News

POST TYPE

OPINION

လူထုကို ကိုယ်နဲ့ထပ်တူ
16-Jan-2019



ရေဒီယိုကလာနေတဲ့ ကိုအံ့ကြီးသီချင်းကိုနားထောင်ရင်းကတစ်နေရာရောက်တော့ ဂယက်ရိုက်နေတဲ့ အကြောင်းအရာတစ်ခုအကြောင်း စိတ်ထဲ ဖျတ်ခနဲပေါ်လာတယ်။ 

“ဆရာဝန် ပညာတွေကိုသင် ... ခေတ်ရောရှေးမီ သမားကျော်များပင် လူထုကို ကိုယ်နဲ့ထပ်တူ ချစ်ခင်ရင်ဝယ်သား ညွှန်ကြားညွှန်ကြား သန်ထွားကျန်းမာကြံ့ခိုင်အားအင်...

ကလေးလေးတွေ ပညာရရှိဖို့တော့ ဘမိပုံသွင် အာစရိတွေပင် လူချွန်လူကောင်းလေးတွေဖြစ်အောင် မြေတောင်မြှောက်ကာမြှင့်တင်”

ဆေးရုံဆေးခန်းမှာ ဆရာဝန်နဲ့ ကုသပြီးနောက် ကျေနပ်မှုမရှိတဲ့ အချက်တွေ၊ စိတ်ပျက်စရာအကြောင်းအရာတွေ လူမှုကွန်ရက်မှာနေ့စဉ် လိုလို ဖတ်ရတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ လူသိများတဲ့ နိုင်ငံရေးအသိုင်း အဝိုင်းထဲကအမျိုးသမီးတစ်ယောက်ရဲ့ ကင်ဆာကုထုံးအကြောင်းရေးထားတာ လူတွေ အများအပြား ဖြန့်ဝေကြပြီး ဝေဖန်ချက်တွေနဲ့အတူ ကိုယ်တွေ့ ကြုံရတာတွေ ရေးတာဖတ်ရတယ်။ ခုခေတ်မှာ အနည်းဆုံး ထိုင်းသာသွားကုကြပါဆိုတဲ့ ကောမန့်တွေ မြင်ရတယ်။ အလားတူပဲ ဆရာဝန်တွေဘက်ကနေ ပြန်လည်ချေပရေးတာတွေ ဖတ်ရတဲ့အခါ ဒီအကြောင်းအရာတွေရဲ့ အပြင်ဘက်ကလူတစ်ယောက်အနေနဲ့ နှစ်ဖက်အကြား ဘာဖြစ်လို့ ဒီလိုဖြစ်ကြရသလဲ ပြဇာတ်တစ်ခုကို ကြည့်သလို တွေးတောသုံးသပ်တာ ပေါ်လာမိပါတော့တယ်။ 

ကိုယ်တိုင်ကတော့ သွေးတိုး၊ နှလုံး နာတာရှည်ရောဂါတစ်ခုကို အထွေထွေရောဂါကု ဆရာဝန်ကြီးတစ်ယောက်ထံမှာ စိတ်ကျေနပ်စွာ ကုသခွင့်ရထားပါတယ်။ အသက် ၇၀ ကျော်ရှိပြီဖြစ်တဲ့ အဆိုပါ ဆရာဝန် ကြီးဟာ လူနာတစ်ယောက်ကို တွေ့ပြီဆိုတာနဲ့ စိတ်တိုင်းကျ ဆွေးနွေးခွင့်ပြုပြီး သူကိုယ်တိုင်ကလည်း လူနာမေးသမျှ အချိန်မကြည့်ဘဲ ကျေနပ်တဲ့အထိ ဖြေပေးပါတယ်။ ရောဂါရာဇဝင်နဲ့ ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးကို လူနာတစ်ယောက်ချင်း စိတ်ရှည်လက်ရှည် ရှင်းပြရုံမက သူပေးတဲ့ဆေးကို သောက်ရမယ့်ပုံစံ ဆေးရဲ့သက်ရောက်မှုကိုပါ တစ်ပါတည်း ရှင်းပြပေးပါတယ်။ လူနာဟောင်းဖြစ်သွားရင်တော့ ရက်ချိန်းစေ့လို့ တိုးတက်တယ် ကောင်းမွန်နေတယ်ဆိုက ဆေးဆက်သောက် ဆေးထပ်ပေးရုံပဲဆို အချိန် သိပ်မကုန်ပါဘူး။ ရောဂါတိုးရင်တော့ အစားအသောက်အနေအထိုင် ပြုပြင် ဖို့ပြောသလို မလိုက်နာဘဲ ရောဂါတိုးနေက “ခင်ဗျားဒီလိုဆိုသေမှာပဲ”ပြောတတ်ပါတယ်။ သူပြောတာအမှန်မို့ လူနာကလည်း စိတ်မဆိုးပါ။ ဒီလိုဆရာဝန်မျိုးတွေ မြန်မာပြည်မှာ များစွာရှိပါတယ်။ လူထုက အားကိုး အားထားရတဲ့ဆရာဝန်တွေ အများကြီးပါ။ 

နာမည်ကျော်ဆရာဝန်ကြီးတစ်ယောက်ဆို သူလည်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်သုံးတာ တွေ့ရပါတယ်။ ဆရာဝန်တွေအပေါ် ရေးတာတွေ သူမြင်မှာပါပဲ။ ဒါတွေကို ဂရုစိုက်ပုံမရ၊ သူ့အလုပ်ကို သူလုပ်ပြီး ရပ်ရွာတိုး တက်ရေးပါ လုပ်နေတာ မြင်နေရပါတယ်။ အဲဒီဆရာဝန်ကြီးရဲ့ ဆောင်ရွက်ချက်တွေ များပြားလွန်းလို့ ရေးမယ်ဆိုမကုန်နိုင်ပါ။ သူလိုဆရာဝန် မျိုးတွေ နာမည်မပေါ် လူမသိဘဲ တာဝန်ကျရာ ဝေးလံခေါင်ဖျားဒေသ တွေမှာ များစွာရှိနေပါတယ်။ အဲဒီလိုတာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန် လူငယ်လေးတွေရဲ့အကြောင်းလည်း ကြားဖူးပါတယ်။ ဒါပေမဲ့ အဲဒီအသိုင်း အဝိုင်းထဲမှာပဲ လူနာကို လျစ်လျူရှုတာ၊ ရောဂါရှာတာ ကြာတာ၊ လွဲတာ၊ ကုသချက်လွဲတာ၊ ကုသပုံဟန်မကျတာတွေလည်း ရှိနေလို့ ခုခေတ်မှာ ဆရာဝန်တွေအပေါ် ဝေဖန်မှုတွေ မြင့်တက်လာပြီး ယုံကြည်မှုနည်းလာကြ တာတွေ ဖြစ်လာတာတွေ့ရပါတယ်။ တကယ့်ကို စိတ်ရောကိုယ်ပါ ဘဝ တစ်ခုလုံး မြှုပ်နှံပြီးလုပ်ဆောင်နေတဲ့ ဆရာဝန်များစွာအတွက်တော့ အားနာစရာတွေပေါ့။ 

အဲဒါတွေ ကြားရတဲ့အခါ ကင်ဆာရောဂါကို ကျော်လွှားနိုင်ခဲ့တဲ့ ရွှေ့ပြောင်းမြန်မာတစ်ယောက်အကြောင်း သတိရမိပါတယ်။ သူက ငွေကြေးချမ်းသာလို့ ထိုင်းမှာကုတာ မဟုတ်ပါ။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် ရောက်ရှိရင်း ဘတ် ၃၀ ဆေးကုသခွင့် ရပါတယ်။ ဒါက ထိုင်းနိုင်ငံရဲ့ အခြေခံလူတန်းစားတွေအပါအဝင် ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ပြဋ္ဌာန်းထားတဲ့ ထိုင်းအစိုးရရဲ့ ဥပဒေအရ ဖြစ်ပါတယ်။ သူ့ကို စမ်းသပ်စစ်ဆေးပြီး ကင်ဆာဆိုတာ သံသယဖြစ်တာနဲ့ ဆေးရုံက သက်ဆိုင်ရာဆရာဝန်တွေဟာ ရောဂါကိုအတည်ပြုဖို့ စစ်ဆေးချက်ရလဒ်တွေနဲ့အတူ အစည်းအဝေးလုပ်ကြပါတယ်။ အစုအဖွဲ့ရဲ့ ဆွေးနွေးချက်တွေကို အတည်ပြုပြီး လူနာနဲ့လူနာရှင်ကို ကင်ဆာပါလို့ အဆင့်နဲ့ အတည်ပြုပြောဆိုပါတယ်။ အဲဒီနောက် ကုသချက် ကုသမယ့်နည်းလမ်းကိုလည်း ဆရာဝန်အစုအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း လူနာကို ရှင်းပြပါ တယ်။ ခွဲစိတ်တယ်၊ ပြီးတဲ့နောက် ရလဒ်အခြေအနေကို လူနာကို ပြောပြတယ်။ ဆေးရုံကဆင်းပြီး ရက်ချိန်းပြန်ပြတဲ့အခါ တိုးတက်လာတဲ့အခြေ အနေရောဂါရဲ့ တုံ့ပြန်ပုံတွေကို ဆရာဝန်တွေ အမြဲတိုင်ပင်ပြီး ကုသချက် ထပ်ပေးပါတယ်။ အဲဒီလူနာဟာ အခုချိန်တိုင် ကျန်းမာပြီး လူကောင်းတစ်ယောက်အဖြစ် သွားသွားလာလာရှိနေလျက်ပါ။ 

သူ့အတွေ့အကြုံကို ပြန်ပြောပြတိုင်း သူအံ့ဩတာ သူ့လို သူ့နိုင်ငံသားလည်း မဟုတ်တဲ့ သာမန်ပြည်သူတစ်ယောက်ကို ပညာတတ်ဆရာဝန် တွေက သူတစ်ယောက်တည်းရဲ့ ရောဂါရာဇဝင်ကို စနစ်တကျ တိုင်တိုင်ပင်ပင် လုပ်ပေးကြတာကြည့်ပြီး ကျေနပ်မိကြောင်းနဲ့ မြန်မာပြည်က သူ့အရပ် သူ့ဒေသမှာဆိုရင် ငွေမရှိလို့ သေမှာပဲတဲ့။ သူပြောပြတာ တွေးမိတော့ ဒါဟာ ဘယ်တစ်ဦးတစ်ယောက်မှ မကောင်းလို့ မဟုတ်ဘဲ စနစ်ကြောင့်လို့ မြင်မိပါတယ်။ စနစ်ကို မှားယွင်းအကောင်အထည်ဖော်ကြလို့ နှစ်ပေါင်းများစွာ အမှားစနစ်ထဲကနေ ယခုအချိန်မှာ အားလုံးခံနေကြရတာလို့ မြင်ပါတယ်။ အဲဒီထဲကမှ ဆရာဝန်ဆိုတာ ပြည်သူထဲက ပြည်သူဆိုတာထက် လူတန်းစားတစ်ရပ်လို သီးသန့်ဖြစ်အောင်လည်း ဒီစနစ်က တွန်းပို့ခဲ့တာပါပဲ။ 

ကိုယ်တိုင်ကြုံခဲ့ရတာလေး ပြောချင်ပါတယ်။ ပြနေကျဆရာဝန်ရဲ့ ရက်ချိန်းမပြည့်ခင် နေမကောင်းဖြစ်လာတော့ အဆိုပါဆရာဝန်ကြီး ဆေးခန်းက ပိတ်ရက်ဖြစ်နေတာမို့ အိမ်နဲ့အနီးဆုံးပုဂ္ဂလိကဆေးရုံကို တိုကင်ယူပြီး ပြဖို့လုပ်ပါတယ်။ ဆရာဝန်က ည ၇ နာရီထိုင်မှာ၊ တိုကင် နံပါတ်က သုံးဆယ်ကျော်ဆိုတော့ ဘယ်အချိန်လာရမလဲအမေးကို ၇ နာရီသာလာပါ။ ဒီဆရာဝန်က မြန်ပါတယ်လို့ ဝန်ထမ်းအမျိုးသမီးကလေးက ပြောပါတယ်။ ၇ နာရီရောက်တဲ့အခါ ဆရာဝန်မရောက်သေးပေမယ့် အီးစီဂျီ၊ ဓာတ်မှန် တစ်ခါတည်းရိုက်ပါတယ်။ ကောင်းပါတယ် ဆရာဝန်လာတော့ မြန်တာပေါ့ တွေးပြီးစောင့်ပါတယ်။ ၈ နာရီထိုးပြီ မလာသေးပါ။ ကောင်တာမှာမေးတော့ ထမင်းစားနေတယ် လာတော့မှာလို့ ဖြေပါတယ်။ ဪသာ် ... ဆရာဝန်ခမျာ ဟိုဒီကူးရလို့ ဒီရောက်မှ ထမင်းစားရရှာတယ်လို့ တွေးမိပြီး ဆေးရုံမှာ ထမင်းစားခန်းရှိတာလား၊ နားနေခန်းမှာစားတာလား မေးမိတော့ သူ့အိမ်မှာစားနေတာပါ လာတော့မယ်တဲ့။

အွန့်ခနဲတောင် ဖြစ်မိပါတယ်။ ဒီမှာ ရောဂါသည်တွေ စောင့်နေတာ လူလေးဆယ်လောက်ရှိတယ်။ သူတို့က ကျင့်သားရနေဟန်နဲ့ နီးစပ်ရာလူနာအချင်းချင်း စကားဝိုင်းဖွဲ့နေကြတယ်။ ဆရာဝန်ကလည်း နောက်ကျလိုက်တာနော်အပြောကို သူက မြန်တယ် နောက်ကျပေမယ့် ခဏပဲတဲ့ ရင်ဘတ်နဲ့ကျော သုံးချက်ပဲထောက်တာ၊ သုံးချက်ပြီးရင် ပြီးပြီတဲ့။ ပြန်ရင်ကောင်းမလားစဉ်းစားနေတုန်း သွေးပေါင်ချိန်ပြီးပြီလားအမေးကို မချိန်ရသေးဘူးဖြေရင်း အခန်းထဲဝင်ပြီး ချိန်ရပါတယ်။ သွေးပေါင်ချိန်ပြီးလို့ အနေအထားကောင်းရင် ပြန်လိုက်တော့မယ်၊ နေမကောင်းတဲ့အချိန် အိပ်ရေးပျက်မယ်၊ နောက်ရက်မှ ပြန်ပြတော့မယ်တွေးပြီး သွေးပေါင်ချိန်တယ်၊ ချိန်ပေးတဲ့ဆရာမက စမ်းသပ်ခကိုးထောင်ကျပါတယ်တဲ့။ 

ဆရာဝန်ကို ဖြူသလား မည်းသလား မမြင်ရသေးဘူး၊ နှစ်သောင်းလေးထောင် ထွက်နေပြီ။ ဒါ့ကြောင့် အပေါက်ဝမှာ အမျိုးသမီးတစ်ယောက် ဆေးမဝယ်ရသေးဘူးပါတဲ့။ ပိုက်ဆံကုန်လို့ သူ့အိမ်ကိုဖုန်းဆက် ပိုက်ဆံလာပို့ဖို့ပြောတာ ကြားမိတာမို့ ကိုယ့်ပိုက်ဆံအိတ် ဇစ်ဖွင့် ပြန်ကြည့်ရသေးတယ်။ ၇ နာရီလာမယ့်ဆရာဝန်က ည ၉ နာရီမှာ ရောက်ပါတယ်။ တစ်ဖက်ကကြည့်တော့ ညသန်းခေါင်သန်းလွဲ ၂ နာရီအထိ ပြရတယ်ဆိုတဲ့ ဆရာဝန်တွေထက်တော့ တော်သေးဖြေမိရတယ်။ တကယ်လည်း အထဲရောက်တော့ သုံးချက်ထောက်ပါတယ်။ အီးစီဂျီဓာတ်မှန်ကြည့်ပြီး ကောင်းပါတယ်ပြောတယ်။ ဆေးရေးပေးလိုက်တယ် ဝယ်သောက်တဲ့၊ နောက်သုံးရက်နေရင် လာပြန်ပြတဲ့၊ ခါတိုင်းသောက်နေကျ ဆေးအကြောင်း၊ ရောဂါအကြောင်းပြောပြတာ လူကိုမကြည့်တော့ ကြားသလား နားထောင်နေတာလား ဘာမှန်းမသိ၊ ဆေးပေးတော့ သောက်နေကျဆေးတွေပါပဲ။ ခြေချိတ်ထိုင်ပြီး လူကို လက်အောက်ငယ်သားလိုပြောဆိုတဲ့ ပုံစံကြောင့် တော်ပါပြီမမရယ်ဆိုပြီး မသွားတော့ဘဲ ပြနေကျဆရာဝန်ကြီးဆီ ဆေးခန်း ဖွင့်တဲ့နေ့ ပြေးရတော့တယ်။ 

သူများတွေပြောတဲ့ ထိုင်းသာသွားပြဆိုတာ ကိုယ်တိုင်က အဲမှာနေရင်း ပြခဲ့တာမို့ အမေကျော် ထွေးတော်လွမ်း ဆိုချင်ဆို ဝန်ဆောင်မှုတွေ ငွေကုန်တာ မကုန်တာတွေ အသာထား၊ နေမကောင်းလို့ ဆေးရုံသွား ဆေးရုံမှာ ဆရာဝန်အသင့်ရှိတယ်။ လူနာများလို့သာ စောင့်ချင်စောင့်ရမယ်။ ဆရာဝန်ကို လူနာက မစောင့်ရပါ။ အဲဒါလည်း စနစ်ပါပဲ။ အထွေထွေ အပါအဝင် အထူးကုဆရာဝန်တွေအားလုံး အစိုးရဆေးရုံပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကဆေးရုံပဲဖြစ်ဖြစ် ဆရာဝန်က ဆေးရုံမှာရှိပါတယ်။ အခုလို ဆေးရုံကူးပြီးကုတာလည်း ရှိပါတယ်။ ကူးသမှ ဘန်ကောက်က နာမည်ကြီး ဆရာဝန်ဟာ လေယာဉ်နဲ့ ချင်းမိုင်ကဆေးရုံကို နေ့ချင်းပြန်လာကုပေးတာ ရှိတယ်။ သူနဲ့ ကုချင်သူက စာရင်းပေးထား၊ ဒါမှမဟုတ်လည်း သူမှ နားလည်တဲ့ရောဂါမို့ သူနဲ့ပြဖို့ လိုတယ်လို့ညွှန်လို့ ကုရတဲ့လူနာကို ပြပေးတာ၊ အဲဒီဆရာဝန်ဟာ လေဆိပ်ကနေ ဆေးရုံကို သူကုမယ့်အချိန်မီအောင် အရောက်လာပြီး ဆေးရုံက စောင့်ရပါတယ်။ သူလာလို့လည်း ဘယ်သူကမှ ထွက်မကြိုပါဘူး၊ ပြန်တော့လည်း သူ့ခရီးဆောင်အိတ်လေး သူ့ဘာသာဆွဲ ဆေးရုံရှေ့က တက္ကစီငှား လေဆိပ်ဆင်းတော့တာ။ ဆေးရုံမှာရှိတဲ့ အထူးကု ဆရာဝန်တွေလည်း ကိုယ့်အခန်းမှာကိုယ်စား၊ ကိုယ့်ပန်းကန်ကိုယ်ဆေး ရင်း လူနာလာတယ်ဆို ထွက်ကုကြတယ်၊ အဲဒါ တကယ့်ကို ကိုယ်တွေ့ပါ။ 

နေထိုင်မကောင်းဝေဒနာခံစားရလို့ ဆေးရုံကိုရောက်လာပြီး ကျေနပ်ပြန်သွားရတာ ရောဂါတစ်ဝက်ပျောက်တာပေါ့၊ ကိုယ်တိုင်ကြုံခဲ့ရတဲ့ သုံးချက်ထောက်ဆရာဝန်နဲ့ ဆုံလိုက်ရတဲ့အခါ အပြန်လမ်းမှာ လိပ်ခဲတည်းလည်း ဖြစ်လို့နေတယ်။ အများပြောကြတဲ့ ဝန်ဆောင်မှုကြောင့်လာ၊ ငွေကုန်လို့လား၊ တငုတ်တုတ်တုတ်စောင့်ရလို့လား စသဖြင့် လိုက်တွေးရင်း ကျေနပ်မှုမရတာကို အဖြေရှာနေမိတယ်။ နောက်ဆုံးကောက်ချက်ချမိတာက ကိုယ်ချင်းစာတရားနဲ့ မဆက်ဆံလိုက်လို့လို့ အဖြေရတယ်။

ကောင်းတဲ့သူတွေနဲ့ မကောင်းတဲ့သူတွေကို တွေ့လာတဲ့အခါ ပြည်သူက ချိန်ဆကြည့်ရင်း လူထုကြား အသံတွေထွက်လာတာပင်။ စနစ်တစ်ခုရဲ့ ဆိုးကျိုးကို နောက်မျိုးဆက်တွေ ယခုလိုပဲ ဆင့်ကဲခံစားနေရမှာ အသေအချာ။ ဒါ့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ စနစ်၊ လူ၊ ပညာပေးနေတဲ့ အဝန်းအဝိုင်း အစရှိတဲ့အဆောက်အအုံတစ်ခုလုံး ပြင်ဆင်မှ နှစ်ဖက်အကြား အဆင်ပြေမှုတွေ ဖြစ်လာမှာလို့ မြင်မိပါတယ်။ ဒီလိုမှ မဟုတ်ရင် ရှေ့ကို ပိုပြီး ယုံကြည်မှုနည်းလာမယ်၊ အသိုင်းအဝိုင်းတစ်ခုလုံး နာမည်ဆိုးသလို ပုံချလာမယ်။ အဓိကကတော့ လူအချင်းချင်းဆိုတဲ့ စိတ်နဲ့ ကိုယ်ချင်းစာတရားလေးထားကာ ကိုယ်နဲ့ထပ်တူ ပြုမူဆောင်ရွက်ဖို့ စနစ်ကောင်းတစ်ခု လိုနေတယ်လို့ ကောက်ချက်ချမိပါတော့တယ်။ 

ခိုင်ခိုင်စောလွင်