News

POST TYPE

NEWS

မဲဆွယ်ကာလအတွင်း ရုရှားနှင့် ဆက်သွယ်ခဲ့သည့် ထရမ့်၏ ရှေ့နေချုပ် ဝေဖန်ခံရ
03-Mar-2017

ဝါရှင်တန်၊ မတ် ၂

သမ္မတ ဒေါ်နယ်ထရမ့်၏ ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်စ်သည် တာဝန်မထမ်းဆောင်မီ ယမန်နှစ် သမ္မတလောင်း မဲဆွယ်ကာလအတွင်း ရုရှားသံအမတ်ကြီးနှင့် နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့ကြောင်း အမေရိကန် အစိုးရက အတည်ပြုခဲ့သည်ဟု BBC သတင်းက ဖော်ပြသည်။

ထိုစဉ်က အထက်လွှတ်တော် အမတ်တစ်ဦး ဖြစ်သူ ဆက်ရှင်စ်သည် ဇန်နဝါရီလအတွင်း ရှေ့နေချုပ်နေရာ ခန့်အပ်ရန် ကြားနာမှုတွင် မဲဆွယ်ကာလအတွင်း ရုရှားနိုင်ငံသားများနှင့် ဆက်သွယ်မှု မရှိခဲ့ဟု ထွက်ဆိုခဲ့သည်။

မဲဆွယ်မှုနှင့် ပတ်သက်သည့် ကိစ္စများကို ဆွေးနွေးရန် မည်သည့် ရုရှားတာဝန်ရှိသူနှင့်မှ မတွေ့ဆုံခဲ့ဖူးကြောင်း မတ်လ ၁ ရက်နေ့အထိ ချေပပြောကြားခဲ့သေးသည်။

ဒီမိုကရက်များက ဆက်ရှင်စ်သည်  ကျမ်းကျိန်ရာတွင် လိမ်လည်ရာ ရောက်သည်ဟု စွပ်စွဲထားပြီး ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုထားသည်။

ယင်းအပြင် မဲဆွယ်ကာလအတွင်း  ရုရှားတာဝန်ရှိသူများနှင့် ဆက်သွယ်မှုများ အပါအဝင် အမေရိကန် ရွေးကောက်ပွဲအပေါ် ရုရှား၏ စွက်ဖက်မှုများကို FBI က စုံစမ်းစစ်ဆေးရာတွင် ဆက်ရှင်စ်က ရှေ့နေချုပ်အဖြစ် ကွပ်ကဲရမှုမှာ မလျော်ကန်တော့သောကြောင့် ဝင်ရောက်စွက်ဖက်ခြင်း  မပြုရန်လည်း တောင်းဆိုထားကြသည်။

ရုရှားက ဒီမိုကရက်တစ်ပါတီ၏ အီးမေးလ်များကို ဖောက်ထွင်းခြင်းဖြင့် အတွင်းရေးများ ဖွင့်ချကာ ရွေးကောက်ပွဲတွင် ထရမ့်က ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန်ကို အနိုင်ရစေရေး ကူညီပေးခဲ့သည်ဟု အမေရိကန် ထောက်လှမ်းရေး အဖွဲ့အစည်းများက သုံးသပ်ထားသည်။

ထရမ့်၏ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် မိုက်ကယ်ဖလင်းမှာ ရာထူးမရယူမီ ရုရှားသံအမတ်ကြီးနှင့် ဆက်သွယ်ပြောဆိုမှုများတွင် ရုရှားအပေါ် အရေးယူ ပိတ်ဆို့ထားမှုများ အကြောင်း ဆွေးနွေးခဲ့ခြင်းနှင့် ပတ်သက်ပြီး ထိန်ချန်လှည့်ဖြားခဲ့ခြင်းကြောင့် ပြီးခဲ့သည့်လက ထုတ်ပယ်ခံခဲ့ရသည်။

ဝါရှင်တန်ပို့စ် သတင်းစာက ဖွင့်ချခဲ့ပြီး တရားရေးဌာန၏ အတည်ပြုချက်အရ ဆက်ရှင်စ်သည် ယမန်နှစ်က အထက်လွှတ်တော် စစ်ဘက်ရေးရာ ကော်မတီအဖွဲ့ဝင် အဖြစ် ရုရှားသံအမတ် ဆာဂေးကီစလယက်နှင့် နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

ဝါရှင်တန်ပို့စ်၏ ဖော်ပြမှုတွင် ဆက်ရှင်စ်သည် စက်တင်ဘာလအတွင်း သူ့ရုံးခန်းတွင် သီးသန့်တွေ့ဆုံခဲ့သလို နွေရာသီအတွင်းကလည်း အခြားသံအမတ် အများအပြားနှင့်အတူ တွေ့ဆုံခဲ့သေးသည် ဟု သိရသည်။

ဆက်ရှင်စ်သည် ပြီးခဲ့သည့်နှစ်က တစ်နှစ်ပတ်လုံး၌ နိုင်ငံခြားသံအမတ်ကြီး ၂၅ ဦးနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ 

သို့သော်လည်း ဆက်ရှင်စ်သည် ထရမ့်၏ မဲဆွယ်အဖွဲ့တွင် အဓိကနေရာမှ  ပါဝင်သူဖြစ်ရာ  အမေရိကန် ရွေးကောက်ပွဲတွင် ရုရှား ဝင်စွက်မှုသတင်းများ ထွက်ပေါ်နေချိန်တွင် သူနှင့် ကီစလယက် တွေ့ဆုံမှုမှာ ဝေဖန်စရာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ 

ရှေ့နေချုပ်ရာထူးနေရာ ခန့်အပ်ရေး ကြားနာမှုတွင် ထရမ့် မဲဆွယ်အဖွဲ့တွင်းမှ တစ်ဦးဦးကသာ ရုရှားနှင့် ထိတွေ့ဆက်ဆံမှု ရှိပါက မည်သို့ လုပ်ဆောင်မည်နည်းဟု မေးမြန်းခံခဲ့ရရာ ဆက်ရှင်စ်က ယင်းသို့သော ဆက်သွယ်မှုမျိုး ရှိသည်ဟု မသိရှိကြောင်း ဖြေကြားခဲ့သည်။ 

ထို့ပြင် “ကျွန်တော် ရုရှားတွေနဲ့ မဆက်သွယ်ခဲ့ပါဘူး” ဟုလည်း ဖြေကြားသွားခဲ့သေးသည်။

မတ်လ ၁ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင်လည်း “ကျွန်တော် မဲဆွယ်မယ့်ကိစ္စ ဆွေးနွေးဖို့ ဘယ်ရုရှားတာဝန်ရှိသူနဲ့မှ မတွေ့ခဲ့ပါဘူး။ ဘယ်လိုများ စွပ်စွဲတာလည်း ကျွန်တော် နားမလည်ဘူး၊ ဒါတွေ မမှန်ပါဘူး” ဟု ဖော်ပြထားသည်။

တရားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဆာရာအစ်ဂါဖလောရက်စ်ကမူ ဆက်ရှင်စ်၏ အဖြေသည် လမ်းလွှဲလှည့်ပတ်ထားခြင်း မရှိဟု ခုခံဖြေကြားခဲ့သည်။

“ကြားနာမှုမှာတုန်းက ရုရှားနဲ့ ထရမ့် မဲဆွယ်အဖွဲ့အကြား အဆက်အသွယ် ရှိ၊ မရှိ သူ့ကို မေးခဲ့တာပါ။ အထက်လွှတ်တော်အမတ် တစ်ယောက် အနေနဲ့၊ စစ်ဘက်ရေးရာ ကော်မတီဝင် တစ်ယောက် အနေနဲ့ ဆွေးနွေးခဲ့တာတွေကို မေးတာ မဟုတ်ပါဘူး” ဟု ဖလောရက်စ်က ခုခံဖြေရှင်းခဲ့ပါတယ်။

အိမ်ဖြူတော်ကလည်း ဆက်ရှင်စ်ဘက်က ထောက်ခံထားပြီး ပါတီစွဲကြီးတဲ့ ဒီမိုကရက်တွေရဲ့ ထရမ့်အစိုးရအပေါ် နောက်ဆုံးထိုးနှက်မှုသာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

F-03