News

POST TYPE

NEWS

သဘာဝဘေးတွင် မီးဘေးအန္တရာယ်မှာ ၇၀ ရာခိုင်နှုန်းကျော်ရှိ
14-Feb-2017

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

မြန်မာနိုင်ငံတွင် ဖြစ်ပွားသော သဘာဝ ဘေးအန္တရာယ်များအနက် မီးဘေးအန္တရာယ်မှာ ၇၀ ရာခိုင်နှုန်းကျော်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောကြားသည်။
 
စမ်းချောင်းမြို့နယ်၊ ပြည်လမ်း၊ မီးသတ်သုတေသနနှင့် မီးဘေးလုံခြုံရေး အသိပညာပေးရေး ဌာနတွင်ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်းကျင်းပလျက်ရှိသည့် ရှာဖွေ ကယ်ဆယ်ရေးနှင့် သဘာဝဘေး စီမံခန့်ခွဲမှု အလုပ်ရုံ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ ပထဝီ အနေအထားအရ ဒေသအလိုက် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင် ရေရှားမှုအစ ရှိတဲ့ဘေးတွေ အားလုံးထဲမှာ မီးဘေးဟာ ၇၀ ရာခိုင်နှုန်းကျော် ရှိပါတယ်၊ အဲဒါကြောင့် မီးသတ်စခန်းများ တိုးချဲ့ ဖွဲ့စည်းဖို့၊ လူအင်အား၊ ယာဉ်/စက်ပစ္စည်းတွေကို ထပ်မံ တိုးချဲ့ သွားဖို့ ရှိပါတယ်”ဟု ၎င်းက ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီး ဌာနအနေဖြင့် မီးဘေး၊ ရေဘေး၊ လေဘေးအပြင် အခြား မတော်တဆမှုများ ဖြစ်ပေါ်လာပါက ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလုထု ဘဝ ဘေးကင်း လုံခြုံရေးအတွက် ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့်အညီ မီးသတ်တပ်ဖွဲ့ မူဝါဒကို ချမှတ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ မီးသတ်တပ်ဖွဲ့ဝင်များ အရည်အသွေး တိုးတက်မြင့်မားလာစေရန် ပြည်တွင်းပြည်ပ သင်တန်းများ စေလွှတ်ပို့ချပေးလျက်ရှိကြောင်း ယင်းအလုပ်ရုံ ဆွေးနွေးပွဲထံမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်တွင်း မီးလောင်မှု အကြိမ်ပေါင်း ၇၀ဝ၀ နီးပါး ရှိခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်သန်းပေါင်း ၅ သောင်းနီးပါးရှိကြောင်း၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက် နေ့မှ ၃၁ ရက်နေ့အထိ မီးလောင်မှု ၁၇၈ ကြိမ်ရှိပြီး ဆုံးရှုံးမှုတန်ဖိုး တစ်ထောင့်ခုနစ်ရာ ခြောက်ဆယ် သုံးသိန်း နှစ်သောင်း လေးထောင့် ရှစ်ရာ(၁၇၆,၃၂၄,၈၀ဝ)ကျပ် ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ထံမှ သိရသည်။ 

J-16

  • VIA