News

POST TYPE

OPINION

(၂၅) နှစ်ဝန်ကြီးနဲ့ လဝကဖြေလျှော့ခြင်း
22-Sep-2018

အစိုးရက ဖြေလျှော့တဲ့ လေဆိပ်မှာ ဖောင်ဖြည့်စရာ မလိုတော့ဘူးဆိုတဲ့သတင်းနဲ့ မလေးရှားမှာ အသက် ၂၅ နှစ်အရွယ် ပြည်ထောင်စုဝန်ကြီးခန့်တဲ့ သတင်းနှစ်ခုကြားပြီး တွေးမိတာလေးပါ။ 

အရင်ခေတ်က ပြည်ပထွက်ရင် ရန်ကုန် ပန်းဆိုးတန်းက ဒီဖောင်ရုံးမှာ ထွက်ခွာခွင့်စာရွက်လိုတယ်။ အဲဒီခေတ်က ပြည်ပထွက်ဖို့ ရန်ကုန်မှာ တစ်ပတ်လောက်လာနေပြီး ပန်းဆိုးတန်းမှာ အချိန်ကုန်ခံရတယ်။ ရန်ကုန်က လူတွေအတွက် မထောင်းတာပေမယ့် နယ်ကလူတွေအတွက်က စရိတ်မသေးဘူး။ ဒီဖောင်ရုံးက စာရွက်မပါရင် လေဆိပ်က ပေးမထွက်ဘူး။ နောက်ပိုင်း အကောက်အခွန်တွေဘက် ဖမ်းတာဆီးတာတွေ ကြားနေချိန်မှာ ဒီဖောင်ရုံးသွားစရာမလိုဘဲ အွန်လိုင်းဒီဖောင်ဖြစ်လာတယ်။ အတော်ကောင်းတဲ့ အပြောင်းအလဲပါ။ ဘဏ်မှာတော့ ငွေသွားသွင်းပြီး ချလန်လိုတာရှိပေမယ့် ဒီဖောင်ရုံးကြီးလည်း အားသွားသလို သွားတဲ့လူတွေလည်း အဆင်ပြေသွားတယ်။ ဒီဖောင်ကို ရန်ကုန်မလာဘဲ လုပ်လို့ရသွားတယ်။ နောက်ပိုင်း ဘာလို့ဘဏ်ချလန်လုပ်သလဲ၊ ဒီဖောင်ထုတ်ပြီးမှ ဘဏ်ချလန်မပါရင် လေဆိပ်မှာ ပေးမရဘူးလား ဘာညာတွေရှိပေမယ့် အဆင်ပြေတဲ့ စနစ်တစ်ခုပါပဲ။ တကယ်တော့ အခြားနိုင်ငံတွေမှာလည်း ဒီဖောင်မရှိကြပါဘူး။ 

ရည်ရွယ်ချက်ကတော့ မသွားစေချင်သူတွေကို တားဖို့လို့ နားလည်တာကြောင့် နောက်ကွယ်ကနေ Blaklist ဆိုတဲ့ အမည်ဆိုးမှတ်တမ်း တိုက်ကြည့်တယ်လို့ နားလည်တယ်။ ကွင်းမှာ ထွက်တဲ့အချိန် တန်းစစ်နိုင်တဲ့ သူတွေဆီမှာ ဒီလိုတွေ လုပ်စရာမလိုတော့ဘူးဆိုပေမယ့် လိုအပ်ချက်တစ်ရပ်က ထိန်းချုပ်မှုနဲ့မှတ်တမ်း ဆိုတာတော့ ရှိနေဆဲပါပဲ။

ဒီလိုမျိုးပဲ ဖြေလျှော့တယ်ဆိုပြီး ရပ်ကွက်ရုံတွေမှာ ဧည့်စာရင်းတိုင်တာတွေ ရပ်လိုက်တယ်။ အများစုက လက်ခုပ်တီးကြတယ်။ တကယ်ကိုပဲ မဖြစ်သင့်တဲ့ အချိန်ကုန်တာ မျက်နှာငယ်လေးနဲ့သွားပြီး ငွေပေးရတာ စတာတွေလွတ်ပြီဆိုပြီး ပျော်ကြပေမယ့် ဒီလိုသွားလာနေတာကို သိစေနိုင်တဲ့ အစားထိုးစနစ်မရှိဘူးဆိုရင် ဒါမလုပ်တော့တာ ကောင်းမကောင်းက မသေချာဘူး။ တကယ်ဆို ငွေမကောက်ဘဲ တစ်နည်းနည်းနဲ့ အသိပေးတာမျိုး ပြောင်းနိုင်ရင် ပိုကောင်းမလားတွေးမိတယ်။

အခုလေဆိပ်မှာ ဘာစာရွက်မှမလိုတာမျိုးက လုံခြုံရေးမှာ နာမည်ကြီးတဲ့ အစ္စရေးပြည်ထဲအပြင် ဘာမှဖြည့်စရာမလိုတာ စာရွက်မရှိတာကြုံခဲ့တယ်။ ကွင်းထဲကနေ တစ်ယောက်ချင်း ကုတ်ပြထွက်ခဲ့ရပေမယ့် ဘာမှမဖြည့်ခဲ့ရဘူး။ 

တကယ်တော့ ခေတ်ပြောင်းလာပါပြီ၊ အရင်ခေတ်က လေယာဉ်လက်မှတ်မပါရင် လေယာဉ်ပေါ်ပေးမတက်ဘူး။ ရောင်းထားတဲ့လက်မှတ်ကို ကွင်းလာချိန် မပျောက်ပျက်အောင် ယူသွားရတယ်။ သူပါမှ လေယာဉ်စီးကြရတာကိုး။

နောက်ပိုင်းမှာ ကုတ်စာလုံး ၆ လုံးနဲ့ တက်လို့ရတာ နာမည်ပါရင် ပြီးသွားတာ စတဲ့အရာတွေဟာ နောက်က နက်ဝပ်ဆိုတဲ့ ချိတ်ဆက်မှုကနေ ဖြစ်လာတာပါ။

တရုတ်ပြည်မှာနေတဲ့ သူငယ်ချင်းတစ်ယောက် သူတို့ ထုတ်ပေးထားတာ Code ပါတဲ့ စာရွက်ကလေး၊ လမ်းမှာတွေ့ရင် ရဲက စက်နဲ့စစ်တယ် သူများဟာဆိုတာနဲ့ တန်းဖမ်းသွားတာပဲ။ စစ်တာက နောက်ကွယ်မှာ စာရွက်က အရေးမပါဘူး။ ပွားထားလည်း ဘာမှမဖြစ်ဘူး။ ကိုယ်တွေက နောက်က စနစ်မရှိတော့ မှတ်ပုံတင်ကို လုံခြုံရေးအတော်ထိန်းရပုံပဲ၊ နောက်လုပ်မယ့်စနစ်မှာ ကတ်တွေကို အကုန်အကျခံပြီး ဆီးသီးဗန်းမှောက်ကြမည့် သတင်းတွေကြားနေရတယ်။

ရွာတန်းရှည် လမ်းညွန်စာအုပ်ရေးသလို National Web Portal တွေမလိုဘဲ ငွေဖြုန်းနေကြပေမယ့် နောက်က အချက်အလက်မှန်ဆောက်ဖို့တော့ အားရတဲ့သတင်းတွေ မကြားမိသေးဘူး။ ပြန်ချုပ်ရရင် ဖြေလျှော့တာ ကောင်းပါတယ်။ မူရင်းရည်ရွယ်ချက်ကိုရအောင် ဘာလုပ်ထားတယ်ဆိုတာက ပိုအရေးပါတယ်။ 

စနစ်က ကောင်းလာရင် အချို့လုပ်ထုံးလုပ်နည်းတွေ အဆင့်တွေ ပစ္စည်းတွေ မလိုတော့ဘူးဆိုတာ ဖြစ်လာတယ်။

ချိတ်ဆက်ပြောရရင် မလေးရှားမှာ အသက် ၉၀ ကျော် ခေါင်းဆောင်က လူငယ် ၂၅ နှစ်ကို ဝန်ကြီးခန့်လို့ရတာဟာလည်း ၂၅ နှစ်က ပိုတော်လို့ ဆိုတာကြောင့်ဖြစ်နိုင်သလို၊ ဝန်ကြီးလုပ်ရမည့်တာဝန်တွေကိုထမ်းဖို့ နောက်ကွယ်က စနစ်ကောင်းက ၂၅ နှစ်သားအဆင့်နဲ့ ထိန်းချုပ်လို့နိုင်တာမျိုး ဖြစ်နေတာကြောင့်ဆိုတာလည်း တွေးလို့ရတယ် တွက်ဆနိုင်တယ်။

ငယ်ငယ်က စတိုးဆိုင်ကြီးတွေဆိုတာမှာ ဈေးရောင်းဖို့ ဈေးရောင်းတတ်သူတွေ ဈေးသိသူတွေ လိုချင်တဲ့ပစ္စည်းရှာပြီး ယူပေးနိုင်သူတွေနဲ့ ရောင်းကြရတယ်။ မှန်ကောင်တာတွေနဲ့ အရောင်းစာရေးတွေ တစ်လှေကြီးနဲ့ ခေတ်ပေါ့။ သူတို့ မှာ ဈေးဝယ်သူများလာတာနဲ့အမျှ ရောင်းသူတွေ အတော်ရှုပ်ထွေးခဲ့ မောခဲ့ကြတယ်။

နောက်ပိုင်းစနစ်တွေ ပြောင်းလာချိန်မှာ ဘားကုတ်ဖတ်ပြီး ဘောက်ချာပေး ပေးတဲ့ငွေယူတွေကို မြန်မြန်သင်ပေးပြီး လွယ်လွယ်ခန့်လို့ရလာခဲ့တယ်။ စက်ရုံကြီးတွေပေါ်လာတော့လည်း အရင်ကလို ကုန်ပစ္စည်းထုတ်လုပ်ရာမှာ ကျွမ်းကျင်သူတွေထက် Mass Product ကို Product Line ကနေ ကိုယ်ရှေ့ရောက်တာ ကိုယ်ဒါပဲလုပ်ဆိုပြီး အလုပ်သမားတွေကို အလုပ်ခွဲခြားလုပ်ကိုင်စေပြီး လွယ်လွယ်ခန့်လို့ရလာတယ်။ 

ယုတ်စွအဆုံး ကွန်ပျူတာခေတ်မှာတောင် ဒီလောကရဲ့ ခေတ်ဦး အိုင်ဘီအမ်ကရောင်းထားတဲ့ ကွန်ပျူတာဆိုင်ရာတွေကို ဖုန်းနဲ့ အခက်အခဲတွေကို မေးတာဖြေဖို့ ကျွမ်းကျင်တဲ့ Geek တွေ လိုခဲ့ဖူးတယ်။ ဈေးကြီးပေး ခန့်ရတယ်၊ လိုသလောက်မရဘူး။ နောက်ပိုင်းမှာ အမေးအဖြေတွေကို စုပြီး စနစ်တည်ထောင်ပြီးတဲ့နောက်မှာ Expert System တွေ ထွက်လာပြီး မေးခွန်းတွေကို ၉၀ ရာခိုင်နှုန်းလောက်ကို စက်ကိုင်တဲ့ Call Center ကို ထိန်းကျောင်းတဲ့ စကားပြောပဲတတ်တဲ့သူတွေက ပညာရပ်ဆိုင်ရာတွေကို စနစ်အကူအညီနဲ့ ဖြေနိုင်သွားတယ်။

ဆိုလိုချင်တာက ကလေးလွတ်ပြီး ဈေးဝယ်ခိုင်းလို့ရတဲ့ဆိုင်တွေလို သိပ်ပြီး သိုင်းလောကအကြောင်းမသိသေးတဲ့ ဗျူရိုကရေစီပါးမဝသေး တဲ့ ၂၅ နှစ်ကို ဝန်ကြီးပေးလို့ရတယ်ဆိုတာ ၂၅ နှစ်ရဲ့ တော်တဲ့အရည်အချင်းဆိုတာရှိသလို စနစ်ရဲ့ ကောင်းခြင်းတွေကြောင့်လည်း ပါမယ်လို့ တွက်ဆမိတာပါ။

နောက်တစ်ခုက နောက်ပိုင်းပညာရေးစနစ်တွေက လူတွေကို လုံလောက်တဲ့ လိုအပ်တဲ့ အသိပညာ အတတ်ပညာတွေကို ခေတ်မီလေ့လာတဲ့ နည်းစနစ်တွေနဲ့ ၃၅ နှစ် ၄၀ မှ ပြည့်မည့် ရနိုင်မည့်ပညာရပ်တွေကို ၂၅ မတိုင်ခင် လေ့လာနိုင်အောင် စွမ်းတဲ့ သင်ကြားမှုဆိုင်ရာ ပစ္စည်းတွေနဲ့ နည်းပညာတွေကြောင့်လည်း ဖြစ်နိုင်တယ်။ တန်းမီအောင်လုပ်နိုင်ဖို့ လိုတဲ့ အချိန်နည်းသွားတာပဲပေါ့။

ကလေးတွေ ၂ နှစ်သား ဖုန်းစပွတ်နေသလိုပေါ့။ သူကိုင်တွယ်ရာမှာ သုံးတဲ့ နည်းပညာတွေ ကိရိယာ Tools တွေ ထောက်ပံ့သူတွေကြားက စနစ်တွေနဲ့လည်း ဆိုင်မှာဖြစ်သလို သူတို့ရည်မှန်းချက်တွေနဲ့ ပေးထားချက်တွေက ထိန်းနိုင်သွားလောက်အောင် နိုင်လာတာ၊ မရှုပ်ထွေးတော့တာ ရင်းနှီးထားတဲ့စနစ်တွေ လည်ပတ်နေတာလည်း ပါမှာပါပဲ။

အချို့အရာတွေက လေ့ကျင့်မှု အတွေ့အကြုံတွေ လိုတယ်ဆိုပေမယ့် ဘောလုံးသမားတွေလိုပဲ ကျင့်ထားမှ၊ သင်ထားမှ ကန်သက်များမှ၊ ကျွမ်းကျင်မှ ဘောလုံးသမားကောင်း ဖြစ်လာပေမယ့် အသက် ၃၀၊ ၄၀ ထိ ရောက်လို့ မရတာပြန်ကျတာမျိုးလည်းရှိတော့ လူငယ်တွေရဲ့ အားသာချက်ဆိုတာကိုလည်း လျှော့မတွက်ချင်မိဘူး။ 

တစ်ခါတလေလည်း အတွေ့အကြုံဆိုတာ ကြာလာရင် ကောင်းတာတွေ များလာတတ်သလိုပဲ ဆိုးတာတွေလည်း များလာတတ်တယ်။ အဆိုးတွေ လေ့ကျင့်မိလာတတ်တာလည်း ရှိမယ်။

အမေရိကားမှာ အချို့တည်းခိုခန်းလေးတွေမှာ ဝန်ထမ်းတစ်ယောက်တည်းနဲ့ နိုင်တာတွေမှာ တစ်ယောက်ရဲ့ကျွမ်းကျင်မှု အစွမ်းပါသလို စနစ်ကောင်းတွေ၊ နည်းပညာတွေအပြင် လုံလောက်တဲ့ဝန်းကျင်ရဲ့ လုံခြုံရေး ဥပဒေစိုးမိုးမှု စနစ်လိုက်နာတာတွေနဲ့ ဈေးကွက်လက်ခံတာတွေလည်း ပါနေတယ်ဆိုတာ သတိပြုမိပြန်တယ်။ 

ဘာလို့လဲဆိုတော့ ချမ်းသာတဲ့နိုင်ငံကြီးတွေမှာ အလုပ်သမားသုံးတာ နည်းတာ သတိထားမိလို့ပါ။

နောက်ပြီး နိုင်ငံတကာအဆင့် လုပ်ငန်းစုကြီးတွေမှာလည်း လူပေါ်တည်တဲ့ မရှိမဖြစ်လူတွေ မလိုတဲ့ စနစ်ပေါ် လည်နေတာဆိုတာ သတိပြုမိပြန်တယ်။

ဂျပန်မှာဆို အရင်က ဝန်ကြီးချုပ်တက်လာလိုက် ပြန်ဆင်းလိုက်တွေ ဖြစ်ခဲ့ပေမယ့် နိုင်ငံရေး၊ စီးပွာရေး မရိုက်ခတ်ဘူး။ အမေရိကန်မှာ အိမ်ဖြူတော်ကို မျောက်တစ်ကောင်ရောက်လာ အုပ်ချုပ်လည်း ဆိုးဝါး မသွားဘူးလို့ ပြောတာကြားဖူးတော့ ဆောက်ထားတဲ့စနစ် တည်ထားတဲ့ ပညာရေး ထောက်ထားတဲ့ ဥပဒေခင်းထားတဲ့စနစ်တွေက လူတွေထက် အရေးပါလာတာတွေကိုက ဘယ်လိုလူကို ခန့်လို့ရတယ်ဆိုတာနဲ့ ချိတ်ဆက်နေတာ သေချာနေပြန်တယ်။

ဘာပဲပြောပြော အခုဗီယက်နမ်မှာလုပ်နေတဲ့  World Economic Forum မှာ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ဝန်ကြီးတွေ၊ ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ သွားတက်ကြရာမှာ သူတို့ အသိတွေထဲကို အခုရိုက်ခတ်နေတဲ့ Industry Revolution တွေ industry 4.0 တွေ သိလာတာ Big Data တွေ Communication တွေကနေ AI လို့ခေါ်တဲ့ အသိဉာဏ်တုတွေ အခန်းကဏ္ဍနဲ့ အနာဂတ်မှာ လိုမယ့် မလိုမယ့် အလုပ်အကိုင်တွေအကြောင်း သိခွင့်ရတာကိုက စိတ်မောမိတာ နည်းနည်းတော့ သက်သာမိတယ်။

သမိုင်းဆိုတာ အရေးပါတာမှန်ပေမယ့် သမိုင်းနောက်ခံတွေ သိဖို့လိုတာမှန်ပေမယ့် လေ့လာတဲ့စာအုပ်တွေက တစ်ချိန်က ပိတ်ထားခဲ့ပြီး ပြန်ထွက်တဲ့ အနှီခေတ် စစ်ပြီးခေတ်ကအကြောင်းတွေကို နိုင်ငံရေးဆိုပြီး ဖတ်ကြမှတ်ကြ လေ့လာကြရင်း လက်ရှိကမ္ဘာကြီးဟာ စစ်ပြီးခေတ်လိုပဲ ရှိနေဦးမယ်ထင်နေတာမျိုးကို စိတ်ပူမိတယ်။ စာဖတ်တာ ကောင်းပေမယ့် ရှေးဟောင်းကိုပဲ ပြန်သွားတဲ့စာတွေထဲနစ်ပြီး ခေတ်နောက်ပြန်ဆွဲတွေကိုပဲ ပေတံမီတာမျိုးတွေ မဖြစ်စေချင်မိဘူး။ အရှိကို အရှိအတိုင်းမြင်နိုင်ဖို့ ပညာမျက်စိနဲ့ ဖားသူငယ်ခြေရာခွက်ထဲက ထွက်ကြည့်ခွင့်ရဖို့လိုတယ်ဆိုတာ တွေးမိလို့ပါ။ ၂၅ နှစ် ဝန်ကြီးနဲ့ လဝက ဖြေလျှော့ခြင်းက ရတဲ့အတွေးပါ။ အမြင်လေးတွေ ဆွေးနွေးပေးကြပါဦး။ ကျေးဇူးတင်ပါတယ်။

ရဲမြတ်သူ