News

POST TYPE

NEWS

ထားဝယ်အခြေစိုက် ခရီးသွားကုမ္ပဏီ အများစု အလုပ်မဖြစ်
26-Feb-2017

ထားဝယ်၊ ဖေဖော်ဝါရီ ၂၅

ထားဝယ်ဒေသတွင် အခြေစိုက်ကာ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေကြသည့် ခရီးသွား ကုမ္ပဏီများ ခရီးသည် ပို့ဆောင်ရမှုနည်းကာ တွက်ခြေမကိုက် ဖြစ်နေကြောင်း ခရီးသွားကုမ္ပဏီ အချို့ထံမှ သိရသည်။

နိုင်ငံခြားသား ခရီးသည် အဝင်များသော်လည်း ဆိုင်ကယ်ငှားကာ နိုင်ငံခြားသားများ ကိုယ်တိုင် မောင်းနှင်သွားလာ နေခြင်းနှင့် နိုင်ငံခြားသားအများစု စိတ်ဝင်စားသည့် ကမ်းခြေဒေသများတွင် ညအိပ်ခွင့် မပေးသဖြင့် ခရီးသည် ရရှိမှု နည်းပါးလာကြောင်း ကုမ္ပဏီအချို့က ပြောဆိုသည်။ 

“နိုင်ငံခြားသားတွေ အဝင်များနေပေမယ့် ခရီးသွား ကုမ္ပဏီတွေဆီ မလာကြတော့ဘဲ ကိုယ့်အစီအစဉ်နဲ့ ဆိုင်ကယ်ငှားပြီး သွားနေကြတာ များတယ်” ဟု Titan ခရီးသွား ကုမ္ပဏီပိုင်ရှင် ဦးတင်နိုင်က ပြောကြားသည်။

ယမန်နှစ်က နာမည်ကြီးခဲ့သော ဘုတ်ကျွန်းခရီးစဉ်များ သွားခွင့်မပေးခြင်းကြောင့် ခရီးသွား ကုမ္ပဏီများမှာ လောင်းလုံးကျွန်းဆွယ် ကမ်းရိုးတန်းနှင့် ပဲ့စင်ကျွန်း ခရီးစဉ်ကိုသာ ပို့ဆောင်ပေးခဲ့ရသည်။

ဘုတ်ကျွန်းခရီးစဉ်များကြောင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအထိ အခေါက် ၃၀ ခန့် ပို့ဆောင်ပေးရပြီး လက်ရှိအချိန်တွင် ၅ ခေါက်သာ ပို့ဆောင်ပေးရသေးကြောင်း ဦးတင်နိုင်က ဆိုသည်။

ပြည်တွင်းခရီးသွားကို အဓိက မှီခိုရသော ခရီးသွား ကုမ္ပဏီများသည်လည်း တွက်ခြေမကိုက်ဖြစ်လျက် ရှိသည်။

“ဘုတ်ကျွန်းကို ပိတ်ထားတာ ပါတယ်၊ ပြန်ဖွင့်ပေးမယ် ဆိုရင်တောင် အရှိန်ကျနေပြီဖြစ်လို့ အရှိန်ပြန်ယူရဦးမယ် ထင်တယ်” ဟု ထားဝယ်အခြေစိုက် Sky Light ခရီးသွား ကုမ္ပဏီပိုင်ရှင် ဒေါ်မိုးမိုးသူက ပြောကြားသည်။

ယမန်နှစ်က ဘုတ်ကျွန်းခရီးစဉ်ကြောင့် နေ့စဉ်နီးပါး ပို့ဆောင်ရပြီး ယခုနှစ်တွင်လည်း ခရီးသည် လာရောက်မှု များမည်ဟု မျှော်မှန်းကာ ကုမ္ပဏီလိုင်စင်များ အသီးသီး လုပ်ထားကြသော်လည်း လက်ရှိအချိန်တွင် ၃ ခေါက်သာ ပို့ရသေးကြောင်း ဒေါ်မိုးမိုးသူက ဆိုသည်။

ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ နိုင်ငံခြားသားများ မည်သည့်နေရာကို စိတ်ဝင်စားကြောင်းနှင့် မည်သည့် နိုင်ငံသားများ အဝင်များသည်ကို သိရှိနိုင်ရန် တိုင်းအစိုးရက သုတေသန လုပ်သင့်ကြောင်း ဦးတင်နိုင်က အကြံပြုသည်။

လက်ရှိအချိန်တွင် လောင်းလုံး ကမ်းရိုးတန်းတစ်လျှောက် (မောင်းမကန်မပါ) တွင် နိုင်ငံခြားသားများ တည်းခိုခွင့်ရှိသည့် ဘန်ဂလို ၁ ခုသာ ရှိသည့်အတွက် အဆင်မပြေကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ထီးခီးနယ်စပ်မှ တစ်ဆင့် နိုင်ငံခြားသား ၄၁၂၀၃ ဦး ဝင်ရောက်ပြီး ၂၀၁၇ ဇန်နဝါရီလတွင် ၁၀၈၉ ဦး ဝင်ရောက်ခဲ့ကာ ထားဝယ်ခရိုင်အတွင်း ခရီးသွားကုမ္ပဏီ ၂၃ ခု ရှိကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန စာရင်းအရ သိရသည်။

Dawei Watch