News

POST TYPE

NEWS

သပိတ်မှောက် ကျောင်းသားများ အကြမ်းဖက်ခံရခြင်း ၂ နှစ်ပြည့် လှုပ်ရှားမှု ယနေ့ လုပ်မည်
25-Feb-2017


မန္တလေး၊ ဖေဖော်ဝါရီ ၂၅

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုကြောင့် လက်ပံတန်းမြို့၌ အကြမ်းဖက်ခံရခြင်း ၂ နှစ်ပြည့်လှုပ်ရှားမှုကို မန္တလေးမြို့၌ ဖေဖော်ဝါရီလ ၂၆ ရက် (ယနေ့) ပြုလုပ်မည်ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အထက်မြန်မာပြည်ထံမှ သိရသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အထက် ဗမာပြည်၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၂၅ မှ ၂၆ ရက်နေ့ထိ မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက် ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်တွင် ပြုလုပ်မည်ဖြစ်သည်။

ယင်းတွေ့ဆုံပွဲတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဆောက်အအုံနှင့်ပတ်သက်သည့် သဘောထားများ၊ သမဂ္ဂအဖွဲ့ဝင်များအကြား ညီညွတ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း၊ ၁၀:၁၀ ကျောင်းသားလှုပ်ရှားမှု (လက်ပံတန်းမြို့တွင် အကြမ်းဖက်ခံရခြင်း) ၂ နှစ်ပြည့်နှင့်ပတ်သက်၍ ရှေ့ဆက် ဆောင်ရွက်သွားမည့် အကြောင်းများ ဆွေးနွေးခဲ့ပြီးနောက် လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ မည်သို့ ပြုလုပ်မည်ကိုမူ ပြောဆိုပိုင်ခွင့် မရှိကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်တို့မှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား ကျောင်းသူ ၇၀ ခန့် တက်ရောက်ခဲ့ကြသည်။ 

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်မှ ကျောင်းသားကျောင်းသူများသည် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် မန္တလေးမြို့တော်မှနေ၍ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြရာ မတ်လ ၁၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့၌ ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် ဖြိုခွင်းခြင်း ခံခဲ့ရသည်။ 

M-01

  • VIA