News

POST TYPE

OPINION

သောတရှင်များရဲ့ ဒုက္ခ
20-Sep-2018

“ရွာကျောင်းက ကြေးစည်သံ တစ်တောလုံးဟိန်းညံ သာယာစွာ ထွက်လို့လာပြန်”

“ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော ...”

“လွယ်သလား၊ ခက်သလားရာမ။ ရာမ၊ လွယ်သလား ခက်သလား ပြောစမ်း ငါ့ကို။ ဟေ့ ဒီမှာ၊ ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ ဒီလိုပစ်နိုင်မှ ဗိုလ်လုပ်လို့ရမှာကွ ...”

မနက် ငါးနာရီခွဲ ခြောက်နာရီလောက်ဆိုရင် ဒီအသံတွေ ကြားနေရပြီ။ ကြားရတာကလည်း တစ်လှည့်စီ၊ တစ်သံစီ ကြားရတာမဟုတ်။ တစ်ပြိုင်တည်း ကြားနေရတာ။ ရွာဦးကျောင်းက အသံကတစ်မျိုး၊ နောက်ဖေးအိမ်က အသံကတစ်ဖုံ၊ ရွာလယ်ပိုင်းက အသံချဲ့စက်ပိုင်ရှင်ကတစ်နည်း၊ ထီရောင်းတဲ့ကားကတစ်မှောင့်၊ အလှူခံမဏ္ဍပ်တော်ကြီးက တစ်ဘာသာ။ တစ်သံချင်းစီဆိုရင် ဒီလောက်ကြီး ပြဿနာမရှိလှပေမယ့် နှစ်သံ သုံးသံ တစ်ပြိုင်တည်း ကြားရတဲ့အချိန်မှာတော့ နှစ်ဖက်တည်းသာရှိတဲ့နားက ဘယ်ဘက်ကအသံကို ဘယ်လိုနားထောင်ရတော့မယ် မသိဖြစ်နေရပြီ။

ဖွင့်ကြတဲ့အသံတွေကလည်း ခပ်တိုးတိုးမဟုတ်။ သူ့ထက်ငါ အပြိုင်အဆိုင် အသံတွေ ချဲ့ကြတာ။ သူ့အသံချဲ့စက်နဲ့ ကိုယ့်အသံချဲ့စက် ဘယ်သူက ပိုမြည်သလဲ။ သူ့ဆောင်းဘောက်နဲ့ ကိုယ့်ဆောင်းဘောက် ဘယ်သူက ပိုမြိုင်သလဲ။ သူ့စတူဒီယိုနဲ့ ကိုယ့်စတူဒီယို၊ ဘယ်သူက ပိုငြိမ့်သလဲ။ သူနိုင် ကိုယ်နိုင် အပြိုင်ကြဲနေကြလေရော့သလား အောက်မေ့ရတယ်။ တချို့ကလည်း တကယ့်ကို ပြိုင်ကြတာ။ တောင်ဘက်က အသံချဲ့စက်ရှိတဲ့ဆီကို မြောက်ဘက်က အသံချဲ့စက်ရဲ့ ဟွန်းရှည်ကြီးနဲ့ချိန်ထားတယ်၊ တောင်ဘက်ကလူကလည်း အလျှော့မပေးဘူး၊ မြောက်ဘက်ကို တည့်တည့်ချိန်ထားတယ်။ ပြီးတော့ အပြိုင်ဖွင့်ကြတယ်။ အလယ်ကလူက ဘာသံကို နားထောင်လို့ နားထောင်ရမှန်း မသိတော့ဘူး။ အူနေပြီ။ နားထဲမှာ အသံတွေ လုံးနေပြီးတော့ ဘာမှကိုပြောလို့ဆိုလို့ နားထောင်လို့ မရတော့ဘူး။

တချို့ကလည်း အပြိုင်အဆိုင်ဖွင့်တာတော့ မဟုတ်ဘူး။ ကိုယ့်မှာ စက်ရှိလို့ဖွင့်တာ။ သူများတွေ နားထောင်စေချင်တဲ့ စေတနာနဲ့ဖွင့်တာ။ သဒ္ဒါရုံတည်းဟူသော အသံအလှူပေးလှူချင်လို့ပေါ့။ မနက်စောစောစီးစီး မင်္ဂလာတွေ ရှိပါစေတော့ဆိုပြီးတော့ ပရိတ်သံ၊ ပဋ္ဌာန်းသံလေးတွေ၊ ကျက်သရေမင်္ဂလာရှိတဲ့ တေးသီချင်းလေးတွေ ဖွင့်ပေးတယ်။ အဲ့သလို အသံ အလှူပေးတဲ့သူက ပေးလှူနေပေမယ့် အလှူခံပုဂ္ဂိုလ်တွေခမျာတော့ ဟိုဘက်ကတစ်မျိုး၊ ဒီဘက်ကတစ်ဖုံဆိုတော့ ဒီအလှူကို မကြည်ဖြူနိုင်ကြတော့ဘူးဖြစ်နေတယ်။ အသံအလှူတွေ မပေးလှူပါနဲ့တော့လို့ မေတ္တာရပ်ခံရတော့မလို ဖြစ်နေတယ်။

ဒီဘက်ရွာမှာ မြည်နေတယ်။ ဟိုဘက်ရွာမှာလည်း ဆူနေတယ်။ ဒီဘက် ရပ်ကွက်ကလည်း ညံနေသလို၊ ဟိုဘက်ရပ်ကွက်ကလည်း ထိုနည်း၎င်း။

ဒီအသံတွေ မြည်စေသူတွေဘက်ကလည်း ပြောကြလိမ့်မယ်။ တို့က စေတနာနဲ့ ဘက်ထရီအကုန်ခံပြီး၊ မီတာခ အတက်ခံပြီး ဖွင့်ပေးနေတာပါ၊ အများအတွက် စေတနာနဲ့ပါဆိုပြီး ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီနေရာမှာ အခြေအနေ၊ အချိန်အခါကို ကြည့်ကြဖို့တော့ လိုလိမ့်မယ်လို့ ပြောချင်ပါတယ်။ မနက်အစောကြီးကနေစပြီး ဖွင့်လိုက်ကြတာ အများအားဖြင့်တော့ လူသံသူသံတွေကြားလို့ အသံချဲ့စက်သံက မတိုးနိုင်တော့လောက်တဲ့အချိန်မှာမှ ရပ်သွားတယ်။ နောက်တစ်ခါ ညနေပိုင်း၊ ညဦးပိုင်း လူခြေ တိတ်ချိန်လောက်ကစပြီး သန်းခေါင်ယံလောက်အထိ ဖွင့်ပြန်တယ်။

အကြောင်းအရာပိုင်းကို ကြည့်လိုက်ပြန်တော့ ပြောကြလိမ့်ဦးမယ်။ မြန်မာသံစဉ်ဖွင့်တဲ့သူကလည်း ဒါက မြန်မာ့ဂီတကို အားပေးတဲ့အနေနဲ့ဖွင့်တာ။ ခေတ်ပေါ်ဂီတကို ဖွင့်တဲ့သူကလည်း ခေတ်ရေစီးကြောင်းကို အမီလိုက်နေတာ။ ဓမ္မဒေသနာတွေ ဖွင့်နေသူတွေကလည်း ကြားကြားသမျှကို ဓမ္မဿဝနမင်္ဂလာ ဖြစ်စေချင်လို့။ ကိုယ်စီကိုယ်စီမှာတော့ အကြောင်းပြချက်ကောင်းကောင်းတွေ ရှိနေပါလိမ့်မယ်။ ဟိုဘက်စက်နဲ့ ဒီဘက်စက် ပြိုင်ချင်လို့ဖွင့်တာလည်း ဖြစ်ချင်ဖြစ်လိမ့်မယ်။ ဟောဒီရွာမှာ ငါတို့အိမ်တစ်အိမ်တည်းသာလျှင် အသံချဲ့စက်ရှိတယ်ဆိုတဲ့ဟာကို ကြွားချင်လို့လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြားထဲက သောတရှင်များကတော့ နားမချမ်းမသာ ဖြစ်ကြရတာ အမှန်ပါပဲ။

တစ်ခါတစ်ခါကျတော့ ဘုရားပွဲ၊ ကျောင်းပွဲ၊ အလှူမင်္ဂလာပွဲ၊ သာရေးနာရေးပွဲတွေကြောင့် ဖွင့်ကြတာ။ ဒါပေမဲ့ အဲ့သလိုပွဲမျိုးတွေက အမြဲတမ်းရှိနေတာ မဟုတ်ပါဘူး။ အမြဲတမ်း ဖြစ်ပေါ်နေတာတွေကတော့ နေ့စဉ်နေ့စဉ် အသံချဲ့စက်ပိုင်ရှင်တွေက ကိုယ့်သဘောနဲ့ကိုယ် ဖွင့်နေကြလို့သာ ဆူညံမှုပြဿနာတွေနဲ့ ကြုံတွေ့နေကြရတာပါ။

တကယ်ဆို အသံချဲ့စက်ပိုင်ရှင်တွေ၊ ဆောင်းဘောက်ပိုင်ရှင်တွေအနေနဲ့ ဒီအသံတွေဟာ ကောင်းကျိုးဖြစ်စေသလား၊ ဆိုးကျိုးဖြစ်စေသလားဆိုတာ ဆန်းစစ်ဖို့ကောင်းပါတယ်။ ပြည်တွင်းပြည်ပ ပညာရှင်တွေကတော့ ဒါတွေဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်စေတဲ့အရာတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်နေပါသတဲ့။ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု စတာတွေအပြင် အသံပိုင်းဆိုင်ရာ ညစ်ညမ်းမှုဆိုတာကိုလည်း အလေးထားပြီး ဖြေရှင်းနေရတဲ့အပိုင်းမှာ ပါဝင်နေပါသတဲ့။

အသံပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေကို တစ်နည်းအားဖြင့် ပြောရရင်တော့ ဆူညံသံတွေပေါ့။ ဒီဆူညံသံတွေကြောင့် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ရောဂါဘယတွေ ဖြစ်စေတဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ဖြစ်စေပါသတဲ့။ စိတ်ဖိစီးမှုတွေ၊ စိတ်ဆင်းရဲမှုတွေ၊ အကြားအာရုံချွတ်ယွင်းတာတွေ၊ အိပ်ရေးပျက်တာတွေ၊ နှလုံးသွေးကြောကျဉ်းတာတွေ၊ မခံမရပ်နိုင်ဖြစ်တာတွေ ဖြစ်စေနိုင်ပါသတဲ့။ အထူးသဖြင့် ဒီအသံတွေက ကလေးတွေကို ပိုပြီးတော့ ထိခိုက်စေနိုင်ပါသတဲ့။ ဒီ့ထက်မကတဲ့ ဆိုးကျိုးတွေလည်း ရှိဦးမှာပါ။

ဒီဟာတွေကို ဘယ်လိုထိန်းသိမ်းကြမလဲဆိုတဲ့ နည်းလမ်းတွေရှိ၊ မရှိကိုလည်း ကြည့်ဖို့လိုဦးမှာပါ။

မြန်မာနိုင်ငံရဲ့ လက်ရှိတည်ဆဲဥပဒေအရတော့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေမှာ အုပ်ချုပ်ရေးမှူးရဲ့ လုပ်ငန်းတာဝန်တစ်ရပ်အဖြစ်နဲ့ ပုဒ်မ ၁၃ (ဈ) မှာ “အသံချဲ့စက်ဖွင့်ခွင့် တောင်းခံခြင်းကို စည်းကမ်းသတ်မှတ်၍ ခွင့်ပြုခြင်း၊ ခွင့်ပြုချက်မရှိဘဲ အသံချဲ့စက်ဖွင့်သူ သို့မဟုတ် စည်းကမ်းဖောက်ဖျက်သူအား အရေးယူခြင်း၊ အရေးယူရန် အကြောင်းကြားခြင်း”ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၁၈ မှာလည်း “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် အသံချဲ့စက်ဖွင့်လိုပါက သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုမိန့်ရယူရမည့်အပြင် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာရမည်”လို့ ပြဋ္ဌာန်းထားပါတယ်။ ပြစ်ဒဏ်ပိုင်းအနေနဲ့လည်း ပုဒ်မ ၂၇ မှာ “မည်သူမဆို ပုဒ်မ ၁၈ နှင့် ပုဒ်မ ၁၉ ပါတာဝန်ကိုဆောင်ရွက်ရန် ပျက်ကွက်လျှင် ထိုသူကို ကျပ်ငါးထောင်ထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ခုနစ်ရက်ထက်မပိုသော ထောင်ဒဏ်ကျခံစေရန် သက်ဆိုင်ရာတရားရုံးက ချမှတ်ရမည်”လို့ ပြဋ္ဌာန်းထားပါတယ်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေ ၁၄(ဂ) မှာလည်း “အသံချဲ့စက်ဖွင့်ခွင့်ပြုခြင်းနှင့် စပ်လျဉ်း၍ -

(၁) အသံချဲ့စက်ဖွင့်မည့် သက်ဆိုင်ရာ ကာယကံရှင်ကဖြစ်စေ၊ အဖွဲ့အစည်းကဖြစ်စေ၊ အသံချဲ့စက် ငှားရမ်းသူပိုင်ရှင်ကဖြစ်စေ၊ အကျိုးအကြောင်းနှင့် အသံချဲ့စက်ဖွင့်လိုသည့် ရက်နှင့်အချိန်ကိုဖော်ပြ၍ အနည်းဆုံး သုံးရက် ကြိုတင်လျှောက်ထားချက်ကို လက်ခံခြင်း၊

(၂) နည်းဥပဒေခွဲငယ် (၁) အရ လျှောက်ထားချက်ကိုရရှိပါက လိုအပ်သလိုစိစစ်၍-
(ကက) သာမန်အားဖြင့် နံနက်ခြောက်နာရီမှ ညကိုးနာရီအထိသာ ခွင့်ပြုခြင်း၊ 
(ခခ) အများပြည်သူအား အနှောင့်အယှက် မဖြစ်စေရေးအတွက် ခွင့်ပြုသည့်ဥပစာအတွင်း အများပြည်သူ ကြားသိနိုင်ရုံမျှသာ ဖွင့်ခွင့်ပြုခြင်း၊
(ဂဂ) ခွင့်ပြုသည့်ကိစ္စမှတစ်ပါး အခြားကိစ္စများအတွက် အသုံးမပြုရန် ကြီးကြပ်ခြင်း၊
(ဃဃ) တာဝန်ရှိသူကလိုအပ်၍ ခွင့်ပြုချက်ရပ်စဲခြင်းကို လိုက်နာဆောင်ရွက်စေရန် ကြီးကြပ်ခြင်း။

(၃) လိုအပ်ပါက သက်ဆိုင်ရာရဲတပ်ဖွဲ့၏ သဘောထားမှတ်ချက်ကို ရယူခြင်း၊
(၄) သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းက အသံချဲ့စက်ဖွင့်ရန် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်စေခြင်း”လို့ သတ်မှတ်ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

လက်ရှိ တည်ဆဲဥပဒေတွေ၊ နည်းဥပဒေတွေကိုကြည့်ရင်တော့ အသံချဲ့စက်တွေနဲ့ ပတ်သက်လို့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နိုင်အောင် သေသေချာချာ သတ်မှတ်ထားတာကို တွေ့ရမှာပါ။ ဒါပေမဲ့လည်း လက်တွေ့မှာတော့ အသံချဲ့စက်ဖွင့်ခွင့် တောင်းခံသူဆိုတာလည်း မရှိသလောက် ဖြစ်နေသလို ခွင့်ပြုချက်မဲ့ အသံချဲ့စက်ဖွင့်လို့ဆိုပြီးတော့ တရားစွဲ အရေးယူတဲ့အမှုကလည်း တစ်နိုင်ငံလုံးမှာမှ တစ်မှုနှစ်မှုလောက်ပဲ ကြားဖူးပါသေးတယ်။ ဘယ်လို အမိန့်ချလိုက်သလဲတော့ မသိလိုက်ပါဘူး။

ဒါတောင်မှ တစ်ခါတုန်းက သူဌေးသားတစ်ယောက်လိုဖြစ်နေမှာလည်း စိုးရသေးတယ်။ သူဌေးသားက ကျောင်းနောက်ကျတယ်။ တစ်ရက် နောက်ကျရင် ဒဏ်ငွေတစ်ကျပ်ဆောင်ရမယ်လို့ ဆရာကြီးက သူ့ကိုပြောတယ်။ ဒီတော့ သူဌေးသားက ပိုက်ဆံသုံးဆယ်ထုတ်ပေးသတဲ့။ တစ်ကျပ်ဆောင်ရမယ့်ဟာကို ဘာဖြစ်လို့ သုံးဆယ်ပေးရတာလဲလို့မေးတော့ နောက်ရက်တွေလည်း နောက်ကျဦးမှာမို့ တစ်လစာ ကြိုဆောင်ထားလိုက်တာလို့ ပြောသတဲ့။ အခုနေခါများ အသံချဲ့စက်ဖွင့်ခွင့်မရဘဲ ဖွင့်ရင် ဒဏ်ငွေ ၅၀၀၀ ကျမယ်လို့ ထပ်ပြောလိုက်ရင် တစ်လစာ တစ်သိန်းခွဲ ဆောင်ပြီးတော့များ ဖွင့်နေမယ့်သူများ ရှိလေဦးမလားလည်း မပြောတတ်ပါဘူး။

တကယ်တော့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကိုလိုက်နာဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ ဥပဒေက ဥပဒေ၊ ကိုယ်ကကိုယ် သတ်သတ်စီပဲဆိုပြီး မလိုက်နာဘဲနေကြဖို့လည်း မသင့်ပါဘူး။ 

ဒီအရေးကို နည်းနည်းတော့ ပြန်လည် သုံးသပ်ဖို့ကောင်းနေပြီလို့ ပြောချင်ပါတယ်။ ဥပဒေတွေ ရှိနေတယ်။ မလိုက်နာဘူး။ မလိုက်နာတာက ဘယ်သူ့မှာ တာဝန်ရှိသလဲလို့ မေးပြန်ရင်လည်း မီးခိုးကြွက်လျှောက် အကုန် လိုက်နေရတော့မယ့်သဘော ရှိနေပြန်တယ်။ အရင်းစစ်လိုက်တော့ အမြစ်မြေကဆိုသလိုပဲ တကယ်ဖွင့်တဲ့သူတွေကသာ စည်းကမ်းတကျဖြစ်ဖို့ အရေးကြီးပါတယ်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက အရေးယူရမယ့် တာဝန်ရှိနေတယ်။ ရှိနေပေမယ့်လည်း အရေးမယူဖြစ်ရတဲ့ အကြောင်းပြချက်တွေကလည်း ရှိနေမှာပေါ့။ တခြားမြို့တွေရွာတွေမှာလည်း ဒီလိုပဲဖွင့်နေကြတာကို ကိုယ့်ရပ်ကွက်ကျမှ ထပြီးအရေးယူလိုက်ရင် မြို့မေတ္တာခံယူလိုက်ရ မယ့်ကိန်းကို ဆိုက်နေမလား၊ ဖိုးတိကျကြီး၊ စာအုပ်ကြီးသမားဆိုပြီးတော့များ အမြင်ကပ်ခံနေရမလား၊ အာဏာရှင်လို့များ ကမ္ပည်းအတပ်ခံနေရမလား၊ ဒီတစ်ပွဲမှာ အတိအကျနွှဲလိုက်ရင် နောက်တစ်ပွဲမှာ မဲရပါဦးတော့မလား စသည် စသည်အားဖြင့် သူ့မှာလည်း သူ့ဒုက္ခနဲ့သူ။

တစ်ဖက်က စဉ်းစားစရာရှိတာကလည်း တစ်ခုခုကို အရေးယူတော့ မယ်ဆိုတာနဲ့ ထိုးလာမယ့် လက်ညှိုးတွေက အများကြီး။ ဥပမာပေါ့၊ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်မရှိဘဲ သုံးစွဲထားတဲ့ကိစ္စလေးတစ်ခုကို အရေးယူတော့မယ်၊ တရားစွဲတော့မယ်ဆိုတာနဲ့ ဟိုနားမှာရော ဒီလိုဖြစ်နေတာကို မမြင်ဘူးလား၊ ဒီနေရာကျမှလာပြီး အရေးယူတာက တရားသလား၊ ဟိုဘက်ကလူတွေကရော ဘာမို့လိုလဲလို့ပြောပြန်ရော။ လမ်းမကြီး နဲ့မလွတ်တဲ့အိမ်တွေ၊ ဆိုင်တွေ၊ စည်ပင်သာယာလမ်းနဲ့ မလွတ်တဲ့ဆိုင်တွေကို ဖယ်ပေးဖို့ပြောတော့ ဒီနေရာကလူတွေမှာပဲဖယ်ဖို့ တာဝန်ရှိတာလား၊ ဟိုနေရာကလူတွေရော ဖယ်ဖို့တာဝန်မရှိဘူးလား၊ ဒီမြို့ဒီရွာကလူတွေကျမှ အတိအကျ လိုက်နာရတာလား၊ ဟိုမြို့ဟိုရွာကလူတွေကျတော့ ထင်သလို နေခွင့်ရှိနေသလား စသည်စသည်အားဖြင့် တခြားလူတွေကို လက်ညှိုးထိုးကြတာတွေက တပုံကြီး။ အသံချဲ့စက်ကိစ္စကျတော့လည်း ဒီလိုပဲပေါ့လေ။ စည်းကမ်းမဲ့သလို ဖြစ်နေကြပေမယ့် ဥပဒေနဲ့အညီအရေးယူဖို့ကျတော့ အစခက်နေကြတယ်ထင်ပါရဲ့။

တကယ်တော့ သူများကသူများ၊ ကိုယ်ကကိုယ်။ သူများတွေ လိုက်နာတာ မလိုက်နာတာထက် ကိုယ်ကိုယ်တိုင် လိုက်နာလိုက်ရင်တော့ ကိုယ်က သူများထက် ပိုကောင်းသွားမှာပေါ့လေ။ ဒီလိုပဲမှတ်ရတော့မှာပေါ့။ တရားဥပဒေစိုးမိုးမှုရှိတယ်၊ မရှိဘူးဆိုပြီး ပြောနေတာထက် ကိုယ်လိုက်နာရမယ့်တာဝန်တွေကို တစ်ယောက်ချင်းစီက လေးစားလိုက်နာကြမယ်ဆိုရင်တော့ တစ်နိုင်ငံလုံးရဲ့ တရားဥပဒေ စိုးမိုးရေးက ဒီ့ထက်ဒီ့ထက် ပိုပိုကောင်းသွားမှာပါ။

ဒီအသံတွေကိစ္စက တချို့တချို့သော ခံယူချက်တွေ၊ ယုံကြည်ချက်တွေနဲ့လည်း သက်ဆိုင်နေမယ်လို့ ထင်ပါတယ်။ မနက်စောစောစီးစီး မင်္ဂလာရှိတဲ့သီချင်းသံလေးတွေ ဖွင့်ပေးလိုက်ရင် တခြားသူတွေအတွက်လည်း မင်္ဂလာရှိသွားမယ်လို့ ယုံကြည်တာ၊ ကိုယ်က ပရိတ်၊ ပဋ္ဌာန်းသံလေး ဖွင့်ပေးလိုက်ရင် တခြားသူတွေပါ ဓမ္မဿဝန ကုသိုလ်တွေရသွားမယ်လို့ ယုံကြည်တာ၊ ကိုယ်က ပျော်ရွှင်ကြည်နူးဖွယ် သီချင်းလေးတွေ ဖွင့်ပေးလိုက်ရင် တခြားသူတွေလည်း ပျော်ရွှင်ကြည်နူးသွားမယ်လို့ ယုံကြည်တာ။ ဒါတွေက ယေဘုယျတွေးကြည့်လိုက်ရင်တော့ မှန်နေပါတယ်။ ကြည်နူးစရာသီချင်းကို ကြည်နူးဖွယ် အသံအနေအထားလောက်နဲ့ နားဆင်ရရင် ကြည်နူးမှာပါပဲ။ မင်္ဂလာရှိတဲ့သီချင်းကို မင်္ဂလာရှိတဲ့အသံ အနေအထားလောက်နဲ့ နားဆင်ရရင် မင်္ဂလာရှိမှာပါပဲ။ တရားဒေသနာတွေကိုလည်း ကုသိုလ်စိတ်နဲ့ နာယူနိုင်ရင် ကုသိုလ်ရမှာပါပဲ။ ဒါပေမဲ့ ကောင်းတဲ့တရားဖွင့်တာပဲကွာ ဆိုပြီးတော့ ည ၁၁ နာရီ၊ ၁၂ နာရီ သူများ အိပ်မောကျနေမယ့်အချိန်၊ မနက် ၄ နာရီခွဲလောက်ကြီး သူများတွေ အိပ်ရာမထသေးတဲ့အချိန်မျိုးမှာ အသံချဲ့စက်ကြီးနဲ့ အသံကုန်တင်ပြီး ဖွင့်တာမျိုးကျတော့ တစ်ဖက်လူတွေအတွက် ကောင်းကျိုးရှိမလား၊ ဆိုးကျိုးရှိမလားဆိုတာ စဉ်းတော့စဉ်းစားစရာပါ။ အထူးသဖြင့် ဒီလိုအသံမျိုးတွေကို ဘယ်ဘက်ကရော၊ ညာဘက်ကရော၊ ရှေ့ကရော၊ နောက်ကရော လေးဖက်လေးတန် ကြားနေရတဲ့သူတွေအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနိုင်မလဲဆိုတာကို လေးလေးနက်နက် စဉ်းစားစရာ ကောင်းနေပါတယ်။

ဒီလိုပြောလိုက်လို့ ဒီလူတော့ အယူတိမ်းသွားပြီလို့များ တွေးကြမလား မသိဘူး။ ကောင်းတဲ့အသံကို ဘယ်အချိန်ကြားကြား၊ ဘယ်လောက်ပဲကြားကြား ကောင်းတဲ့အကျိုးပဲ ရမှာပေါ့လို့ ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီအယူအဆမှန် မမှန်ကို အလှူခံမဏ္ဍပ်ကြီး နှစ်ခုကြားမှာနေရတဲ့သူ တွေကို သွားမေးကြည့်ရင် အဖြေတစ်ခုခုရလိမ့်မယ်ထင်ပါတယ်။

အလှူတွေ အမျိုးမျိုး ရှိကြတယ်။ စားသောက်စရာကိုလှူတာ၊ ဝတ်ဆင်စရာကိုလှူတာ၊ နေထိုင်စရာကိုလှူတာ၊ သွားလာစရာယာဉ်ကို လှူတာ စသည် စသည်အားဖြင့် လှူဖွယ်ဝတ္ထုတွေထဲမှာ ငါးဖြာအာရုံတွေအတွက် အမျိုးမျိုး ပါဝင်နေမှာပါ။ ဒီအထဲက တခြား အလှူပစ္စည်းတွေက အလှူခံပုဂ္ဂိုလ်က သုံးချင်ရင်သုံး၊ မသုံးချင်ရင်လည်း နေလို့ရပါတယ်။ နေစရာလှူတယ်၊ မနေချင်ရင် ထားခဲ့ရုံပဲ။ စားစရာလှူတယ်၊ မစားချင်ရင် မစားဘဲနေရုံပဲ။ ဝတ်စရာလှူတယ်၊ မဝတ်ဘဲနေလို့လည်းရတယ်။ ဒါပေမဲ့ အသံအာရုံနဲ့ လှူပါတယ်ဆိုပြီး အသံချဲ့စက်ကြီး အစွမ်းကုန်ဖွင့်ထားတာမျိုးကျတော့ ဒီ အလှူကို လက်ခံရမယ့်သူတွေက ဒီအသံကိုကြိုက်ရင်လည်း နာယူ၊ မကြိုက်လည်းဘဲ နာယူနေကြရမယ့်အဖြစ်မျိုး။ လက်ခံမလား၊ ငြင်းပယ်မလားဆိုတာ ရွေးခွင့်မရှိတော့ဘူး။ ရွေးခွင့်မရှိတော့ အသံရှင်ကြီး မရပ်မချင်း နာခံ ပေးဦးတော့ပေါ့လေ။

ဒီအသံတွေဟာ ကောင်းတယ်၊ မကောင်းဘူးဆိုတာကို ငြင်းခုံနေတာထက် ဒီအသံတွေကို ထိန်းသိမ်းသင့်တာကတော့ သေချာပါတယ်။ ဘယ်လိုထိန်းသိမ်းကြရင် ကောင်းမလဲဆိုတာကလဲ စဉ်းစားစရာ ရှိနေပါတယ်။ ထိန်းသိမ်းဖို့၊ စည်းကမ်းတကျဖြစ်ဖို့ နည်းလမ်းတွေရှိနေပေမယ့် လက်တွေ့နယ်ပယ်မှာ သိပ်အလုပ်မဖြစ်သေးတာကိုလည်း တွေ့ရမှာပါ။ ဒီတော့လည်း ဒီနည်းလမ်းတွေကိုပဲ ထပ်ပြီးပြင်ဖို့လိုဦးမလား၊ အရေးယူမယ့်နှုန်းကို အရှိန်မြှင့်ဖို့ လိုဦးမလားဆိုတာကိုလည်း ပြန်သုံးသပ်ရဦးမှာပါ။

တစ်ခုထူးတာက ဒီလိုအသံချဲ့စက်ကြီးတွေ၊ ဆောင်းဘောက်ကြီးတွေ၊ လော်စပီကာကြီးတွေ ထုတ်လုပ်တဲ့နိုင်ငံကြီးတွေမှာကျတော့ ကိုယ့်ဆီမှာလို ဟိုဘက်အိမ်ကလည်း အကျယ်ကြီးဖွင့်၊ ဒီဘက်အိမ်ကလည်း အကျယ်ကြီး ဖွင့်ကြတာမျိုးမရှိဘူးတဲ့။ နေရာတော်တော်များများမှာ တိတ်ဆိတ်ငြိမ်သက်နေကြတာပဲတဲ့။ ကိုယ့်ဆီကျမှ သူလည်း ဖွင့်ချင်ရာ ဖွင့်၊ ကိုယ်လည်း ဖွင့်ချင်သလိုဖွင့်၊ သူနိုင်ကိုယ်နိုင် အပြိုင်ဖွင့်နေကြတော့ တစ်ခုခုတော့ ပြန်ပြင်ဖို့လိုနေပြီလို့ ဆိုရတော့မှာပါ။ 

တကယ်တော့ လူတိုင်းလူတိုင်းမှာ စားဝတ်နေရေး၊ သားရေး၊ သမီးရေး၊ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့အရေး၊ လူမှုလူရေးတွေနဲ့ ပတ်သက်တဲ့အရေးတွေနဲ့ ပူရပင်ရတာတွေက ရှိနေကြပါတယ်။ ဒီလိုတွေ အပူအပင်များနေကြရတဲ့ ကြားထဲမှာမှ ဘူးလေးရာဖရုံဆင့်သလို ကိုယ်ဖွင့်လိုက်တဲ့ အသံကျယ်ကြီးတွေကြောင့် တစ်ဖက်လူတွေမှာ စိတ်အနှောင့်အယှက် ဖြစ်ကြရမယ်ဆိုရင်တော့ သိပ်မကောင်းပါဘူး။ ကိုယ့်ရဲ့လုပ်ရပ်တစ်ခုကြောင့် ပတ်ဝန်းကျင်က လူတွေ စိတ်ကသိကအောင့်ဖြစ်ကြရတယ်ဆိုရင် ဘယ်လိုမှ မသင့်ပါဘူး။

ဒီတော့ အသံချဲ့စက်ပိုင်ရှင်ကြီးတွေ၊ ဆောင်းဘောက်ပိုင်ရှင်ကြီးတွေ၊ အလှူခံမဏ္ဍပ်တော်ကြီးတွေကို မေတ္တာရပ်ခံချင်တာကတော့ လက်ရှိတည်ဆဲဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာကြပါ၊ အထူးသဖြင့် အသံကျယ်ကြီးတစ်ခုကို ဖွင့်တော့မယ်လို့ ကြံတိုင်းကြံတိုင်း၊ ကိုယ်ဖွင့်မယ့်အသံကို နားသောတဆင်ကြရမယ့်သူတွေဘက်ကို တစ်ချက်လေးလောက် ငဲ့ကြည့်ပြီးတော့ သောတရှင်များရဲ့ဒုက္ခကို ကိုယ်ချင်းစာ ပေးရင်းနဲ့ တတ်နိုင်သမျှ လျှော့ကြပါဦးလို့ ...။

သိုက်စိုးထွန်း(နတ်ရွာ)