News

POST TYPE

NEWS

ဝမ်ပေါင်ကုမ္ပဏီ ကားများကို တားဆီးသည့် ဒေသခံ ၂၀ ကျော်ကို အမှုဖွင့်
26-Feb-2017

မုံရွာ၊ ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးထုတ်လုပ်ငန်းမှ ဝမ်ပေါင်ကုမ္ပဏီပိုင် ကြေးတင်ယာဉ်များကို တားဆီးဆန္ဒပြသူနှင့် ဦးဆောင်သူ ၂၅ ဦးကို ဆားလင်းကြီး မြို့မရဲစခန်းတွင် ငြိမ်း/စု/စီ ဥပဒေပုဒ်မ ရာဇသတ်ကြီး ပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း တရားလို ပြုလုပ်သူ ရဲအုပ်ကျော်မင်းနိုင်က ပြောကြားသည်။

အဆိုပါ အမှုဖွင့်ခံထားရသူများမှာ မိုးကြိုးပြင်ရွာမှ ကိုဝင်းကျော်၊ ဇီးတောကျေးရွာ ရွာဟောင်း စန်းမြဝတီကျောင်းတိုက်မှ ဦးစန္ဒာသီရိ၊ မိုးကြိုးပြင်ရွာမှ ဒေါ်သန်းမြနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုရာဇာ အပါအဝင် ၂၅ ဦးဖြစ်ပြီး ဖေဖော်ဝါရီလ ၂၃ ရက်က အမှုဖွင့်ခြင်း ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

လက်ပံတောင်းတောင် ဒေသခံ တောင်သူများသည် ဖေဖော်ဝါရီ ၂၁ ရက်နေ့က စတင်ကာ မိုးကြိုးပြင် အလယ်ရွာထိပ်ရှိ မုံရွာ-ပုသိမ်လမ်းပေါ်တွင် ဝမ်ပေါင်ကုမ္ပဏီ၏ ကျောက်သယ်ယာဉ်များ ရာနှင့်ချီ ဖြတ်သန်းနေမှုကို တားဆီးခြင်း၊ ကြေးနီပြားတင်ကားများကို တားဆီးခြင်းနှင့် သီးနှံလျော်ကြေး ရရှိရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လက်ပံတောင်းတောင် အစီရင်ခံစာအတိုင်း လိုက်နာဆောင်ရွက်ရန် အပါအဝင် အစားထိုးမြေဧက ၁၉၀၀ ကို ပြန်လည်ဖော်ထုတ်ပေးရန်နှင့် စီမံကိန်း ရပ်ထားရန် အချက်များကို တောင်းဆိုခဲ့ကြသည်။ 

ယင်းသို့  ဆန္ဒပြ တောင်းဆိုမှုကြောင့် ဦးဆောင်သူများနှင့် တားဆီးသည့် ဒေသခံများကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉၊ ကုမ္ပဏီကားများကို တားဆီးပိတ်ဆို့ခဲ့သည့် အတွက် ရာဇသတ်ကြီးပုဒ်မ ၁၄၃/၄၃၁ တို့ဖြင့် အမှုဖွင့်ထားကြောင်း ဆားလင်းကြီး မြို့နယ်ရဲစခန်းထံမှ သိရသည်။ 

R-08