News

POST TYPE

NEWS

ထီပေါက်လျှင်
04-Mar-2017
ထီပေါက်လျှင် သူဌေးဖြစ်သည်ဟု ပြောနိုင်မည့် အနေအထားသို့ ရောက်ရှိလာပါပြီ။

ယင်းအပြင် ပျမ်းမျှအားဖြင့် လစဉ် လူတစ်သိန်းဝန်းကျင်က ထီပေါက်နိုင်ခြေ ရှိပြီး ထီလက်မှတ် အစောင် ၂၇၀ လျှင် တစ်စောင်က ပေါက်မဲဖြစ်နေသည်။

သူဌေးဖြစ်လိုသူတို့ အနေနှင့် အစိုးရ အောင်ဘာလေထီကို ကံစမ်းရန်တော့ လိုပါလိမ့်မည်။

ယခင်က ထီပေါက်လျှင်သော်မှ သူဌေးမဖြစ်ခဲ့သည့် နေ့စွဲများ ကာလတစ်ခုအထိ ရှည်ကြာစွာ ရှိခဲ့သည်။ အမြင့်ဆုံး ချီးမြှင့်သည့် ဆုကြေးသည် ကျပ်သိန်းတစ်ထောင့်ငါးရာ ဖြစ်ပြီး ယင်းပမာဏသည် ရန်ကုန်ကဲ့သို့သော မြို့တော်မျိုးတွင် အိမ်ကောင်းကောင်းတစ်လုံးပင် မပိုင်ဆိုင်နိုင်ပါ။ ရန်ကုန်မြို့လယ်ခေါင် ၂၅ ပေ၊ ပေ ၆၀ အကျယ်ရှိ အိမ်ခန်းသစ်တစ်လုံးလျှင် ကျပ်သိန်း ၂၀၀၀ ဝန်းကျင် ဈေးပေါက်ပါသည်။ 

ထီပေါက်လျှင်ပင် အိမ်ကောင်းကောင်း တစ်လုံး မဝယ်နိုင်သည့် အခြေအနေ။

လာမည့် ဧပြီလ ၁ ရက်နေ့ဆိုလျှင် ကျပ်သိန်းတစ်သောင်း (ဒေါ်လာတစ်သန်းနီးပါး) အထိ ရရှိမည့် မဟာကံထူးရှင်တစ်ဦးနှင့် အခြားကံထူးရှင်များ ထွက်ပေါ်လာပါတော့မည်။ 

မြန်မာနိုင်ငံအနေနှင့် အစိုးရ အပြောင်းအလဲနှင့်အတူ ထီစနစ်ကိုလည်း ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် လအထိ လက်မှတ်တစ်စောင်လျှင် ကျပ် ၂၀၀ ဖြင့် အစိုးရက ထီလက်မှတ်များကို ရောင်းချနေခဲ့ခြင်း ဖြစ်ပြီး ပြောင်းလဲလိုက်သည့် စနစ်သစ်အရ ထီလက်မှတ်တစ်စောင်လျှင် ကျပ် ၅၀၀ ဖြစ်သည်။ ယင်းတို့မှာ အစိုးရ သတ်မှတ်နှုန်းထား ဖြစ်သည်။

ယခု မတ်လ ၁ ရက်နေ့မှ စတင်ကာ တစ်စောင်လျှင် ကျပ် ၅၀၀ တန် ထီလက်မှတ်များကို ရောင်းချပြီး ဧပြီလ ၁ ရက်နေ့တွင် ဆုမဲများကို ဖွင့်လှစ်မည် ဖြစ်သည်။ ဆုကြေးများအဖြစ် ကျပ်သိန်းတစ်သောင်း၊ ကျပ်သိန်းငါးထောင်၊ ကျပ်သိန်းတစ်ထောင်နှင့်  အခြားဆုကြေးများ ပါဝင်သည်။

ယင်းမှာ ကံစမ်းလိုသူများအတွက် အင်အားတစ်ခု ဖြစ်သည်။

ထီလက်မှတ်ဈေးနှုန်း အနေနှင့် နှစ်ဆခွဲ (ရာခိုင်နှုန်း ၂၅၀) မြင့်တက်လာခြင်း ဖြစ်ပြီး အမြင့်ဆုံး ကံထူးနိုင်မည့် ဆုကြေးအနေနှင့် ခုနစ်ဆ (ရာခိုင်နှုန်း ၆၆၀ ကျော်) တိုးလာခြင်း ဖြစ်သည်။ 

မိမိလက်ထဲမှ ပိုက်ဆံကို ယခင်ထက် နှစ်ဆခွဲခန့် ပိုပေးရုံနှင့် ခုနစ်ဆ ဝန်းကျင် ပြန်လည်ရရှိနိုင်သည့် အနေအထား ဖြစ်သည်။

ထီထိုးရန် စိတ်ဝင်စားနေကြောင်း အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း (INGO) တွင် အလုပ်လုပ်ကိုင်နေသည့် အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

သိန်းတစ်သောင်း ဆိုသည်က အိမ်မရှိ၊ ကားမရှိသေးသည့် သူ့အတွက် မက်စရာ။ ဘဝကို ကြီးမားသည့် အလှည့်အပြောင်းလုပ်ရန် လုံလောက်သည့် ပမာဏလည်း ဖြစ်သည်။ 

အစိုးရ အောင်ဘာလေထီကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန လက်အောက်ရှိ အောင်ဘာလေသိန်းဆု ဌာနခွဲက လုပ်ကိုင်ခြင်း ဖြစ်ပြီး ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် သတ်မှတ်၍ ကျန် ၄၀ ရာခိုင်နှုန်းကို အစိုးရဘဏ္ဍာငွေအဖြစ် ရယူခြင်း ဖြစ်သည်။ 

၅၀၀ ကျပ်တန်ထီတွင် ယခင်အတိုင်း အက္ခရာနှင့် ဂဏန်းခြောက်လုံး ပါဝင်သည်။ အစိုးရအနေနှင့် ပထမဆုံး ဖြစ်သည့် (၁) ကြိမ်မြောက် အောင်ဘာလေသိန်းဆု လက်မှတ်များကို ကကြီးအက္ခရာမှ သ အထိ အက္ခရာအလုံး ၃၀ ရောင်းချခဲ့ပြီး အရန်ထီလက်မှတ်များကိုလည်း ကံစမ်းလိုသူများ၏ လိုအပ်ချက်အပေါ် မူတည်၍ ထပ်မံတိုးချဲ့ရောင်းချမည် ဖြစ်သည်။

အက္ခရာအလုံး ၃၀ အတွက် ထီအုပ်ရေ ၂၄၅၄၅၄၀ ထွက်ရှိမည်ဖြစ်ရာ အစိုးရရောင်းဈေး ၁၁ စောင်ပါ ထီတစ်အုပ်လျှင် ကျပ်ငါးထောင် ဖြစ်သည်။ 

ယင်းအတွက် ကျပ်သန်းပေါင်း  ၁၂၂၇၂ သန်း ရရှိမည်ဖြစ်ပြီး သန်းပေါင်းခုနစ်ထောင် (ကျပ်သိန်း ခုနစ်သောင်း) ကျော်ကို ဆုကြေးများအဖြစ် ပြန်လည်ချီးမြှင့်မည် ဖြစ်သည်။

ထီစနစ် အပြောင်းအလဲအရ ထီပေါက်နိုင်သည့် ကံထူးရှင် အရေအတွက်အားဖြင့်လည်း ယခင်ထက် ပိုများလာကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲထံမှ သိရသည်။ 

လက်ရှိ အောင်ဘာလေထီဆုကြေး ခွဲဝေပုံစနစ်အရ ကျပ်သိန်းတစ်သောင်း၊ သိန်းငါးထောင်၊ သိန်းတစ်ထောင်ဆုများအပြင် ကျပ်သိန်း ၁၀၀ ဆု ခုနစ်ဆု၊ သိန်းငါးဆယ်ဆု ၁၀ ဆုနှင့် ကျပ်ဆယ်သိန်းဆု ၁၃ တို့ သာမက သုံးသိန်း၊ နှစ်သိန်း၊ တစ်သိန်းနှင့် ကျပ်ငါးသောင်းဆုများလည်း ပါဝင်သည်။ အနိမ့်ဆုံးမှ ကျပ်ငါးသောင်းဆု ဖြစ်သည်။

အောင်ဘာလေသိန်းဆု ဌာနခွဲမှ ရရှိသည့် စာရင်းအရ ကျပ်ငါးသောင်းဆုမှ အမြင့်ဆုံးဖြစ်သည့် ကျပ်သိန်းတစ်သောင်း ဆုအထိ ဆုမဲအရေအတွက် တစ်သိန်းကျော် ဖြစ်သည်။ လူတစ်ယောက်လျှင် ထီတစ်စောင်နှုန်းဖြင့် တွက်ပါက လူပေါင်း တစ်သိန်းကျော် လစဉ် ထီပေါက်နိုင်ကိန်း ဖြစ်သည်။ 

ယင်းက ပြီးခဲ့သည့် ၂၀၀ ကျပ်တန် ထီနှင့်စာလျှင် ထီထိုးကံစမ်းသူတစ်ဦး အနေနှင့် ထီပေါက်နိုင်ခြေ နှစ်ဆခွဲကျော် မြင့်တက်လာခြင်း ဖြစ်သည်။ 

ပျမ်းမျှအားဖြင့် ထီလက်မှတ်အစောင် ၂၇၀ တွင် တစ်စောင်နှုန်းက ထီပေါက်နိုင်မည့် အနေအထား ဖြစ်သည်။ 

၂၀၀ ကျပ်တန် စနစ်တွင် အမြင့်ဆုံး ဆုကြေး ကျပ်သိန်းတစ်ထောင့်ငါးရာ တစ်ဆု၊ သိန်းတစ်ထောင် နှစ်ဆုနှင့် ကျပ်သိန်း ၅၀၀ ဆု ငါးဆုတို့အပြင် အနိမ့်ဆုံးဆုကြေးမှာ ကျပ်ငါးသောင်း ဖြစ်ပြီး ဆုမဲပေါင်း အရေအတွက်မှာလစဉ်ပျမ်းမျှ လေးသောင်းဝန်းကျင်သာ ရှိသည်။

ထီပေါက်သည့်ဦးရေ ပိုမိုများပြားလာစေရန်နှင့် ပေါက်လျှင်လည်း ထိထိရောက်ရောက် ဖြစ်စေရန်အတွက် ရည်ရွယ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။

“ပိုက်ဆံမရှိတဲ့ သူတွေကလည်း တော်တော်လေးတော့ ထိုးချင်ထိုးကြမှာပေါ့ကွာ။ ထီကို ပုံမှန်ထိုးနေတဲ့သူက ကျတော့လည်း သူတို့အတွက် ပိုပြီးတော့ ဆွဲဆောင်မှု ရှိတယ်လို့ မှတ်တာပဲ” ဟု အထက်ပါ INGO တွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးက ဆိုသည်။

ယင်းအပြင် အရန်ထီများ ရောင်းချလျက်ရှိရာ ရောင်းရမှုအပေါ် မူတည်၍ ဆုမဲအရေအတွက် အပြောင်းအလဲ ဖြစ်နိုင်သေးပြီး ပိုမိုများပြားလာရန် ရှိနေသည်။

အရန်ထီ ဆိုသည်မှာ ကနဦး ရိုက်နှိပ်ရောင်းချသည့် အက္ခရာ အလုံးသုံးဆယ်အား ရောင်းချ၍ ကုန်သွားပါက အဆင်သင့် ရောင်းချနိုင်အောင် အပိုရိုက်နှိပ်ထားခြင်း ဖြစ်သည်။ 

အစိုးရက ကျပ် ၅၀၀ တန် ထီလက်မှတ်များ ရိုက်နှိပ်ရောင်းချတော့မည် ဖြစ်ကြောင်း ပြီးခဲ့သည့် နှစ်အတွင်းက ကြေညာခဲ့ပြီးနောက် ထီလုပ်ငန်းရှင် ကိုယ်စားလှယ်များ၊ အရောင်းဆိုင်များက စိတ်ဝင်စားခဲ့ကြသည်။ 

ထီလက်မှတ်များ ဝယ်ယူရောင်းချနိုင်ရန် ဝယ်ယူလိုသည့် ထီအုပ်ရေအလိုက် လျှောက်လွှာများ ကောက်ခံခဲ့ရာ လျှောက်လွှာပေါင်း နှစ်သောင်းကျော်က အဆိုပြုခဲ့ကြသည်။ လျှောက်ထားသူများ အဆိုပြုသည့် အရေအတွက်သည် စုစုပေါင်း ထီအုပ်ရေ သန်းလေးဆယ်ကျော် (ထီလက်မှတ် စောင်ရေပေါင်း သန်းလေးရာ့လေးဆယ်ကျော်) ဖြစ်နေခဲ့သည့်အတွက် နိုင်ငံလူဦးရေနှင့် အချိုးချပါက လူတစ်ဦးလျှင်  ထီလက်မှတ် ကိုးစောင်နှုန်း ဖြစ်သည်။

သို့သော် လျှောက်ထားသူ အများစုကမူ ထီလက်မှတ်ဝယ်ယူခွင့်များ မရရှိခဲ့ပေ။ အစိုးရအနေနှင့် ထီလက်မှတ်များ ရောင်းချရာတွင် ပွင့်လင်းမြင်သာမှု မရှိဘဲ ယခင်စနစ်ဟောင်းမှ လုပ်ငန်းရှင် အဟောင်းများကိုသာ ဦးစားပေး ရောင်းချခဲ့ကြောင်း ထီရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ အချို့က ဆိုသည်။

လမ်းမတော်မြို့နယ်တွင် နေထိုင်ပြီး တစ်နိုင်တစ်ပိုင် ထီရောင်းချသူ ဦးမြင့်ထွန်းကလည်း သူ့အနေနှင့် ကနဦး ကြေညာသည့် ထီလက်မှတ်များ ဝယ်ယူခွင့် မရရှိခဲ့ဘဲ ထပ်တိုးရောင်းချသည့် အရန်ထီကိုသာ ဝယ်ယူခွင့် ရရှိခဲ့သည်ဟု ဆိုသည်။

အရန်ထီတွင် အက္ခရာ ဟ နှင့် ဠ တို့ အပါအဝင် ကက၊ ကခ စသည့် နှစ်လုံးတွဲ အက္ခရာများ ဖြစ်သည်။ ဟ နှင့် ဠ တို့မှအပ ကျန်အရန်ထီများတွင် အောင်ဘာလေသိန်းဆု ဖွင့်လှစ်သည့် အကြိမ်ရေကို  ရိုက်နှိပ်ထားခြင်း မရှိပေ။

အရန်ထီ ဆိုသော်လည်း ဆုမဲများ မဲနှိုက်သည့်အခါ ပင်မထီများနှင့်တန်းတူ ထည့်သွင်းကာ မဲနှိုက်ရွေးချယ်မည် ဖြစ်ပြီး ဆုကြေးပေါက်နိုင်ခွင့် အခွင့်အရေးတန်းတူ ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူးက ရှင်းပြသည်။

ကျပ်သိန်းတစ်သောင်းဆုသည် အရန်ထီထဲမှပင် ထွက်ရှိလိမ့်မည်ဟူ၍ပင် ၎င်းက ခန့်မှန်းဟောကိန်း ထုတ်လိုက်သေးသည်။

ခန့်မှန်းရခြင်း၏ အကြောင်းမှာ ကျပ်သိန်းတစ်သောင်းဆုသည် မဟာကံထူးသူ အတွက်သာ ဖြစ်ပြီး တော်တန်ရုံဖြင့် ထီမပေါက်နိုင်ခြင်းကြောင့်ဟု ၎င်းက ဆိုသည်။

ထီလက်မှတ် ဝယ်ယူရန် လျှောက်ထားသူများ အနက် အမှန်တကယ် ရောင်းချမည့်သူများကို စိစစ်ကာ အဆိုပြုလျှောက်လွှာ ကိုးထောင်ကျော်ကိုသာ ထီစာအုပ်များ ရောင်းချပေးရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ခဲ့သည်။

အစိုးရထံမှ ကိုယ်စားလှယ် ဝယ်ယူရောင်းချသူများ အနေနှင့် ထီလက်မှတ် စာအုပ်တစ်အုပ်အတွက် ကျပ် ၁၀၀ နှုန်းဖြင့် သုံးလစာ အာမခံငွေ ပေးသွင်းရမည့်အပြင် လက်မှတ်တစ်စောင်လျှင် အစိုးရက သတ်မှတ်ထားသည့် ကျပ်ငါးရာထက် ပိုမရောင်းရန်ဟူသော အချက်ပါဝင်သည့်  ပဋိညာဉ်စာချုပ် တစ်ခုကိုလည်း ချုပ်ဆိုရမည် ဖြစ်သည်။

ကျပ်သိန်းတစ်သောင်း မက်လုံးသည် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် နေထိုင်သည့် အသက် ၃၅ နှစ် အရွယ် အစိုးရဝန်ထမ်းတစ်ဦးကိုလည်း ဆွဲဆောင်ပါသည်။ သူ့အနေနှင့် ယခင်က ထီထိုးလေ့ မရှိခဲ့သော်လည်း ကျပ်သိန်းတစ်သောင်းကိုမူ စိတ်ဝင်စားသည်ဟု ဆိုသည်။

ကျပ်သိန်းတစ်သောင်းတန်ထီနှင့် ပတ်သက်၍ ပြည်သူများအကြား စိတ်ဝင်စားမှုများ မြင့်တက်နေပြီး အသက် ၂၅ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးကလည်း သူ့အနေနှင့် မဖြစ်မနေ ထီထိုးလိမ့်မည် ဖြစ်ကြောင်း ပြောဆိုသည်။ 

အစိုးရက တစ်စောင်လျှင် ကျပ်ငါးရာထက်ပို၍ ရောင်းချခြင်း မပြုရန် ကြေညာထားပါသည်။ သို့သော်...

ဈေးနှုန်းကို ထိန်းချုပ်မရနိုင်ခဲ့သည်ကို ပြီးခဲ့သည့် ထီစနစ်တွင် အထင်အရှား တွေ့မြင်နိုင်သည်။ ကျပ်နှစ်ရာတန် ထီတစ်စောင်အတွက် ကျပ် ၃၅၀ ဝန်းကျင်အထိ ပေးကာ ပြည်သူများက ဝယ်ယူကံစမ်းခဲ့ကြရသည်။ 

လက်ရှိတွင် အောင်ဘာလေထီ ဥပဒေကို မပြဋ္ဌာန်းရသေးခြင်းကြောင့် ဈေးနှုန်းပိုရောင်းချခြင်းအတွက် အရေးမယူနိုင်သေးဘဲ စာချုပ်ပါအတိုင်း အမည်ပျက်စာရင်း သွင်းရုံသာ တတ်နိုင်သေးသည်ဟု အထက်ပါ ညွှန်ကြားရေးမှူးက ဆိုသည်။

အဆိုပါ အောင်ဘာလေထီ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးအတည်ပြုရဦးမည် ဖြစ်သည်။

နိုင်ငံတကာနည်းတူ အင်တာနက် ဝက်ဘ်ဆိုက်မှတစ်ဆင့် ထီထိုးကံစမ်းနိုင်ရန် အစိုးရအနေနှင့် ဆောင်ရွက်နေသော်လည်း လာမည်၊ ကြာမည် ဖြစ်သည်။  လုပ်ဆောင်နေဆဲဟုသာ ၎င်းက ဆိုသည်။

နိုင်ငံတကာတွင်လည်း အစိုးရထီ လုပ်ငန်းများ ရှိပြီး ဆုကြေးများကလည်း မက်မောဖွယ် ဖြစ်သည်။ အချို့နိုင်ငံများဆိုလျှင် ၎င်းတို့၏ ထီဈေးကွက်သည် ပြည်ပနိုင်ငံများအထိ ကျယ်ပြန့်တတ်သည်။  

မြန်မာနိုင်ငံတွင်ပင် ထိုင်းနိုင်ငံမှ ထီစနစ်ကို အမှီပြုသည့် ပုဂ္ဂလိက လောင်းကစားထီ ရောင်းချမှုများ တွင်ကျယ်နေသလို စင်ကာပူထီ လက်မှတ်များလည်း အရောင်းအဝယ်လုပ်လျက် ရှိသည်။ ထိုင်းနိုင်ငံထီသည် ဂဏန်းခြောက်လုံး ပါဝင်ပြီး ဆုကြေးအနေနှင့် အမျိုးအစားများစွာ ရှိကာ ဘက်ငွေတစ်သန်း (ကျပ်သိန်း ၃၅၀ ဝန်းကျင်) မှ သန်းသုံးဆယ်ကျော် (ကျပ်သိန်းတစ်သောင်း) အထိ ရှိတတ်သည်။ ဂဏန်းခုနစ်လုံး ပါဝင်သည့် စင်ကာပူထီသည် အမြင့်ဆုံးဆုကြေး  စင်ကာပူဒေါ်လာ နှစ်သန်းသုံးသိန်း (ကျပ်သိန်းနှစ်သောင်း ဝန်းကျင်) ဖြစ်သည်။

နိုင်ငံခြားထီစနစ်များ မြန်မာနိုင်ငံတွင် တွင်ကျယ်လာခြင်းနှင့် ပြည်ပထီ လက်မှတ်များကို ဝယ်ယူကံစမ်းခြင်းသည် ပြီးခဲ့သည့် စနစ်၏ ဆုကြေးငွေများ နည်းပါးခြင်းသည်လည်း အကြောင်းတစ်ချက် ဖြစ်သည်။ ငွေတန်ဖိုး ကျဆင်းလာမှုကြောင့်  ကျပ်သိန်းတစ်ထောင့်ငါးရာ ဆိုသည်က ပြောပလောက်သည့် မက်မောဖွယ် မဟုတ်ခဲ့ပေ။

ယခု ကျပ်ငါးရာတန်ထီ စနစ်သစ်ကို စတင်လိုက်ပြီ ဖြစ်သော်လည်း ယခင် ကျပ်နှစ်ရာတန်ထီ စနစ်မှာလည်း နောက်ထပ် သုံးလခန့် ဆက်လက်ရှိနေဦးမည် ဖြစ်သည်။ သို့သော် စောင်ရေများ လျှော့ချထုတ်ဝေမည် ဖြစ်ပြီး ဆုကြေးခွဲဝေမှု စနစ်ကိုလည်း ပြုပြင်လိုက်သည်။ 

မတ်လ ၁ ရက်နေ့တွင် ဖွင့်လှစ်သည့် ၃၃၈ ကြိမ်မြောက် နှစ်ရာကျပ်တန်ထီအတွက် အက္ခရာ ၄၂ လုံး ထုတ်ဝေရောင်းချခဲ့သော်လည်း နောက်လများတွင် အက္ခရာ က မှ ဂ အထိ သုံးလုံးသာ ထုတ်ဝေတော့မည် ဖြစ်သည်။

အမြင့်ဆုံးဆုကြေးအဖြစ် ကျပ်သိန်းတစ်ထောင့်ငါးရာမှာ ဆက်လက်ရှိနေဦးမည် ဖြစ်ပြီး ကျပ်သိန်းတစ်ထောင်နှင့် သိန်းငါးရာဆုများကိုမူ ချီးမြှင့်တော့မည် မဟုတ်ပေ။ အနိမ့်ဆုံးဆုမှာ ကျပ်တစ်သိန်း ဖြစ်သည်။

ငါးရာတန်ထီ အသစ်ကြောင့် ယခင်နှစ်ရာတန်ထီများ ရောင်းအားကျလာခဲ့ကြောင်း ရန်ကုန်မြို့တွင် လက်တွန်းလှည်းဖြင့် လှည့်လည်ထီရောင်းချသူတစ်ဦးက ဆိုသည်။

သီပေါမင်းလက်ထက်တွင် ဘုရင့်အသုံးစရိတ် ရှာဖွေရေးအဖြစ် ထီစနစ်ကို အသက်သွင်းခဲ့ခြင်း ဖြစ်ပြီး ထီစနစ်ကြောင့် ပြည်သူများအကြား ဆင်းရဲမွဲတေမှုများ၊ အကျင့်ပျက်မှုနှင့် ဒုစရိုက်မှုများ ပေါ်ပေါက်ခဲ့သဖြင့် နောက်ပိုင်းတွင် ပိတ်သိမ်းခဲ့သည်။

အင်္ဂလိပ်အစိုးရ လက်ထက်တွင် ထီစနစ်ကို ထပ်မံလုပ်ကိုင်ခဲ့ပြီး လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း မြန်မာအစိုးရက ဆက်လက်လုပ်ကိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ယခင် နှစ်ကျပ်တန်မှ ငါးကျပ်သို့ တိုးမြှင့်လိုက်ပြီး အမြင့်ဆုံးဆုကြေးကိုလည်း တစ်သိန်းမှ ငါးသိန်းအထိ တိုးမြှင့်ခဲ့သည်။ ယင်းနောက် တစ်ဆယ်ကျပ်တန်၊ ငါးဆယ်ကျပ်တန်၊ တစ်ရာကျပ်တန်၊ နှစ်ရာကျပ်တန်ထီများမှ ယခုနောက်ဆုံး ငါးရာကျပ်တန်အထိ အဆင့်ဆင့် တိုးမြှင့်လာပြီး ဆုကြေးများလည်း တဖြည်းဖြည်း တိုးမြင့်လာခြင်း ဖြစ်သည်။

ယခုမူ ကျပ်သိန်းတစ်သောင်း။

မဟာကံထူးသူ အနေနှင့် ထီပေါက်လျှင် ကျပ်သိန်းတစ်သောင်းရရှိမည် ဖြစ်သည်။ 

ယင်းပမာဏအပေါ် လစဉ် ကျပ်တစ်သိန်းခြောက်သောင်း ဝန်းကျင် လစာရရှိသည့် အလယ်တန်းပြ ဆရာမက ယခုကဲ့သို့ ပြောဆိုသည်။
“အဲဒီလောက် ဆိုရင်တော့ တောက လူပေါက်ပေါက်၊ မြို့ပေါ်ကလူတွေ ပေါက်ပေါက် ချမ်းသာပြီလို့ ပြောလို့ရနိုင်တာပေါ့” 

အောင်မျိုးထက်


ABOUT AUTHOR

(အောင်မျိုးထက်)