POST TYPE

OPINION

ပြုပြင်ပြောင်းလဲမှု စံနမူနာပြ ထွေအုပ်က
15-Jan-2019



နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ခရီးစဉ်နှင့်အတူ လိုက်ပါသွားပြီး မြစ်ကြီးနားမြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနဝန်ကြီး ဦးမင်းသူသည် ဇန်နဝါရီလ ၉ ရက်နေ့က ကချင်ပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဆမားဒူးဝါးဆင်ဝါးနောင်ခန်းမ၌ ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများအား မူဝါဒဆိုင်ရာလမ်းညွှန်အမှာစကားတစ်ရပ် ပြောကြားသွားသည်။

အဆိုပါ လမ်းညွှန်အမှာစကားမှာ ကချင်ပြည်နယ်ရှိ ထွေအုပ်ဝန်ထမ်းများအား ပြောကြားသည်ဆိုသော်လည်း ယင်းလမ်းညွှန်မှာကြားချက်များကို ထိုနေ့ညမှာပင် မြန်မာ့ရုပ်သံမှ အပြည့်အစုံထုတ်လွှင့်ခဲ့သလို နောက်နေ့ထုတ် နိုင်ငံပိုင်နေ့စဉ်သတင်းစာများတွင် ဖော်ပြခဲ့သဖြင့် တစ်နိုင်ငံလုံးရှိ ထွေ/အုပ်ဝန်ထမ်းများ သိရှိလိုက်နာရန် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အစိုးရ ပြုပြင်ပြောင်း လဲရေးဆောင်ရွက်ရာ၌် -

- ပြည်သူလူထုနဲ့နီးစပ်တဲ့ အောက်ခြေက စတင်မယ်၊
- ပြည်သူနဲ့အတူ စုပေါင်းအင်အားနဲ့ ချဉ်းကပ်မယ်၊
- ပြည်သူ့ဆန္ဒကို အလေးထားပြီး တည်ဆောက်မယ်၊
- ပြုပြင်ပြောင်းလဲမှုနဲ့ အံမဝင်တဲ့နေရာတွေမှာ လူစားလဲမှုတွေပြု လုပ်မယ်ဆိုတဲ့ မူဝါဒ (၄) ရပ်နဲ့ ဆောင်ရွက်သွားဖို့နဲ့

ဗဟိုချုပ်ကိုင်မှုလျှော့ချရာမှာ -
- ပြောင်းလဲသင့်တာတွေကို ပြောင်းလဲမယ်၊
- တည်ငြိမ်မှုကိုမထိခိုက်စေဘဲ အပြောင်းအလဲတွေ ဖြစ်ပေါ်လာစေဖို့ ဆောင်ရွက်မယ်၊
- ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုကိုအခြေခံပြီး ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်မည်ဆိုသည့် မူဝါဒများနှင့်အညီ ပြောင်းလဲမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

ခေတ်အဆက်ဆက်မှသည်ယနေ့တိုင်

ခေတ်အဆက်ဆက်တွင် နိုင်ငံတော်အစိုးရ၏လက်အောက်၊ ဝန်ကြီးချုပ်၏ လက်အောက်၊ ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်၊ နိုင်ငံတော် ကောင်စီရုံး၏လက်အောက်မှသည် ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်သို့ ပြန်လည်ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး အနှစ်သုံးဆယ်အကြာတွင် ခေတ်စနစ်၏တောင်းဆိုမှုအရ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရ၏ လက်အောက်သို့ တစ်ဖန်ရောက်ရှိခဲ့ပြန်ပြီဖြစ်သည်။

အစိုးရအဆက်ဆက် အထက်အရာရှိများ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နယ်ပိုင်/မြို့ပိုင် တစ်ဦးတည်းက တာဝန်ယူ၊ တာဝန်ခံအုပ်ချုပ်သော ဗျူရိုကရေစီစနစ်၊ တပ်မတော်ကဦးဆောင်၍ အဖွဲ့ဖြင့်အုပ်ချုပ်သောစနစ်၊ ပြည်သူ့ကိုယ်စားလှယ်များ၏လက်အောက်တွင် ရုံးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရသောစနစ်၊ တပ်မတော်၊ ထွေအုပ်၊ ရဲတပ်ဖွဲ့ဝင်တို့ပါဝင်သည့် စုပေါင်း ဦးဆောင်မှု၊ တစ်ဦးချင်းတာဝန်ယူမှုဖြင့် အုပ်ချုပ်သောစနစ်များကို အဆင့်ဆင့်ဖြတ်ကျော်ခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်အခြေခံဥပဒေအရ ခရိုင်နှင့်မြို့နယ် အဆင့်အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေးအုပ်ချုပ်စေခဲ့သည်မှာ ရှစ်နှစ်နီးပါးသို့ပင် ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများကို အမာခံထား၍ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော်လည်း တပ်မတော်မှအသွင်ပြောင်းအရာရှိများနှင့် နယ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေး ဝန်ထမ်းတို့၏ ရှစ်နှစ်တာဆောင်ရွက်မှုများသည် အားရကျေနပ်လောက် ဖွယ်ရာမရှိခြင်းနှင့် ထူးခြားပြောင်းမြောက်သော လက်ညှိုးထိုးပြစရာ ကောင်းသည့်အောင်မြင်မှု တစ်စုံတစ်ရာမရှိခဲ့ခြင်းကလည်း ပြည်သူများ၊ ပြည်သူ့ကိုယ်စားလှယ်များနှင့် မီဒီယာများ၏ ဝေဖန်ထောက်ပြစရာ ဖြစ်စေခဲ့သည်။ သို့သော်လည်း ယနေ့လက်ရှိထွေ/အုပ်ဝန်ထမ်းများအနေနှင့် စနေနှင့် တနင်္ဂနွေရုံးပိတ်ရက်များအပါအဝင် နေ့စဉ်ပုံမှန်ရုံးချိန်များထက် များစွာကျော်လွန် တာဝန်ထမ်းဆောင်လျက်ရှိသည် ဆိုခြင်းမှာလည်း မငြင်းနိုင်သောအချက်ပင်ဖြစ်ပါသည်။ “တွန်းကားတွန်း၏ နေရာမရွေ့ သို့မဟုတ် လှော်ကားလှော်၏ ခရီးမရောက်” ဆိုသကဲ့သို့ ဖြစ်နေပါသည်။

စနစ်ကြောင့်လား၊ ဖွဲ့စည်းပုံကြောင့်လား

ဤသို့ဆိုလျှင် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ သွားရာလမ်းကြောင်းသည် ယခုကဲ့သို့ နှောင့်နှေးကြန့်ကြာမှုများဖြစ်နေရခြင်းသည် စနစ်ကြောင့်လား လူကြောင့်လားဆိုသည်ကို ဆန်းစစ်ဝေဖန်ဖို့ လိုအပ်မည်ဖြစ်ပါသည်။ ယနေ့ဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်အဖြစ်သို့ သွားရောက်ရာတွင် ဒီမိုကရေစီလမ်းစဉ်ဖြင့် ချီတက်နေကြခြင်းဖြစ်ပါသည်။ ထို့ကြောင့်လည်း အချုပ်အခြာအာဏာကို ပိုင်စိုးသော ပြည်သူတို့က ရွေးကောက်သော ပြည်သူ့ကိုယ်စားလှယ်များက ဥပဒေပြုရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြသလို၊ ယင်းကိုယ်စားလှယ်များက ထပ်ဆင့်ရွေးချယ်သူများသည် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်ကို ထမ်းဆောင်လျက်ရှိကြပါသည်။ ထို့ကြောင့် စနစ်ကြောင့် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးကြန့်ကြာခြင်းမဟုတ်ဟု ယူဆရမည်ဖြစ်ပါသည်။

ဤသို့ဆိုလျှင် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ ဖွဲ့စည်းတည်ဆောက်ပုံကို လေ့လာကြည့်ပါမည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆောက်ထားသော အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်၏ ဖွဲ့စည်းတည်ဆောက်ထားပုံမှာ နိုင်ငံတော်သမ္မတဦးဆောင်သည့် ပြည်ထောင်စုအစိုးရ၏အောက်တွင် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသတို့ရှိသည်။ ဖော်ပြပါ တိုင်းဒေသကြီး/ပြည်နယ်၊ နေပြည်တော်ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအကြီးအကဲသည် သက်ဆိုင်ရာအဖွဲ့၏ အတွင်းရေးမှူးအဖြစ်ဆောင်ရွက်ရသည်။

သို့ရာတွင် ခရိုင်နှင့်မြို့နယ်အဆင့် အုပ်ချုပ်ရေးကိုမူ သက်ဆိုင်ရာအဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးများကို တာဝန်ပေးဆောင်ရွက်စေခဲ့သည်။ ထိုကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသ ကြီး/ ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း/ဒေသတို့၏ လက်အောက်တွင် ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများရှိသည့်အတွက် သာမန်အားဖြင့်ဆိုလျှင် ယင်းအဖွဲ့များ၏တိုက်ရိုက် ကြီးကြပ်ကွပ်ကဲမှုအောက်တွင်ရှိသည်ဟု မှတ်ယူဖွယ်ရာဖြစ်သည်။

သို့ရာတွင် တိုင်းဒေသကြီး/ပြည်နယ်၊ နေပြည်တော်ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသတို့၏ အတွင်းရေးမှူးများအပါအဝင် ထွေ/အုပ်ဝန်ထမ်းအားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်ရှိနေသည်။ထို့ကြောင့် ပြည်ထောင်စုအစိုးရ၏ မူဝါဒနှင့် ရည်မှန်းချက်များကို တိုင်း ဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များက အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် ထိရောက်မှုမရှိ၊ နှောင့်နှေးကြန့်ကြာမှုရှိသည်ဟူ၍ နိုင်ငံရေးပါတီ အချို့၊ နိုင်ငံရေးသမားအချို့၊ နိုင်ငံရေးလေ့လာ ဝေဖန်ဆန်းစစ်သူအချို့နှင့် ပြည်သူအချို့တို့က ထောက်ပြ ဝေဖန် ပြောဆိုမှုများရှိလာကြသည်။

ထို့ကြောင့်လည်း နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ညှိနှိုင်းတိုင်ပင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို နိုင်ငံတော်သမ္မတ/ပြည်ထောင်စုအစိုးရအဖွဲ့၏ တိုက်ရိုက်ကြီးကြပ်ကွပ်ကဲမှုနှင့် အုပ်ချုပ်မှုအောက်တွင်ရှိသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ လက်အောက်သို့ လွှဲပြောင်းဖွဲ့စည်းတာဝန် ထမ်းဆောင်စေလိုက်ခြင်း ဖြစ်သည်ဟူ၍ ထင်မြင်ယူမိပါသည်။

အဖွဲ့အစည်းပြောင်းရုံမျှဖြင့် မကောင်းနိုင်သေးပါ

ယေဘုယျအားဖြင့်ဆိုရလျှင် အဖွဲ့အစည်းပြောင်းသွားလျှင် အထိုက်အလျောက်ကောင်းမွန်သွားမည်ဟု ထင်မြင်ယူဆစရာအကြောင်း ရှိသော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ပြည်ထောင်စုဝန်ကြီး၏ ပြောစကားအရ အဖွဲ့အစည်းပြောင်းတိုင်း ကောင်းနိုင်မည်မဟုတ်ကြောင်း ကောက်ချက်ဆွဲ၍ရပါသည်။

ပြည်ထောင်စုဝန်ကြီးက အထက်တွင်ဖော်ပြခဲ့သည့် “ပြုပြင်ပြောင်းလဲ မှုဆိုင်ရာမူဝါဒ (၄) ချက်” ကို ပြောကြားခဲ့သည့်အပြင် အောက်ပါအချက်များကိုလည်း လမ်းညွှန်အမှာစကားအဖြစ် ထည့်သွင်းပြောကြားခဲ့ပါသည်။

- အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများသည် အရေးကြီးသည့် တာဝန်များကို ထမ်းဆောင်ကြရာတွင် အုပ်ချုပ်မှုယန္တရားချောမွေ့စေရန်၊ အုပ်ချုပ်မှုစနစ် မျှတမှန်ကန်စေရန်၊ အဂတိလိုက်စားမှုမရှိကြစေရန်၊ ပွင့်လင်းမြင်သာမှုရှိစေရန်တို့ကို မူဝါဒလမ်းညွှန်ချက်များနှင့်အညီ လိုက်ပါဆောင်ရွက်ပေးကြရန်၊

- နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးမဏ္ဍိုင်တွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများသည် အဓိကကျောရိုးနေရာတွင်ရှိသည့်အတွက် ဌာန၏မူလလုပ်ငန်းတာဝန်များအပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်ရာ၌ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ နံဘေးတွင်ရှိသည့် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဥပဒေပြဋ္ဌာန်းချက်များ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ နိုင်ငံတော်ကချမှတ်ပေးသည့် မူဝါဒများ၊ လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊

- ထွေအုပ်ဝန်ထမ်းများသည် တိုင်းဒေသကြီး/ပြည်နယ်အဆင့်မှသည် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်စုအဆင့်အထိ ပြည်သူလူထုနှင့် နေ့စဉ်တိုက်ရိုက်ထိတွေ့ဆက်ဆံနေကြရခြင်းဖြစ်ပြီး ပြည်သူ့တာဝန်ကို အနီးဆုံးနေရာများမှ သယ်ပိုးထမ်းဆောင်နေရခြင်းဖြစ်သည့်အတွက် မိမိတို့ဝန်ထမ်းတစ်ဦးချင်း၏ ပြုမူပြောဆို ဆက်ဆံမှုများသည် ပြည်သူလူထုအပေါ် အမြဲတမ်းသက်ရောက်မှုရှိနေပါကြောင်း၊

- ထို့ကြောင့် ဌာနဆိုင်ရာအဖွဲ့အစည်းက ပြုပြင်ပြောင်းလဲမှုများကို ဦးတည်လျှောက်လှမ်းကြပြီဆိုလျှင် အဖွဲ့အစည်းထဲတွင်ပါဝင်နေသည့် ဝန်ထမ်းတစ်ဦးချင်းကိုယ်တိုင်က စိတ်ဓာတ်နှင့်ခံယူချက်ကို စတင်ပြီး ပြောင်းလဲကြရန်နှင့် ကြိုးနီစနစ်နှင့် ခေါက်ရိုးကျိုးဖြစ်မနေရန်၊

- တစ်နည်းပြောရလျှင် ပြုပြင်ပြောင်းလဲလိုစိတ်ပြင်းပြသော (Reform Minded) ရှိနေရန် အထူးအရေးကြီးပါကြောင်း စသည်ဖြင့် ဝန်ထမ်းပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လိုအပ်သည့်အချက်များကို မီးမောင်းထိုးပြခဲ့ပါသည်။

ထို့ကြောင့် ပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်ရာတွင် ဖွဲ့စည်းပုံပြောင်းလဲရုံမျှဖြင့် ပြီးမည်မဟုတ်ဘဲ လူပုဂ္ဂိုလ်ဆိုင်ရာပြုပြင်ပြောင်းလဲမှုများ လိုအပ်သည်ဆိုခြင်းမှာ အထင်အရှားပင်ဖြစ်ပါသည်။

ဝန်ထမ်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု

ပြည်ထောင်စုဝန်ကြီးပြောသကဲ့သို့ပင် ဝန်ထမ်းအချို့သည် စနစ်ဟောင်းတွင်ခေါက်ရိုးကျိုးနေကြသည်ဖြစ်ရာ ပထမဦးစွာ ပြုပြင်ပြောင်းလဲရမည်မှာ မိမိ၏စိတ်အခံ (Mind set) ကို ပြုပြင်ပြောင်းလဲရန်ပင်ဖြစ်ပါသည်။ ယခုပြောင်းလဲလိုက်သောဖြစ်စဉ်အပေါ်မှာပင် အချို့သောဝန်ထမ်းများက ခံစားနေကြသည်မှာ ဝန်ကြီးဌာနအသစ်၏ လက်အောက်တွင် မိမိအနေနှင့် အဆင်ပြေပါမည်လား၊ မည်သည့်အခက်အခဲများ ကြုံတွေ့ရမည်လဲ၊ မိမိဌာနအနေနှင့် လုပ်ပိုင်ခွင့်ကျသွားမည်လား၊ မိမိဌာန၏ အခန်းကဏ္ဍ (Role) ပျောက်သွားမည်လား စသည့်စိုးရိမ်မှုများ ရှိနေကြကြောင်း တွေ့မြင်ကြားသိနေရပါသည်။ (ဝန်ကြီးကလည်း ဤသို့မစိုးရိမ်ကြရန် ပြောကြားပါသည်)။ ထိုကဲ့သို့ စိုးရိမ်သည်ဆိုခြင်းမှာ ဝန်ထမ်းတို့သည် ပြည်သူကို မျက်နှာမူရမည့်အစား မိမိကိုယ်တိုင်နှင့် မိမိဌာနအပေါ်တွင် (အတ္တစွဲဖြင့်) ပြန်လည်မျက်နှာမူနေခြင်းပင် ဖြစ်ပါသည်။

အမှန်တကယ်ဖြစ်ရမည်မှာ မိမိတို့သည် ဝန်ကြီးဌာနအသစ်နှင့် အတူတကွလိုက်ပါ၍ ပြည်သူ့ကိုယ်စားလှယ်များဖြစ်သော တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့၏ မူဝါဒဆိုင်ရာ ကြီးကြပ်လမ်းညွှန်မှုများ အောက်ဝယ် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူ့အကျိုးကို ပိုမိုထမ်းဆောင်ခွင့်ရမည်ဖြစ်၍ ဝမ်းသာပျော်ရွှင်သင့်ပါသည်။ ပြည်ထောင်စုဝန်ကြီးကလည်း “ပြုပြင်ပြောင်းလဲမှုတွင် မိမိတို့ထွေအုပ်ဝန်ထမ်းများက စံနမူနာပြဖြစ်စေချင်ပြီး တက်ညီလက်ညီ ပါဝင်ကြိုးပမ်းခဲ့ကြသည်ဆိုသည်ကိုလည်း သမိုင်းတွင်ကျန်ရစ်စေချင်ပါကြောင်း၊ ပြည်သူလူထုကို မျက်နှာမူပြီး၊ လူထု၏လိုအပ်ချက်များကို အစဉ်အမြဲ ဖြည့်ဆည်းပေးနိုင်ရန် အချိန်မရွေး အဆင်သင့်ဖြစ်နေရမည်၊ လူထုနှင့်နီးစပ်ပြီး လူထုကအားကိုးယုံကြည်သော အုပ်ချုပ်ရေးမှူးကောင်းများဖြစ်လာအောင် အားလုံးကြိုးပမ်းဆောင်ရွက်ကြရန်နှင့် “ပြုပြင်ပြောင်းလဲမှု စံနမူနာပြ ထွေအုပ်က”ဟု ဆိုနိုင်သည်အထိ ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုပမ်းအားထုတ်ပေးကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း” စသည်ဖြင့် နိဂုံးချုပ်ပြောကြားခဲ့ပါသည်။

ထို့ကြောင့် ယနေ့ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများက ကြွေးကြော်ရမည့်ဆောင်ပုဒ်မှာ “ပြုပြင်ပြောင်းလဲမှု စံနမူနာပြ ထွေအုပ်က” ဆိုသည့် ဆောင်ပုဒ်ဖြစ်ပါကြောင်း ...။

သိန်းထက်အောင်