News

POST TYPE

OPINION

ဘာ့ကြောင့် တရားဥပဒေစိုးမိုးရေးလဲ၊ ဘာတွေ ဆက်စပ်နေသလဲ (Daily, Vol-6/No-141)
22-Sep-2018

မြန်မာပြည်မှာ တရားဥပဒေစိုးမိုးရေးလို့ဆိုလိုက်ရင် ဟိုအရင်က ပုဂံ ရာဇဝင် တုတ်ထမ်းပြောရသလို ဖြစ်နေပြီ။ တရားဥပဒေ စိုးမိုးရေးကို အကြိမ် ကြိမ် အထပ်ထပ် ပြောနေရတာ  တရားဥပဒေ မစိုးမိုးလို့ဘဲဆိုတဲ့ ယုတ္တိကျကျ သီအိုရီထုတ်ရမလို ဖြစ်နေတယ်။

ဥပဒေမစိုးမိုးရတဲ့ အဓိကအချက်ကိုပြောပါဆိုရင် အာဏာရှင်စနစ်၊ အကျင့်ပျက်ခြစားမှုနဲ့ ဆင်းရဲနွမ်းပါးမှုလို့ သုံးချက်ပြောရမယ်။ အဲဒီ သုံးချက်ကလည်း တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်။ စနစ်ဆိုးတစ်ခုက မွေးဖွားပေးလိုက်တဲ့ ဖွားဖက်တော်တွေလို့ ဆိုရမယ်။

သီအိုရီတွေအရပြောရရင် အများကြီး၊ အာဏာရှင်စနစ်နဲ့ ဓားမိုးအုပ်ချုပ်ခဲ့တဲ့ နိုင်ငံတွေမှာ အာဏာရှင်တွေနဲ့ ပေါင်းစားတဲ့လူတစ်စုပဲ ချမ်းသာပြီး နိုင်ငံသားအများစု ဆင်းရဲကြတယ်။ ချမ်းသာတဲ့သူက ချမ်းသာပြီးရင်း ချမ်းသာလာတဲ့အတွက် ဆင်းရဲ၊ ချမ်းသာ ကွာဟမှု ချောက်ကမ်းပါး သိပ်ကြီး၊ သိပ်နက်လာတယ်။

အကျိုးဆက်က မှုခင်းထူပြောလာတယ်။ ဒုစရိုက်မှု များလာတယ်။ လူမိုက်ဂိုဏ်းခေါင်းထောင်လာတယ်။ ပြည်သူတွေရဲ့ လုံခြုံအေးချမ်းရေး နေ့စဉ် တာဝန်ရှိနေတဲ့ ရဲတပ်ဖွဲ့မှာ လစာ၊ ရိက္ခာ မလုံလောက်တော့ အကျင့်ပျက် ခြစားလာတယ်။ ကျန်တဲ့ အစိုးရဌာနအသီးသီးမှာလည်း ပြည်သူ့ဘဏ္ဍာကို နည်းမျိုးစုံနဲ့ အလွဲသုံးလာတယ်။ ပြည်သူကို ဝန်ဆောင်မှုပေးတဲ့ နေရာတွေမှာလည်း လာဘ်ငွေအပေးအယူ သိပ်များလာတယ်။

တရားရေးမဏ္ဍိုင်ကလည်း ငွေများ တရားနိုင်၊ အာဏာရှိရင် တရားနိုင်ဖြစ်လာတော့ တရားရုံးတွေအပေါ်  ပြည်သူက မယုံကြည်တော့ဘူး။ တရားရုံးနဲ့ ဆက်စပ်နေတဲ့ ရှေ့နေ၊ ရဲ၊ အမှုပွဲစားတွေကလည်း အမှုသည်တွေအပေါ် ကိုယ်ချင်းစာစိတ်နည်းလာပြီး ကိုယ်ပိုက်ဆံရပြီးရော သဘောထားလာကြတယ်။ ရလဒ်ကသေးတဲ့အမှု ကြီး၊ ကြီးတဲ့အမှု ဧရာမဖြစ်၊ ဧရာမအမှု ကိုယ်ကျိုးနည်းဆိုတဲ့ လောကနိယာမနဲ့ လူမှုကျင့်ဝတ်တွေရဲ့ ပြောင်းပြန်သက်ရောက်မှုတွေ များလာတော့တာပေါ့။

လုံခြုံရေးဝန်ထမ်းတွေနဲ့ တရားရုံးတွေအပေါ် ယုံကြည်မှုမရှိကြတော့တာက ခေတ်နဲ့ မလျော်ညီတဲ့ ဥပဒေတွေ၊ စနစ်နဲ့ မလိုက်ဖက်တော့တဲ့ ဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေဆိုးတွေကြောင့်လည်း ပါတယ်။ ဆိုးကျိုးကတော့ ကိုယ့်ဘာသာကိုယ် တတ်နိုင်တဲ့နည်းနဲ့ ဖြေရှင်းလာကြတော့တာပဲ။

လူမိုက်ဂိုဏ်းကိုငှားပြီး အကြွေးတောင်းခိုင်းတာကနေ အုပ်စုဖွဲ့ အနိုင်ကျင့်တာ၊ ကွဲအောင်၊ ကျိုးအောင်ရိုက်တာ၊ သတ်ပစ်တာမျိုးအထိ လုပ်လာကြတယ်။ တချို့ကတော့ ကိုယ့်နစ်နာမှုကို ရဲနဲ့ တရားရုံးမှာ တင်ပြတိုင်တန်းပေမယ့် ထိထိရောက်ရောက် မကူညီတာ၊ လျစ်လျူရှုခံရတာမျိုးကြောင့် အဆုံးစွန်မိုက်ပြီး လက်စားချေပစ်လိုက်တာမျိုးအထိ လုပ်လာတယ်။

ဒါတွေက တကယ်တော့ မယဉ်ကျေးတဲ့လူ့အဖွဲ့အစည်း၊ ငြိမ်းချမ်းတဲ့ ဘာသာတရား အဆုံးအမအောက်က လူ့အဖွဲ့အစည်းတစ်ခုအတွက် အင်မတန် ရှက်စရာကောင်းတယ်။

ဒီအချိန်မျိုးမှာ တိုင်းပြည်ဆူပူ၊ မငြိမ်သက်၊ ဥပဒေမစိုးမိုးမှ ငါတို့ လုပ်ချင်တာ လုပ်လို့ရမယ်လို့ တွက်ပြီး အကွက်ချောင်း၊ အမှားရှာ၊ ခြေထိုး၊ ချောက်ချ လုပ်ကြံမယ့်သူတွေကတစ်မှောင့်။ တိုင်းပြည်ကို စီမံခန့်ခွဲအုပ်ချုပ်သူတွေရဲ့ လူမှန်၊ နေရာမှန် မဖြစ်ဘဲ ညံ့ဖျင်းတဲ့ အရည်အချင်းကလည်း တစ်ပြဿနာ။

ကိုယ့်နိုင်ငံသားအချင်းချင်းကို “အင်္ဂလိပ်အခက်၊ ဗမာအချက်”လိုလုပ်ပြီး စေတနာဆိုးနဲ့ အဆင်းဘီးတပ်၊ ဘေးထိုင်ဘုပြောနေသူတွေ၊ တမင်ရည်ရွယ်ချက်ရှိရှိ သွားပုပ်လေလွင့်ပြောနေသူတွေ၊ ငါမှ ငါ ဆရာကြီး လုပ်နေသူတွေ၊ တိုင်းပြည် ဘယ်အခြေအနေရောက်နေမှန်းမသိ နွားခြေရာခွက်မှာ နေရာလုနေသူတွေကလည်း တစ်ဒုက္ခ။

ငါတို့ကို လာမထိနဲ့ မီးပွင့်သွားမယ်၊ ငါတို့က ခေတ်အဆက်ဆက် တိုင်းပြည်ကို ကယ်တင်လာခဲ့သူတွေ၊ ငါတို့ ဘယ်တော့မှမမှားဘူး။ နိုင်ငံရေးသမားနဲ့ မီဒီယာတွေကသာ ငါတို့အပေါ် အထင်မှားအောင် လုပ်နေတာ။ ငါတို့လိုချင်သလို မဖြစ်ရင်တော့ ငါတို့ အဆိုးမဆိုနဲ့ဆိုပြီး ပါဝါအမာအားကိုးနဲ့ ထီမတင်စိတ်ရှိသူတွေက တစ်ဘာသာ။

ကြာလာရင် ဒီနိုင်ငံ၊ ဒီလိုအစုအဖွဲ့၊ ဒီလိုစိတ်ထား၊ ဒီလိုခံယူချက်၊ ဒီလို လက်တွေ့ ကျင့်သုံးနေသူတွေအကြား ကွဲသထက်ကွဲ မဲသထက်မဲ၊ ဆဲသထက် ဆဲလာမှာ စိုးရိမ်ရတယ်။ တိုင်းပြည်က အတွင်းရန်၊ အပြင်ရန်ကြောင့် အတွင်းပူ၊ အပြင်ပူ ဖြစ်နေတဲ့အချိန်မျိုးမှာ ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်းတွေက မီးကို အရက်ပြန်လောင်း၊ အမှားကို အမှားဆင့်နေရင် နောက်ဆုံး မြေစာပင်ဖြစ်တဲ့ ပြည်သူနဲ့နိုင်ငံပဲ နစ်နာရမှာ။

ဒါကြောင့် လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ပဲ တွေးမနေကြဘဲ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေနဲ့ ဆီလျော်အပ်စပ်တဲ့  ဖြေရှင်းနည်းရဖို့၊ ကျယ်ကျယ်ပြန့်ပြန့်တွေးဖို့၊ နယ်ပယ်အရပ်ရပ်က ပညာရှင်တွေကို ဖိတ်ခေါ် ဆွေးနွေးဖို့ (တစ်နည်းအားဖြင့် တီးမှမြည်တဲ့ ခေါင်းလောင်းတွေကို တီးပေးဖို့) ပြည်သူက တိုက်ရိုက်ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို ကိုယ်စားပြုတဲ့လွှတ်တော်မှာ သက်ဆိုင်ရာနယ်ပယ်အလိုက် ဖွဲ့ထားတဲ့ကော်မတီတွေ ပြတ်ပြတ်သားသား အလုပ်လုပ်ဖို့၊ အစိုးရအကြိုက်ချည်း နေရာတကာ မလိုက်မိဖို့နဲ့ အစိုးရကလည်း ပြဿနာတွေကို လိမ္မာပါးနပ်ထက်မြက်တဲ့နည်းနဲ့ ချဉ်းကပ်ဖြေရှင်းဖို့၊ လျင်လျင်မြန်မြန် တုံ့ပြန်ဆောင်ရွက်ဖို့လိုမယ်လို့ တိုက်တွန်းအကြံပြုလိုက်ပါရစေ။

အယ်ဒီတာ (၂၂-၉-၂၀၁၈)