောကကြီးဟာ အံ့ဩစရာကောင်းတယ်။ လိမ်ညာတတ်တဲ့သူ ရှေ့တန်းကို ရောက်တယ်။ ခိုးစားတတ်တဲ့သူက အောင်မြင်တယ်။ အမှန်တရားလုပ်တဲ့သူက လူရာမဝင်ဖြစ်တယ်”တဲ့လေ။ (ပြောမယ်ဆိုလည်း ပြောချင်စရာ ပါပဲလေ)

အင်း ... တစ်ခါတစ်ခါကျတော့လည်း လမ်းပေါ်မှာဈေးထွက်ရောင်းတာပဲ ကောင်းလေမလားရယ်လို့ ...။

ခင်မောင်ဌေး (ပညာရေး)