News

POST TYPE

OPINION

ပြည်သူလူထု မျှခြေတန်ဖိုးများ
12-Sep-2018 tagged as ပြည်သူလူထု

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ လက်ရှိ အစိုးရသက်တမ်းအတွင်း ဒုတိယအကြိမ်မြောက် ကြားဖြတ်ရွေးကောက်ပွဲဖြစ်သည်။ ယခုကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၁၃ နေရာရှိနေသည်။ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းသူ ၆၉ ဦးတွင် ပါတီကိုယ်စား ပြုတင်သွင်းသူ ၆၂ ဦးရှိပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်တင်သွင်းသူ ၇ ဦးရှိကြောင်း သိရသည်။ လစ်လပ်နေရာများတွင် ပြည်သူ့လွှတ်တော် ၄ နေရာအတွက် ကိုယ်စားလှယ်လောင်း ၁၉ ဦး၊ အမျိုးသား လွှတ်တော် ၁ နေရာအတွက် ကိုယ်စားလှယ်လောင်း ၆ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် လစ်လပ် ၇ နေရာအတွက် ကိုယ်စားလှယ်လောင်း ၃၉ ဦး၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် (တိုင်းရင်းသား) ၁ နေရာအတွက် ကိုယ်စားလှယ်လောင်း ၅ ဦး ပါဝင်ရွေးချယ်ခံမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ယခုကြားဖြတ်ရွေးကောက်ပွဲကို ပါတီနိုင်ငံရေးအမြင်အရ ၂၀၂၀ ရွေးကောက်ပွဲအတွက် စစ်တမ်းတစ်ရပ်အဖြစ် ရှုမြင်ကြသည်လည်းရှိသည်။ ပါတီများအနေနှင့်လည်း လက်ရှိ လစ်လပ်နေရာများအနိုင်ရသည့်တိုင် လွှတ်တော်တွင်း မဲပေးနိုင်မှုအခြေအနေကို ပြောင်းလဲနိုင်မည်မဟုတ် သည်ကတော့ သေချာသည်။ သို့သော် ယနေ့လွှတ်တော်တွင်းအခြေအနေထက် ၂၀၂၀ ရွေးကောက်ပွဲကို ပိုမိုမျှော်မှန်းကြသည်။ ဤအမြင်သည် ပါတီများ၏ ရှုမြင်ချက်ဖြစ်သည်။ 

အချုပ်အခြာပိုင်ဆိုင်သည်ဆိုသော၊ မဲပေးပိုင်ခွင့်ရှိသည်ဆိုသော ပြည်သူများ၏အမြင်သည် မည်သို့ရှိပါသနည်း။ ၂၀၁၁ ဒီမိုကရေစီအပြောင်း အလဲနောက်ပိုင်း အစိုးရနှစ်ရပ်ကို ပြည်သူများကြုံတွေ့ခဲ့ရပြီး ကြုံတွေ့နေရဆဲဖြစ်သည်။ အကောင်း၊ အဆိုး မသုံးသပ်လိုပါ။ ရွေးကောက်ခံရသည့် အစိုးရသည်လည်း အစိုးရတာဝန် ကျေပွန်ရန်လိုအပ်သလို ပြည်သူများသည်လည်း ပြည်သူ့တာဝန်များ ကျေပွန်ရန်လိုအပ်ပါသည်။ ဒီမိုကရေစီစနစ်တွင် အစိုးရနှင့်ပြည်သူအကြား နှောင်ကြိုး သို့မဟုတ် ဆက်နွယ်မှုသို့မဟုတ် အပြန်အလှန် ထိန်းကျောင်းမှုများ ရှိနေသည်။ တည်ဆဲဥပဒေများအရလည်း ပြဋ္ဌာန်းပေးအပ်ထားပြီးဖြစ်၍ အစိုးရဖြစ်စေ၊ ပြည်သူများဖြစ်စေ မိမိတာဝန်နှင့်ရပိုင်ခွင့်များကို ကျေညက်ရန်လိုအပ်မည်ဖြစ်သည်။ ရွေးကောက်ပွဲဆိုသည်မှာ ပြည်သူနှင့်ရွေးကောက်ခံပါတီများအကြား ဉာဏ်ရည်ပြိုင်ခြင်း၊ အတွေးအခေါ်ပြိုင်ခြင်းတစ်မျိုးဖြစ်သည်။ အထူးသဖြင့် ပြည်သူများအနေနှင့် မိမိတို့ကိုအုပ်ချုပ်မည့် အစိုးရတစ်ရပ်ကို ရွေးချယ်ရ ခြင်းဖြစ်သဖြင့် ပို၍အရေးကြီးပေသည်။

ယခုအခါ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကြားဖြတ်ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီများ စတင်မဲဆွယ်စည်းရုံးနေပြီဖြစ်သည်။ ပါတီများအနေနှင့် ပါတီအလုပ်လုပ်ကြသလို ပြည်သူများအနေနှင့်လည်း ပြည်သူ့အလုပ်လုပ်ကြရန်လိုပေမည်။ ပြည်သူကို အမှန်တကယ်ကိုယ်စားပြုနိုင်သူ၊ နိုင်ငံအကျိုးကို အမှန်တကယ်ကိုယ်စားပြုနိုင်သူ၊ အရည်အချင်းပြည့်ဝသူ၊ အတ္တနည်းပါးသူ၊ ကိုယ်ကျင့်တရားကောင်းမွန်သူ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူစသည်ဖြင့် ပညာအားဖြင့်ဖြစ်စေ၊ စိတ်ဓာတ်အားဖြင့်ဖြစ်စေ ပြည့်ဝနေသူများကို မဲပေးရွေးချယ်ကြမှသာလျှင် ဒေသအကျိုး၊ ပြည်သူအကျိုး၊ နိုင်ငံအကျိုး ထမ်းဆောင်မည့်ကိုယ်စားလှယ်များ ဖြစ်လာမည်ဖြစ်သည်။ ထိုကဲ့သို့သော ကိုယ်စားလှယ်များကို ရွေးချယ်ရန်မှာ မဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ တာဝန်ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်သူများက အရည်အချင်း၊ အရည်အသွေးပြည့်ဝသော ကိုယ်စားလှယ်ကို ရွေးချယ်ပါက အရည်အချင်း၊ အရည်အသွေးပြည့်ဝသော ကိုယ်စားလှယ်ကို ရရှိမည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ အပြန်အလှန် ထိန်းကျောင်းမှု၊ ပြည်သူလူထု၏ ပူးပေါင်းလုပ်ဆောင်မှု မဖြစ်မနေလိုအပ်မည် ဖြစ်ပါသည်။ သို့ဖြစ်၍ ပြည်သူလူထုအတွက် လိုအပ်မည်ဟုယူဆသော ပြည်သူလူထု ပူးပေါင်းလုပ်ဆောင်မှု (Citizen Engagement) ကို ဖော်ပြလိုပါသည်။

ဒီမိုကရေစီစနစ်တွင် ပြည်သူလူထု၏ တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်မှုလိုအပ်ပေသည်။ တစ်နည်းအားဖြင့် ပြည်သူလူထု၏ ပူးပေါင်းလုပ်ဆောင်မှုသည် ဒီမိုကရေစီစနစ်၏ အခြေခံပင်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ချုပ်သူနှင့်အုပ်ချုပ်ခံတို့အကြား ပူးပေါင်းလုပ်ဆောင်မှု မြှင့်တင်ရေး ရည်ရွယ်ရင်းဖြစ်သည်။ မဟာဗျူဟာအရဖြစ်စေ၊ နည်းဗျူဟာအရဖြစ်စေ ပြည်သူလူထု၏ပူးပေါင်းလုပ်ဆောင်မှု မြှင့်တင်ခြင်းဖြင့် ဖွံ့ဖြိုး တိုးတက်ရေး၊ အပြန်အလှန်ထိန်းကျောင်းရေး၊ တာဝန်ယူမှု တာဝန်ခံမှုရှိရေး၊ အပြန်အလှန်ယုံကြည်ရေး၊ ပွင့်လင်းမြင်သာမှုရှိရေးတို့အပြင် ဒီမိုကရေစီစနစ်၏ အနှစ်သာရကို ပိုမိုပီပြင်လာစေမည်ဖြစ်ပါသည်။ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မတူကွဲပြားမှုများကို ပေါင်းကူးပေးနိုင်မည်ဖြစ်သည်။ ၎င်းအပြင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ယုံကြည်မှု၊ စေ့စပ်ညှိနှိုင်းအဖြေရှာတတ်မှု၊ စုပေါင်းလုပ်ဆောင်တတ်မှုများကိုလည်း ရရှိစေနိုင်ခြင်းကြောင့် ပြဿနာတစ်ရပ်ဖြေရှင်းရာတွင် ယင်းပြဿနာအပေါ် မတူကွဲပြားသော ရှုထောင့်များဖြင့်အားနည်းချက်၊ အားသာချက်များကို ချိန်ဆစဉ်းစားလာနိုင်မည်ဖြစ်သကဲ့သို့ ဆုံးဖြတ်ချက်များချမှတ်ရာတွင်လည်း ကျိုးကြောင်းဆက်စပ်သည့် အချက်အလက်များ၊ မတူညီသောတန်ဖိုးများ၊ စိတ်ခံစားမှုများနှင့် အခြားသောနည်းစနစ်ပိုင်းဆိုင်ရာ အားနည်းမှုများကိုလည်း ချင့်ချိန်လာနိုင်မည်ဖြစ်သည်။ 

အခြားသောအကျိုးဆက်များအနေနှင့် ပါဝင်ဆောင်ရွက်သူများအကြား ပြောဆိုနိုင်သည့်အခွင့်အရေးရရှိလာခြင်း၊ သူတစ်ပါးကို နားထောင်တတ်လာခြင်း၊ အပြန်အလှန်လေးစားတတ်လာခြင်း၊ အခြားသူများအပေါ် ကိုယ်ချင်းစာတတ်လာခြင်းများလည်း ရရှိလာနိုင်ပေသည်။ ပြည်သူလူထု ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းလေးဖင့်ခြင်း၊ အချိန်ကုန်ခြင်းများရှိနိုင်သော်လည်း ပြည်သူများပူးပေါင်းဆောင်ရွက်မှုသည် များစွာအသုံးဝင်သော စနစ်တစ်ရပ်ဖြစ်ပြီး တစ်ခါတစ်ရံ ကြီးမားသောလုပ်ငန်းကြီးများအတွက် မရှိမဖြစ်လိုအပ်ပါသည်။ 

လူထုပူးပေါင်းပါဝင်မှုနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် အရပ်ဘက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် အစိုးရအဖွဲ့အစည်းများအကြား နှစ်လမ်းသွားအပြန်အလှန် ဆက်ဆံရေးသည် များစွာအရေးပါလှပါသည်။ ထိုသို့ ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းစဉ်များတွင် ပြည်သူလူထုပါဝင်လာ စေနိုင်မည်ဖြစ်သည်။ ပြည်သူလူထု ပူးပေါင်းပါဝင်မှုပုံစံ များစွာရှိပါသည်။ ပြည်သူလူထုအနေနှင့် အစိုးရ၏မူဝါဒများ ချမှတ်ခြင်း၊ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းများတွင် ပါဝင်ခွင့်ရရှိရေး၊ ကိုယ်စားလှယ်ရွေးချယ်ရေး၊ မိမိတို့၏ အမြင်သဘောထားများကို တင်ပြနိုင်သည့် အခွင့်အလမ်းရရှိရေး စသည့်ကဏ္ဍများစွာတွင် ပါဝင်ရန်လိုအပ်ပါသည်။

ဖွံ့ ဖြိုးဆဲနိုင်ငံများတွင် လူထုပူးပေါင်းပါဝင်မှုပုံစံမျိုးစုံရှိရာ ၎င်းပုံစံများထဲတွင် ရွေးကောက်ပွဲ၊ လူထုဆန္ဒခံယူပွဲများ၊ လူမှုရေးလှုပ်ရှားမှု၊ ဆန္ဒထုတ်ဖော်ပွဲများ၊ ဖွဲ့စည်းပုံရေးဆွဲရေးနှင့် အခြားသော လူထုနှီးနှောပွဲများ၊ ဘတ်ဂျက်စိစစ်ကြပ်မတ်ရေး၊ လူထုစစ်တမ်း သဘောထားကောက်ယူခြင်း၊ အစီရင်ခံစာများ၊ လူထုကြားနာပွဲများ စသဖြင့် ပုံစံအမျိုးမျိုးဖြင့် ပါဝင်ပါသည်။ 

ပြည်သူများ ပါဝင်ဆောင်ရွက်နိုင်မှုပုံစံများစွာအနက် ရွေးကောက်ပွဲသည် သိသာထင်ရှားသည့်ပုံစံဖြစ်ပြီး ပြည်သူများ၏အသံကို ဖော်ပြနိုင်သကဲ့သို့ တာဝန်ခံမှုကိုလည်း ဖြစ်ပေါ်စေပါသည်။ ရွေးကောက်ပွဲသည် ရှည်လျားသည့် တာဝန်ခံမှုကိုဖြစ်ပေါ်စေပါသည်။ ထို့အပြင် နိုင်ငံရေးအရ ကိုယ်စားပြုမှုကို ရွေးကောက်ပွဲတွင် မဲပေးခြင်းဖြင့် ပြည်သူများက နိုင်ငံရေးသမားများအပေါ် လွှမ်းမိုးရန်ကြိုးစားသကဲ့သို့ နိုင်ငံရေးသမားများက ပြည်သူများကို ကိုယ်စားပြုနိုင်ခြင်း ရှိ၊ မရှိကိုလည်း ဆုံးဖြတ်ကြပါသည်။ ထို့အပြင် ရွေးကောက်ပွဲတွင် မိမိတို့ ရွေးချယ်တင်မြှောက်လိုက်သည့် နိုင်ငံရေးသမားများ၏ တာဝန်ခံနိုင်မှုကိုလည်း စဉ်ဆက်မပြတ်ထိန်းကျောင်းရန် လိုအပ်ပါသည်။ ပြည်သူများကိုယ်တိုင်ပါဝင်သည့် Citizen Engagement သည် အစိုးရနှင့် ပြည်သူအကြားဟန်ချက်ကိုထိန်းသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်။ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုများတွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများကဲ့သို့သော အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ကဏ္ဍသည်လည်း ပြည်သူလူထု၏အသံကို ပိုမိုထင်ဟပ်စေရန်၊ ရွေးကောက်ခံကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် အရေးပါသောလုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်။ ထို့အပြင် အရပ်ဘက်အဖွဲ့အစည်းများသည် အပြန်အလှန် ထိန်းကျောင်းပြီး ဟန်ချက်ညှိနေသူများလည်း ဖြစ်သည်။ တစ်နည်းအားဖြင့် မိမိတို့ ရွေးကောက်တင်မြှောက်ခဲ့သည့် အစိုးရများကို ပြည်သူလူထုကပြန်လည်ထိန်းကျောင်းခြင်းပင် ဖြစ်သည်။ သို့မှသာ အစိုးရသည် ပြည်သူလူထုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ ပူးပေါင်းဆောင်ရွက်မှုများရှိလာမည်ဖြစ်ပြီး ပြည်သူကို ဗဟိုပြုသည့် ကောင်းမွန်သောအစိုးရတစ်ရပ် ဖြစ်လာမည်ဖြစ်သည်။ 

Citizen Engagement သည် ကျယ်ပြန့်သော လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သကဲ့သို့ စဉ်ဆက်မပြတ် အားကောင်းနေရန်လည်း လိုအပ်ပါသည်။ ရွေးကောက်ပွဲ တစ်နည်းအားဖြင့် ကိုယ်စားလှယ်များရွေးချယ်ခြင်းသည် ပြည်သူများ၏အနာဂတ်၊ နိုင်ငံ၏အနာဂတ်ပင်ဖြစ်သည်။ မဲပေးရွေးချယ်ကြမည့် ပြည်သူများက ကိုယ်တိုင်ပါဝင်ရမည့် Citizen Engagement ကို သိရှိထားမည်ဆိုပါက ယနေ့ပြောကြားနေသည့် မိမိကြမ္မာ မိမိဖန်တီးရေး ရရှိလာမည်ဖြစ်သည်။ အစိုးရနှင့်ပြည်သူ အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် ကဏ္ဍပေါင်းစုံရှိရာ ရွေးကောက်ပွဲသည် အခြေခံအကျဆုံးဟုဆိုရပါမည်။ ထိထိရောက်ရောက်ဖြင့် စွမ်းဆောင်ရည်မြင့် အစိုးရတစ်ရပ်ကို ရွေးကောက်ပွဲမှ စတင်နိုင်ပါသည်။ မဝေးသောကာလများတွင်လည်း ပြည်သူများအနေနှင့် ရွေးကောက်ပွဲများ၊ ကြားဖြတ်ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်များကိုမဲပေး ရွေးချယ်နေကြရဦးမည် ဖြစ်သည်။ မဲပေးကြမည့် ပြည်သူများကိုယ်တိုင်က မိမိကံကြမ္မာ မည်သူ့ထံအပ်မလဲဆိုသည့် အခြေခံအယူအဆ၊ အပြန်အလှန် ထိန်းကျောင်းခြင်းအယူအဆ၊ အစိုးရနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်ခြင်းအယူအဆများကို သိရှိထားမည်ဆိုပါက မှန်ကန်သောရွေးချယ်မှု၊ မှန်ကန်သောဆုံးဖြတ်ချက်များ ဖြစ်လာနိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

သိန်းထွန်း (IR)