News

POST TYPE

NEWS

အခွန်ဌာန ရုံးခွဲများ၌ ထီလက်လီရောင်းချမည့် အစီအစဉ် ရပ်ဆိုင်းမည်
23-Feb-2017
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

မတ်လ ၁ ရက်နေ့တွင် စတင်ရောင်းချမည့် ကျပ် ၅၀၀ တန် ထီစနစ်သစ်တွင် ပြည်တွင်းအခွန်ဌာနခွဲ မြို့နယ်ရုံးများက ထီလက်လီရောင်းချပေးမည့် အစီအစဉ်ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆု ဌာနခွဲထံမှ သိရသည်။

လက်ရှိရောင်းချနေသည့် ကျပ် ၂၀၀ တန် ထီစနစ်တွင် ပြင်ပ၌ ဈေးပိုရောင်းနေသည့် ဈေးကွက်ကို မထိန်းချုပ်နိုင်သည့်အပြင် ထီလက်မှတ်ကို လိုသလောက် ထုတ်ခွင့်မရခြင်း စသည့် အခြေအနေများကြောင့် အခွန်ဌာနခွဲများက ထီလက်မှတ်များကို လက်လီရောင်းချခဲ့ရကြောင်း ယင်းဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်စံက ပြောကြားသည်။

“ကျပ် ၅၀၀ တန်ထီမှာ ဈေးကွက်ထဲ ကုန်သွားရင် လိုသလောက် ထုတ်ရောင်းပေးဖို့ အရန်ထီ စီစဉ်ထားတယ်။ ဈေးပိုရောင်းရင်လည်း ကနဦးတင်ထားတဲ့ စပေါ်ငွေကို သိမ်းပြီး သူ့လုပ်ငန်းကို နာမည်ပျက်စာရင်း သွင်းမယ်လို့ ကြေညာထားတဲ့အတွက် ဈေးပိုရောင်းနိုင်ခြေ မရှိဘူး” ဟု ၎င်းက ဆိုသည်။

ယခုအချိန်တွင် ဈေးပိုရောင်းမှုများ ရှိသော်လည်း အောင်ဘာလေ သိန်းဆုဌာနခွဲ အနေနှင့် ထိန်းချုပ်နိုင်ခြင်း မရှိကြောင်း၊ ကျပ် ၅၀၀ တန်ထီတွင် ဈေးပိုရောင်းချခြင်း မရှိစေရန် လျှောက်လွှာတင်စဉ်ကပင် ခံဝန်လက်မှတ်များ ထိုးထားရကြောင်း၊ မကြာမီကာလတွင် အောင်ဘာလေထီ ဥပဒေ ထွက်ရှိပါက ထီဈေးပိုရောင်းခြင်းနှင့် ပတ်သက်ပြီး ပြစ်မှုပြစ်ဒဏ်များပေါ် လာမည်ဖြစ်သဖြင့် ဈေးပိုရောင်းချခြင်းမှာ လုံးဝပျောက်ကွယ်သွားနိုင်ကြောင်း ဦးကြည်စံက ပြောဆိုသည်။ 

အခွန်ဌာနများ အနေနှင့် အစိုးရပိုင် ဖြစ်သောကြောင့် လက်ကားဈေးကွက်အပြင် လက်လီဈေးကွက်ပါ ရောင်းချခြင်းမှာ မျှတမှုမရှိသဖြင့် ယင်းကဲ့သို့ ရပ်ဆိုင်းလိုက်ခြင်းမှာ မှန်ကန်ကြောင်း၊ အရန်ထီ ဝယ်ယူခွင့်ကို အောက်ခြေအထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ပါက ဈေးပိုရောင်းခြင်းကို ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း အရန်ထီ ဝယ်ယူရန် လျှောက်လွှာတင်ထားသူ ဦးစိုးနိုင်ထွန်းက ပြောကြားသည်။

ဆုကြေးငွေ ကျပ်သိန်းတစ်သောင်းအထိ ရမည့် ကျပ် ၅၀၀ တန် ထီကို အက္ခရာ အလုံး ၃၀ ထုတ်သွားမည် ဖြစ်ပြီး ထီအုပ်ရေပေါင်း ၂၄ သန်းကျော် ထုတ်နိုင်မည် ဖြစ်ကြောင်း၊ ထီအုပ်ရေ ထပ်လိုပါက အရန်ထီကို အက္ခရာအလုံး ၂၂ လုံး ထပ်မံ ထုတ်နိုင်မည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲထံမှ သိရသည်။

J-13