News

POST TYPE

NEWS

Apple WWDC 2017 အပိုင်း ၁ (Home Pod, iOS 11, Macbook နဲ့ iMac အသစ်များ)
06-Jun-2017
WWDC 2017 အတွက်တော့ အက်ပဲလ်က တောင်ဘက် ဆန်ဟိုဆေးကို ရွေးချယ်ခဲ့ပြီး အက်ပဲလ်က နောက်ကျနေတယ်လို့ ဝေဖန်ခံရတဲ့ ပကတိပေါင်းစပ် (AR) နဲ့ ပကတိပုံရိပ်ယောင် (VR) နည်းပညာတွေ၊ Google Home နဲ့ Amazon Echo တို့လို အသံနဲ့ ထိန်းချုပ်နိုင်တဲ့ စမတ်အိမ် ထိန်းချုပ်နည်းပညာတွေကို အဓိကထား ပြင်ဆင်လာခဲ့ပါတယ်။

(ပကတိပေါင်းစပ် (AR) ဆိုတာက အပြင်မှာ တစ်ကယ်ရှိတဲ့ အရာထဲကို ပုံရိပ်ယောင် ပေါင်းထည့်တဲ့ နည်းပညာဖြစ်ပြီး အလွယ်ပြောရရင် Pokemon GO ဟာ AR နည်းပညာရဲ့ ဥပမာတစ်ခု ဖြစ်ပါတယ်။ အပြင်မှာ တစ်ကယ်ရှိတဲ့ နေရာတွေကို ဖုန်းကင်မရာနဲ့ ကြည့်တဲ့အခါ တစ်ကယ်မရှိတဲ့ အကောင်လေးတွေကို တွဲမြင်ရတာဟာ ပုံရိပ်ယောင်နဲ့ ပကတိ အရှိတရားကို ပေါင်းစပ်မှု ဖြစ်ပါတယ်။ ပကတိပုံရိပ်ယောင် (VR) ဆိုတာကျတော့ တစ်ကယ်မရှိတဲ့ ပုံရိပ်ယောင် ကမ္ဘာထဲကို ကိုယ်က လုံးလုံးရောက်သွားတာဖြစ်ပြီး အခုနာမည်ကြီးနေတဲ့ ဖုန်းကို VR Headset တွေထဲ ထည့်ပြီး ခေါင်းမှာ မျက်မှန်လို ဝတ်ကြည့်တဲ့အခါ အဲဒီပုံရိပ်ယောင် ကမ္ဘာထဲ ကိုယ်တစ်ကယ် လျှောက်သွားနေသလို ကြည့်နိုင်တာမျိုးလို့ အလွယ်ပြောနိုင်ပါတယ်။)

HomePod

အက်ပဲလ်က သတင်းထွက်သလိုမျိုး သူ့ရဲ့ စပီကာအသစ်ကို smart-home အချက်အချာပစ္စည်း အနေနဲ့ မဖန်တီးဘဲ တေးဂီတသီးသန့်အတွက်ပဲ ရပ်တည်ခဲ့ပါတယ်။ ဒီစပီကာကို HomePod လို့ အမည်ပေးထားပြီး တစ်ခြားစမတ်စပီကာတွေထက်စာရင် အသံပိုင်းကို ပိုဦးစားပေးထားသလို iPhone မှာ ပါတဲ့ A8 Chip ထည့်ပေးထားပါတယ်။ အသံဖမ်းစနစ်ကောင်းတဲ့ မိုက်စနစ်ကြောင့် သီချင်းဖွင့်ထားရင်း ကိုယ်လှမ်းပြောတာကို စပီကာက ကြားနိုင်ပြီး သီချင်းလှမ်းဖွင့်တာ၊ ပြောင်းတာ၊ အက်ပဲလ်ရဲ့ HomeKit နဲ့ ချိတ်နိုင်တဲ့ စမတ်အိမ်သုံးပစ္စည်းတွေကို ထိန်းချုပ်တာတွေ လုပ်နိုင်ပါတယ်။ ဒီဇင်ဘာမှာ စရောင်းမှာ ဖြစ်ပြီး ဈေးက ဒေါ်လာ ၃၅၀ ပါ။

iOS 11 နှင့် အက်ပလီကေးရှင်းများ

အက်ပဲလ်ရဲ့ မိုဘိုင်းမောင်းနှင်စနစ်သစ် iOS 11 ကို စတင်မိတ်ဆက်ခဲ့ရာ သိသာတဲ့ စွမ်းဆောင်ရည်သစ်တွေ ပါလာပါတယ်။

မျက်နှာပြင် =app drawer ဒီဇိုင်းပြန်ပြင်ထားသလို control center ပုံစံလည်း ပြောင်းသွားပြီး 3D Touch နဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာပါတယ်။ lockscreen မှာ notifications တွေ အကုန်ပြလို့ ရလာပါတယ်။

iMessage: iCloud ကနေတစ်ဆင့် စက်တွေ (iPhone, iPad, Mac) အားလုံးမှာ အလိုအလျောက် တစ်ပြိုင်တည်း ရောက်ရှိစေမှာ ဖြစ်ပါတယ်။

Apple Pay ငွေချေစနစ် = iOS စနစ်သုံး ဖုန်းနဲ့ သင်ပုန်းအားလုံးမှာ ချိတ်ဆက်ပြီး အချင်းချင်း ငွေချေတာ လုပ်လို့ရလာပြီး iMessage အက်ပလီကေးရှင်းကနေ ငွေလှမ်းလွှဲလို့ ရလာပါတယ်။ မြန်မာနိုင်ငံမှာတော့ Visa တို့ ဘာတို့နဲ့ ချိတ်ထားမှပဲ သုံးလို့ရမယ် ထင်ပါတယ်။

Siri အသံထိန်းချုပ်စနစ် = ဆီရိရဲ့ အသံက ပိုပြီး သဘာဝဆန်လာသလို ကိုယ့်အတွက် ဘာသာပါပြန်ပေးနိုင်သလို အကြံပြုတာပါ လုပ်နိုင်လာပါတယ်။ ကိုယ့်စက်တွေ အကုန်အလုံးမှာ ကိုယ့်အသံကို ခွဲသိနိုင်ပါတယ်။

ကင်မရာ = H.265 video encoding စနစ်ဟာ သိုလှောင်နိုင်စွမ်းကို ပိုထိရောက်စေသလို (ဆိုလိုတာက ဖိုင်ဆိုက်ဒ်အရမ်းမကြီးစေဘဲ အရည်အသွေးမြင့် ပုံရိပ်တွေ သိုလှောင်နိုင်တာ) JPEG နေရာ အစာထိုးပို့ H.265 ကို အခြေခံတဲ့ ပုံရိပ်စနစ်သစ် ပါလာပါတယ်။ AR အတွက် လိုအပ်တဲ့ API (application programming interface) အသစ် ပါလာပါတယ်။

Photos= GIF ပုံလိုမျိုး တည်းဖြတ်လို့ရတဲ့ Live Photos တွေ ဖန်တီးလို့ ရလာပြီး Memories ခွဲတဲ့အထဲမှာ အိမ်မွေးတိရစ္ဆာန်တွေ (ခွေးကလေး ဘယ်သူ ဘာညာ) စသဖြင့် သိမှတ်လာနိုင်သလို ဒေါင်လိုက် ဗီဒီယိုကိုလည်း support ပေးနိုင်ပါပြီ။

Apple Maps = ရှော့ပင်းမောလ်ထဲက တစ်ထပ်ချင်းတို့၊ လမ်းသွယ်လေးတွေ ညွှန်တာတို့၊ ကားမောင်းရင်း ကြည့်တာတို့အတွက် ပိုအသုံးတဲ့လာပြီး ဒီမှာတော့ အဲဒီလောက် အသေးစိတ်ရမှာ မဟုတ်ပါဘူး။

AirPlay 2 = အခန်းပေါင်းစုံက စပီကာတွေ (ချိတ်လို့ရတဲ့ စပီကာတော့ ဖြစ်ရမှာပေါ့) နဲ့ Apple TV ကို ချိတ်လို့ရလာပါတယ်။ Apple Music မှာ ကိုယ့် မိတ်ဆွေတွေရဲ့ အကြိုက်ကိုပါ ပြပေးနိုင်ပါတယ်။
App Store = ဒီဇိုင်းထပ်ချိန်းထားပြီး ဂိမ်းအတွက်သီးသန့် Tab ခွဲထားပါတယ်။

ပြီးတော့ တစ်ခြားစွမ်းဆောင်ရည်တွေလည်း ပါပါသေးတယ်။

သုံးသူအတွက် မဟုတ်ပေမဲ့ developer တွေ အက်ပလီကေးရှင်းထဲမှာ ပကတိပေါင်းစပ် (AR) နည်းပညာကို ပေါင်းထည့်နိုင်ဖို့ programming interface ARKit ကိုပါ မိတ်ဆက်ခဲ့ပါတယ်။

MacBooks နှင့် iMacs များ

iMac တွေ ရုပ်ထွက်ပိုကောင်းလာပြီး သိုမှီးနိုင်စွမ်း ရွေးချယ်စရာ ပိုများလာပါတယ်။ USB-C/Thunderbolt ပေါက် နှစ်ပေါက် ပါလာပါတယ်။ အင်တဲလ် 7th generation ဖြစ်လာပြီး integrated graphics အသစ်တွေ ပါလာပါတယ်။ Retina 4K မိုဒယ်မှာတော့ RX-500 စီးရီးသုံးထားပြီး 5K မိုဒယ်မှာ Radeon RX500 စီးရီးထဲက ရွေးချယ်လို့ ရလာပါတယ်။ ဒါဟာ Windows 10 All-in-one ပီစီတွေနဲ့ ညီသွားတဲ့ သဘောပါ။ ဖန်သားပြင် ၂၁ ဒသမ ၅ လက်မ နဲ့က ဒေါ်လာ ၁၁၀၀ က စပြီး 5K ရုပ်ထွက်နဲ့ ၂၇ လက်မကတော့ ၁၈၀၀ က စပါတယ်။ 4K ၂၁ ဒသမ ၅ လက်မကတော့ ၁၃၀၀ က စပါတယ်။

iMac Pro အသစ်ကိုတော့ ဒီနှစ်ကုန်မှ ရမှာဖြစ်ပြီး ပုံမှန် iMac ထက် စွမ်းဆောင်ရည် အပုံကြီး သာပါတယ်။ 18-core Xeon, Radeon Vega graphics အထိ ထည့်နိုင်ပြီး ECC memory 126 GB အထိ ရနိုင်သလို သိုလှောင်နိုင်စွမ်း SSD 4TB အထိ ရပါတယ်။ အနိမ့်ဆုံးတောင် ဒေါ်လာ ၅၀၀၀ က စမှာပါ။

MacBooks တွေကတော့ 7th generation Intel ချစ်ပ်နဲ့ ပိုကောင်းတဲ့ ဂရက်ဖစ်တွေ ထည့်ပေးတာမျိုးနဲ့ပဲ မွမ်းမံပေးထားပါတယ်။ ထူးခြားချက် အနေနဲ့ကတော့ Touchbar မပါတဲ့ Macbook အသစ်ကို ဒေါ်လာ ၁၃၀၀ အထိ ဈေးချလိုက်တာပါ။ ဈေးအချိုဆုံး မက်ကင်းတော့ရှ်အဖြစ် ဆက်လက်ရပ်တည်နေတဲ့ Macbook Air ကိုတော့ ရုပ်ထွက်တင်မပေးဘဲ CPU လေးပဲ တင်ပေးခဲ့ပါတယ်။