News

POST TYPE

NEWS

ကျပ် ၅၀၀ တန် အောင်ဘာလေ ထီလက်မှတ်များ မူရင်းဈေးအတိုင်း ရောင်းချ
02-Mar-2017
ရန်ကုန်၊ မတ် ၁

သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချလျှင် အမည်ပျက်စာရင်းသွင်းကာ ထီစာအုပ် ဝယ်ယူခွင့် ရုပ်သိမ်းမည် ဆိုသောကြောင့် ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်တွင် စတင်ရောင်းချနေသည့် ကျပ် ၅၀၀ တန် အောင်ဘာလေ ထီလက်မှတ်များကို ထီအရောင်းကိုယ်စားလှယ်များက မူရင်းဈေးနှုန်း အတိုင်းသာ ရောင်းချလျက်ရှိကြောင်း အောင်ဘာလေ ထီလက်မှတ်ထိုးသူများထံမှ စုံစမ်းသိရှိရသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ ကျပ် ၅၀၀ တန် ထီလက်မှတ်များကို သတ်မှတ်ဈေးထက် ပို၍ ရောင်းချပါက ထီအရောင်း ကိုယ်စားလှယ်များကို အမည်ပျက်စာရင်း သတ်မှတ်ကာ လစဉ် ထီစာအုပ်ဝယ်ယူခွင့် ရုပ်သိမ်းခြင်း၊ ဌာနသို့ ပေးသွင်းထားသည့် အာမခံငွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆု ဌာနခွဲက ထုတ်ပြန်ကြေညာထားသည်။

“ဒီနေ့ သိမ်ကြီးဈေးက ထီဆိုင်မှာ စောင်ရေ ၃၀ ပါတဲ့ မင်္ဂလာစုံတွဲတစ်အုပ် ထိုးခဲ့တယ်။ ကျပ် ၁၅၀၀၀ ပဲ မူရင်းအတိုင်း ပေးရတယ်။ တစ်စောင်ချင်းထိုးလည်း ကျပ် ၅၀၀ နဲ့ ရောင်းတာ တွေ့တယ်။သိမ်ကြီးဈေး၊ ပန်းဆိုးတန်းက ထီအရောင်းဆိုင်တွေလည်း တစ်စောင်ကို ကျပ် ၅၀၀ နဲ့ မူရင်းအတိုင်း ရောင်းချနေတာ တွေ့ရပါတယ်။ ၅၀၀ တန် ထီထိုးသူ တော်တော်များပါတယ်” ဟု လသာမြို့နယ်တွင် နေထိုင်သူ ကုမ္ပဏီဝန်ထမ်း ဦးကိုကိုအောင်က ဆိုသည်။

ယခင်က တစ်စောင်လျှင် ကျပ် ၂၀၀ နှုန်းဖြင့် ဖြန့်ချိရောင်းခဲ့သော အောင်ဘာလေ ထီလက်မှတ်များ၏ အမြင့်ဆုံးဆုငွေမှာ ကျပ်သိန်း ၁၅၀၀ ချီးမြှင့်ခဲ့ပြီး ယခု ကျပ် ၅၀၀ တန် အောင်ဘာလေထီလက်မှတ်မှာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျပ်သိန်း ၁၀၀၀၀ကို အမြင့်ဆုံးဆုငွေအဖြစ် ချီးမြှင့်မည် ဖြစ်ကြောင်း အောင်ဘာလေသိန်းဆု ဌာနခွဲထံမှ သိရသည်။

“ခုဒီနေ့ သုံးနာရီလောက်က ပြည်တွင်းအခွန်မှာ ဝန်ကြီးနဲ့ ဒုဝန်ကြီးတို့ အစည်းအဝေးလုပ်တော့ ကျပ် ၅၀၀ တန် ထီနဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြတာ ရှိပါတယ်။ ထီလက်မှတ်တွေ ဒီနေ့ စုံစမ်းသိရတာကတော့ ဈေးပိုယူတာ မရှိပါဘူး” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် (စီမံကိန်း) ဦးထွန်းထွန်းနိုင်က ဆိုသည်။

အောင်ဘာလေသိန်းဆု ဌာနခွဲမှ ထီလက်မှတ်တန်ဖိုးထက် ပို၍ရောင်းချသူများထံမှ ဝယ်ယူခြင်း မပြုရန်နှင့် ထီလက်မှတ်တန်ဖိုးအတိုင်း ရောင်းချသည့် ဆိုင်များတွင်သာ ဝယ်ယူကံစမ်းကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

J-10, J-17