News

POST TYPE

OPINION

အညံ့ ပန်းတိုင်
18-Sep-2018

(၁)

ကြားဖြတ်ရွေးကောက်ပွဲနီးပြီဆိုတာနှင့် အသံမျိုးစုံကြားရပြီ။ ဟန်မျိုးစုံတွေ့ရပြီ။ ခြေလှမ်းတွေကို မြင်ရပြီ။ ကြွေးကြော်သံတွေ လွှင့်ကြပြီ။ မဲဆွယ်စည်းရုံးစကားလုံးတွေ ခြေကြပြီ။ 

“စဉ်းစားချိန်တန်ပြီ” ဆိုသော ကြွေးကြော်သံက အင်အားကြီး အတိုက်အခံပါတီကြီး၏ ရန်ကုန်တိုင်းအတွင်း မြို့နယ်တစ်ခုအတွက်သာထုတ်သော ကြွေးကြော်သံဟု ဆိုချေသည်။ သို့သော် ခေတ်စကားနှင့်ပြောရလျှင် နေ့ချင်းညချင်း ပေါက်သွားသည်ဟု ပြောရမည်။ အွန်လိုင်းမှာရော၊ အော့ဖ်လိုင်းမှာရော တော်တော်လူပြောများသွားသည်။ စဉ်းပြီးစားမှ အစာကြေမည်ဟု ဆိုကြသည်။ ကာတွန်းဆရာတွေ လက်သွက်လွန်းလှသည်။ နွားစာ“စင်း” ခြင်းနှင့်နှိုင်း၍ လက်ရာမြောက်စွာ သရုပ်ဖော်ပြကြသည်။ တချို့က ပြောင်းလဲချိန်တန်ပြီ၊ စဉ်းစားချိန်တန်ပြီ၊ နှစ်ခုကြားမှာ တောင်းစားချိန်တန်ပြီဆိုသော ဆိုင်းဘုတ်နှင့်လူတွေကို ထည့်ဆွဲထားသည်။ ဒါတော့ လွန်သွားပြီဟု ပြောရမည်။ သတင်းတစ်ခုကို ကြားကြားချင်း အလုအယက်ကာတွန်းဆွဲရန် မသင့်၊ ကြေညက်အောင်စဉ်းစား၊ အဖန်ဖန်တွေးတောပြီးမှ ရေးဆွဲသင့်ကြောင်း ဝါရင့်ကာတွန်းဆရာ အော်ပီကျယ်၏ပြောစကားကို သတိရမိသည်။ သတင်းကာတွန်းသမားတွေက Deadline ကို ကြောက်ပြီး အမြန်ဆွဲသည်။ သို့သော် Focus မပြတ်။ သတင်းစာအယ်ဒီတာလုပ်သူတို့သည်လည်း ထိုနည်း၎င်း၊ ရပ်တည်ချက်မပြတ်သားတာများသည်။ ထားတော့။ 

စဉ်းစားချိန်တန်ပြီပြောပြော၊ ပြောင်းလဲချိန်တန်ပြီပြောပြော ပြည်သူကလည်း Focus မပြတ်သူကများသည်။ မျက်စိတစ်ဆုံးမကြည့်ဘဲ ရှူးရှူးဒိုင်းဒိုင်းသမားတွေက များသည်။ လက်သန်းမင်စွန်းခံတာလေးကိုပဲ စန်းတင်၍ ပြောကာပြောကာနှင့် တော်ရုံတန်ရုံအားနည်းချက်လေးတွေ့လျှင်ပင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းချင်ကြတာများလှသည်။ ကိုယ့်ဂိုး ကိုယ်သွင်းချင်ကြသူတွေက များသည်။ 

ကိုယ့်အပေါင်းအသင်းတစ်ဦးဦး တစ်စုံတစ်ရာကြောင့် ဥပဒေငြိစွန်းပြီး တရားအစွဲခံရလျှင်ပင် အစိုးရကို အကြည်ညိုပျက်ပစ်လိုက်သည်။ ကိုယ့်အပေါင်းအသင်းဆိုသော “အဂတိ” ကြောင့် မောဟဖုံးသွားခြင်းကို သတိမရကြတော့ဘဲ နင်ပဲငဆ ပြောကြတော့သည်။ လက်ညှိုးထိုးကြတော့သည်။ တချို့ဆို တော်တော်ကို ရိုင်းရိုင်းစိုင်းစိုင်းပြောကြ၊ ပြစ်တင်ကြ၊ ဆဲကြဆိုကြ။ အွန်လိုင်းမှာ မကြည့်ချင်မြင်ရက်သား။ ယခင်က သူတို့ပဲ ဘာမေမေညာမေမေနှင့် သည်းသည်းလှုပ်ခဲ့ကြသူတွေ။ ဆန့်ကျင်ဘက်အမြင်တွေ သိချင်လို့သာ ထိုထိုသောအကောင့်ပိုင်ရှင်များကို မ “ဘလော့” ဘဲ ထားခြင်းဖြစ်သည်။ ရင်၌မူ မခံစားနိုင်ပါချေ။ 

ဪသာ်... Focus မပြတ်သောသူများ တိုးပွားလာနေသော ရွှေတိုင်းပြည်။ 

(၂)

ဦးကိုကိုကြီးတို့ ပါတီထောင်တော့မည်ဆိုသံကြားကတည်းက ကားရားကားရားနှင့် လွှားလွှားလွှားလွှားသွားနေသော သူငယ်ချင်းကို တွေ့ရသည်၊ မိတ်ဆွေတွေကို မြင်ရသည်။ တစ်သက်လုံး အောင့်အည်းသည်းခံ ခေါင်းငုံ့ကာနေခဲ့လေသမျှ NLD အစိုးရတက်ချိန် တစ်နှစ်၊ ၂ နှစ်အတွင်း မှာ သက်ပြင်းတွေ ချနေကြသည်ကိုမြင်ရတော့ စဉ်းစားရကျပ်ခဲ့တာတော့ အမှန်ပင်။ စင်ပြောင်းချင်သူတွေကို တွေ့ရတော့ မချိပြုံးပြုံးမိသည်။ နောက်တော့ ဦးကိုကိုကြီးတို့ ပါတီအမည်ပေးပုံကိုကြည့်ပြီး ပြန်ဆုတ်ခွာသူက ဆုတ်ခွာ၊ ဟိုကြည့် ဒီကြည့် လုပ်သူက လုပ်၊ တက်ခေါက်သူက ခေါက်၊ တပ်ခေါက်သူက ခေါက်။ 

Focus မပြတ်ကြသူတွေ များလှစွာသော တို့တိုင်းပြည်မှာ...။ 

အားကိုးလောက်သော အတိုက်အခံပါတီကို မျှော်လင့်ကြသည်ကတော့ ဖြစ်သင့်သည့်အနေအထားပင် ဖြစ်ပါသည်။ ခက်တာက အတိုက်အခံပါတီကောင်းဟူ၍ ခိုင်ခိုင်မာမာ လက်ညှိုးညွှန်နိုင်မည့်ပါတီကလည်း ယနေ့အချိန်ထိ ပေါ်ပေါက်မလာသေး။ ဦးကိုကိုကြီးတို့ “ပြည်သူ့ပါတီ” ကို မျှော်လင့်ချက်ထားချင်ကြသူတွေလည်း ရှိမည်။ သို့သော် ရာနှုန်းပြည့် မျှော်လင့်ချက်တော့ မဟုတ်နိုင်ကြချေ။ အဘယ်ကြောင့်ဆိုသော် အဖွင့်မှာကိုက ကသောင်းကနင်းဖြစ်ခဲ့ကြရသည် မဟုတ်လား။ အမည်နာမခေါ်တွင်ပုံကစ ကသောင်းကနင်းဖြစ်ခဲ့ကြရသည် မဟုတ်လား။ 

(၃)

ဟော... ပြောနေတုန်း၊ ဆိုနေတုန်း၊ ငြင်းနေတုန်း၊ ခုံနေတုန်း သတင်းအနံ့တစ်ခုက စူးခနဲရလိုက်ကြသည်။ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင် ခေါင်းဆောင်သော အမျိုးသားနိုင်ငံရေးပါတီ ဖွဲ့စည်းလျှောက်ထားလာကြောင်း သတင်းအနံ့ပင်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ၏ လမ်းညွှန်မှုဖြင့် တပ်မတော်ခေါင်းဆောင်ဟောင်းများဖြစ်သော ဗိုလ်ချုပ်လွန်းမောင်၊ ဗိုလ်ချုပ် (ငြိမ်း) ဦးကျော်သူ၊ ဗိုလ်ချုပ် (ငြိမ်း) ဦးသန်းအောင် စသောသူများပါဝင်ဖွဲ့စည်းထားသော ပါတီအသစ်တစ်ခုတိုးလာတော့ မည်ဆိုသည့်သဘောပင်ဖြစ်သည်။ ထိုရောအခါ မည်သူတွေ ပြေးကပ်ကြမည်လဲ၊ မည်သူတွေ ဝင်ပူးကြမည်လဲ။ Focus မပြတ်သူတွေနှင့်တည်သော တိုင်းပြည်ကြီးမှာ။ ပါတီပေါင်းက “ရာချီ” တော့မည်ဖြစ်သည်။ မည်သူတွေ လွှားလွှားလွှားလွှားနှင့် ကူးပြောင်းသွားကြမည်ဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းလှသည်။ ကြားဖြတ်ရွေးကောက်ပွဲနှင့်တစ်ဆက်တည်း ၂၀၂၀ အတွက် လှမ်းလာသောခြေသံများက ခပ်စိပ်စိပ်ဖြစ်လာတာတော့ သေချာသည်။ 

သူရဦးရွှေမန်းနှင့် DVB အစီအစဉ်တစ်ခုလည်း အချိန်နှင့်တစ်ပြေးညီဆိုသလို ထုတ်လွှင့်လာသည်ကို တွေ့ရသည်။ Focus ပြတ်သော အပြောအဆိုများကို ပြည်သူတို့က မျှော်လင့်ထားသော်လည်း အားမရကြ။ ၎င်းကိုယ်တိုင် ဦးဆောင်၍လည်း ပါတီတစ်ခု ထူထောင်ဦးမည်ဆိုသည့်သတင်းကလည်း ကပ်ပါလာလေသည်။ 

(၄)

ထိုသို့သော အခင်းအကျင်းနှင့်ခြေလှမ်းများကြားတွင် လက်ရှိအစိုးရနှင့် NLD ပါတီကရော ဘာတွေမဟာဗျူဟာချ စီမံနေသလဲ၊ ပြည်သူတွေက သိချင်နေမှာ အမှန်ပင်ဖြစ်သည်။ ဘယ်လိုပဲပြောပြော၊ ဘာတွေပဲ ဝေဖန်ဝေဖန်ရင်ထဲမှာတော့ NLD ကို မျှော်လင့်နေကြဆဲဆိုတာလည်း ခန့်မှန်းလို့ ရနိုင်ပါသည်။ 

ပြည်ပဖိအားတွေကို တောင့်တောင့်တင်းတင်း ပြန်လှန်တွန်းခံနိုင်ဖို့လည်း ပြည်သူတွေက မျှော်လင့်နေကြမြဲပင်ဖြစ်သည်။ ထိုသို့မျှော်လင့်နေသည့်ကြားမှာပင် ပြန်ကြားရေးဝန်ကြီး၏ ဖြေကြားမှုများ၊ အယူအဆများ၊ ခန့်မှန်းချက်များကို ပြည်သူတွေကကြားရ မြင်ရတော့ စိတ်ပျက်အားပျော့သွားကြတာ တွေ့ရသည်။ ကမ္ဘာကို ထိုးဖောက်ကျော်လွှား သတင်းလွှင့် လွှမ်းမိုးဖို့နေနေသာသာ ပြည်တွင်းမှာကို လူကြိုက်နည်းလာသည့် နိုင်ငံပိုင်မီဒီယာအခြေအနေကို “အရှုံးပေါ်မည့်ပမာဏ” နှင့်တကွ ရှင်းပြလာသည့်အခါ အားလုံးတအံ့တဩနှင့် မှင်တက်ကြရသည်မှာလည်း ကောင်းသောလက္ခဏာ မဟုတ်ပါချေ။ 

“မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား” ဆိုသောစာအုပ်ကို ဘာသာပြန်ခဲ့သည့်ဝန်ကြီးကို အားလုံးက ကျယ်ကျယ်လောင်လောင်ဝေဖန်သံတွေက နားနှင့်မဆံ့လောက်အောင် များလှစွာသည်။ 

ပြောင်းလဲချိန်တန်ပြီပြောပြော၊ စဉ်းစားချိန်တန်ပြီပြောပြော ပြည်သူတွေက အရေထူသွားမှာ စိုးရိမ်စရာကောင်းလှပါသည်။ ပြည်သူတွေ၏ Focus ပြတ်အောင်လည်း အစိုးရဖွဲ့နိုင်ခဲ့သည့် NLD ပါတီက အထူး ဆောင်ရွက်ပြဖို့ လိုအပ်တာတော့ သေချာလှပေသည်။ မျှော်လင့်ချက်အရှိန်မပြယ်ခင် ကြိုးစားပြကြဖို့ လိုအပ်လှပေသည်။ 

(၅)

ပြောစရာတစ်ခုက ပေါ်လာပြန်သည်။ မျှော်လင့်ချက်မပြယ်သော ရင်ခုန်သံတို့ဖြင့် စောင့်ကြည့်နေသော ပြည်သူတို့၏ရှေ့မှောက်သို့ သမ္မတကြီးခြင်းခတ်နေသော ဓာတ်ပုံတွေ ပေါ်ထွက်လာသည်။ သမ္မတကြီး၏ အားလပ်ချိန်တွင် သမ္မတကြီး၏ ဝါသနာအတိုင်း အနားယူ “ခြင်းခတ်” လေ့ရှိသည်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်စဉ်ကတည်းက ပြည်သူအများ ရင်းနှီးမြင်တွေ့ဖူးကြပါသည်။ 

ယခုလည်း အားလပ်ချိန် ခြင်းခတ်ကစားပုံတွေ တက်လာတော့ ပြည်သူတွေအနေနှင့် ပထမတော့ ဝမ်းမြောက်သွားသည်။ လွတ်လပ်ပေါ့ပါးကစားနေဟန်ဖြင့် မိမိတို့သမ္မတကြီးကို မြင်လိုက်ရ၍ ဝမ်းမြောက်သွားခြင်းပင်ဖြစ်သည်။ ကျန်းမာရေးလိုက်စားသော မြန်မာ့ရိုးရာ ခြင်းပညာကို ခုံမင်သော သမ္မတကြီးကို လေးစားသောအကြည့်ဖြင့်ကြည့်ရင်း ဝမ်းမြောက်သွားကြခြင်းလည်း ဖြစ်သည်။ 

နောက်မှ ဒုတိယအတွေးနှင့် မျက်မှောင်ကျုံ့သွားကြရသူတွေ များလာသည်။ သမ္မတကြီးဝတ်ဆင်ထားသော အင်္ကျီအနီ၊ အင်္ကျီအနီပေါ်က အမေစု၏ ဓာတ်ပုံ၊ နောက်က ဒေါင်းရုပ် ရုပ်တုကြီး။ မျက်မှောင်ကျုံ့သွားကြရခြင်းအကြောင်းမှာ အမြင်စောင်းသွားကြခြင်းတော့ မဟုတ်ကြပါ။ ဒုတိယအတွေးနှင့် ရင်လေးသွားကြခြင်းသာ ဖြစ်ပါသည်။ 

ဒါ...မဲဆွယ်စည်းရုံးတာများ ဖြစ်မလား။ 

မဟုတ်လောက်ပါဘူး။ 

မဟုတ်လောက်ပါဘူး။ 

တကယ်ဆို သင့်လျော်သည်က အင်္ကျီအဖြူဗလာ၊ လွတ်လပ်သော၊ နောက်ခံဘာမျှမရှိသော မြက်ခင်းတစ်နေရာရာမှာဆိုလျှင်တော့ ယုန်ထင်ကြောင်ထင်မြင်စရာ၊ တွေးစရာရှိမှာ မဟုတ်ပါချေ။ 

အခုတော့ဖြင့် အားလုံးတွေးကြရပြီ။ 

အခုတော့ဖြင့် အားလုံးသက်ပြင်းခိုးချကြရပြီ။ 

ဘယ်သူတွေပေးသည့်အကြံဉာဏ်ဖြစ်မလဲ။ ဒုတိယအတွေးနှင့် မှေးမနေနိုင်သူတွေကဖြင့် ရင်လေးခဲ့ကြရပြီ။ 

မျှော်သူမှာမော၊ ပြောစရာဖြစ်ခဲ့ကြရပြီထင်သည်။ 

သတင်းသမားတွေမှာ အချိန်အခါ Deadline ရှိသည်။ နိုင်ငံရေး သမားတွေမှာရော ငါးနှစ်တာဆိုသော Deadline ရှိသည်မဟုတ်လား။ 

သတင်းသမားဖြစ်ဖြစ်၊ နိုင်ငံရေးသမားဖြစ်ဖြစ် Deadline အတွင်းမှာ Focus ပြတ်သားစွာ ဖြတ်သန်းဖို့လိုပေမည်။ 

ဘာပဲဖြစ်ဖြစ် အခုတော့ဖြင့် ပြောစရာလေးတစ်ခု သတိရလာရချေပြီလေ။ 

ဆိုင်းအဖွဲ့တစ်ဖွဲ့အကြောင်းလေး သတိရလာသည်။ 

တစ်နေ့မှာ အလှူပွဲတစ်ပွဲကိုသွားပြီး တီးကြဖို့ အငှားခံရပါသတဲ့။ ပစ္စည်းက မပြည့်စုံ၊ ဆိုင်းသမတွေကလည်း ချီကောက်တွေ ခေါ်သွားရတာဆိုတော့ အံမကျ၊ ခွင်မကျ၊ ဖရိုဖရဲတွေဖြစ်၊ တီးရာဆိုရာမှာလည်း ရုပ်ပျက်၊ဆင်းပျက်တွေ ဖြစ်သတဲ့။ 

အလှူကလည်း ဖြစ်ချင်တော့ အကျွေးအမွေးအလွန်ညံ့ပြန်ရောတဲ့။ သားပြွမ်းဟင်းက ရေပေါလော။ ငရုတ်သီးလေလွင့်ထောင်းပြီး အိုးကင်းပူတိုက်ထားတဲ့ ငရုတ်သီးကြော်ကလည်း ဆီမပါ။ လဲသီးကို အချဉ်စိမ်ထားတဲ့ သရက်ချဉ်အတုကလည်း စိုပွပွဆိုတော့ ဘယ်လိုမှ အရသာခံလို့ မရဘူးတဲ့။ 

ဖြစ်ချင်တော့ ငှားထားတဲ့ ဘိသိက်ဆရာကလည်း ရောက်မလာ။ ဆိုင်းနောက်ထကိုပဲ ဘိသိက်မြောက်ခိုင်းရပြန်ရော။ မကျွမ်းမကျင်၊ မပီမပြင်ဆိုတော့ ထစ်တီးထစ်ငေါ့နဲ့ သူက ရုပ်အဆိုးဆုံးဖြစ်သွားရော။ အဲဒီအဖြစ်ကို အလှူလာပြီးပြန်သွားတဲ့ လူကြီးတစ်ယောက်က ဒီလိုမှတ်ချက်ချပါတယ်။ 

“ပထမပိုင်းတော့ ဆိုင်းနှင့်အလှူဟင်း သူတင် ကိုယ်တင် ပြေးနေကြတာကွ။ ဆိုင်းကသာမလိုလိုနဲ့ ဟင်းက သာမလိုလိုနဲ့၊ နောက်ဆုံးကျမှ ဘိသိက်က နှာတစ်ဖျားနဲ့ “အညံ့ပန်းတိုင်” ဝင်သွားရောဟေ့” တဲ့။ 

(၆)

နှာတစ်ဖျားအသာနှင့် ဘယ်သူတွေ “အညံ့ပန်းတိုင်” ဝင်မလဲစောင့် ကြည့်ချင်စရာကောင်းလှသည်။ 

ကောင်းလေစွ။ 

မျိုးသည်မင်း

ရည်ညွှန်း - ချစ်စရာ (အရပ်ဟာသ၊ ဇာတ်ဟာသ)