News

POST TYPE

NEWS

ခရီးသွားလာခွင့် ပိတ်ပင်မှုအမိန့်အပေါ် တရားရုံး၏ ဟန့်တားမှုကို တုံ့ပြန်ရန် နည်းလမ်းအားလုံးကို အိမ်ဖြူတော် စဉ်းစား
14-Feb-2017

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၃ 

မွတ်ဆလင် ခုနစ်နိုင်ငံမှ နိုင်ငံသားများကို ခရီးသွားလာခွင့် ပိတ်ပင်ရန်နှင့် အမေရိကသို့ ဒုက္ခသည်များ ဝင်ရောက်မှုကို ပိတ်ပင်ရန် သမ္မတထရမ့်က အမိန့်ထုတ်ပြန်မှုအပေါ် ပယ်ဖျက်သည့် တရားရုံး ဆုံးဖြတ်ချက်ကို တုံ့ပြန်ရန်အတွက် နည်းလမ်းအားလုံးကို အိမ်ဖြူတော်က စဉ်းစားနေသည်ဟု သမ္မတ၏ ထိပ်တန်းအကြံပေးတစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။

အကြီးတန်းအကြံပေး စတီဖင်မစ်လာက သီတင်းသုံးပတ်ခန့်သာ သက်တမ်းရှိသေးသော ထရမ့်အစိုးရသည် နိုင်ငံအား အကြမ်းဖက်ဝါဒ၏ ဘေးရန်မှ လုံခြုံစေရန် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို စဉ်းစားနေကြောင်း၊ နိုင်ငံတွင်းသို့ မည်သူ ဝင်ရောက်နိုင်သည်ကို သမ္မတက ဆုံးဖြတ်ခွင့်ရှိကြောင်း၊ လက်ရှိနှင့် အနာဂတ် ခြိမ်းခြောက်မှုများကို အခြေခံကာ မွတ်ဆလင် ခုနစ်နိုင်ငံကို တာဝန်ရှိသူများက ရွေးထုတ်ခဲ့ခြင်း ဖြစ်ကြောင်း NBC သတင်းဌာနသို့ ပြောကြားသည်။

အမေရိကန်အစိုးရ၏ အခက်အလက်သုံးခု ဖြစ်သော အိမ်ဖြူတော်၊ တရားစီရင်ရေးစနစ်နှင့် ကွန်ဂရက်လွှတ်တော်တို့၏ တန်းတူညီမျှမှုကို ထရမ့်အစိုးရက သိရှိနားလည်ကြောင်း၊ သို့သော် တရားစီရင်ရေးစနစ်သည် ယခုကဲ့သို့ အထက်စီးယူခွင့် မရှိကြောင်း မစ်လာက ပြောကြားသည်။

ခရီးသွားလာမှု ပိတ်ပင်သည့် ထရမ့်၏ အမိန့်ကို ယခင်အပတ်က ပယ်ဖျက်ခဲ့သည့် တရားသူကြီးသုံးဦး အဖွဲ့၏ ဆုံးဖြတ်ချက်ကို ရည်ညွှန်းသည့် မစ်လာက “ဆီယက်တယ် ခရိုင်တရားသူကြီးဟာ အမေရိကန်ပြည်ထောင်စုရဲ့ လူဝင်မှု ဥပဒေကို ချမှတ်ခွင့် မရှိပါဘူး။ နိုင်ငံခြားသားတွေရဲ့ ခရီးသွားခွင့်ကို တရားသူကြီးက ပေးနိုင်တယ်၊ ဒုက္ခသည် ဝင်ရောက်မှုကို ပိတ်ပင်တဲ့ သမ္မတကိုလည်း ဟန့်တားနိုင်တယ်လို့ ကျွန်တော် မထင်ပါဘူး” ဟု ပြောကြားသည်။

“အခြေခံဥပဒေအရ ဝင်ရောက်ပိုင်ခွင့်ရှိတယ် ဆိုတဲ့ နိုင်ငံခြားသား မရှိပါဘူး” ဟု မစ်လာက ဆိုသည်။

ဂျပန်ဝန်ကြီးချုပ်အား ဖလော်ရီဒါကမ်းခြေရှိ မာအေလာဂို စံအိမ်တွင် ဧည့်ခံရန် ထွက်ခွာသွားသော ထရမ့်က ၎င်း၏ အမိန့်အား အယူခံတရားရုံးက ပိတ်ပင်ခဲ့ခြင်းကြောင့် နောက်ထပ်အမိန့်သစ် ထုတ်ပြန်ရန် စဉ်းစားနေကြောင်းနှင့် တနင်္လာနေ့ သို့မဟုတ် အင်္ဂါနေ့တွင် ထုတ်ပြန်ဖွယ်ရှိကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

အိမ်ဖြူတော် ဝန်ထမ်းအကြီးအကဲ ရိမ်ဆီပရိုင်ဘတ်စ်က တရားရုံးတွင် အယူခံဝင်ရေးကို စဉ်းစားနေဆဲ ဖြစ်သည်ဟု ပြောကြားသော်လည်း ထရမ့်ကမူ နောက်ထပ် အမိန့်သစ် ထုတ်ပြန်ခြင်းက ပိုမိုမြန်ဆန်ကြောင်းနှင့် လုံခြုံရေး အကြောင်းရင်းများကြောင့် အလျင်လိုနေကြောင်း ပြောဆိုထားသည်။

သမ္မတအမိန့်ကို တရားရုံးက ပယ်ဖျက်ခဲ့သည့် ဖေဖေါ်ဝါရီ ၃ ရက် နောက်ပိုင်း အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခဲ့သော ဒုက္ခသည်များ၏ ၇၂ ရာခိုင်နှုန်းသည် အမိန့်တွင် ပါဝင်သော မွတ်ဆလင်နိုင်ငံ ခုနစ်ခုမှ ဖြစ်သည်ဟု ထရမ့်က Twitter တွင် ရေးသားခဲ့ပြီး ‘တရားရေးစနစ် ပျက်ပြားနေပြီ။ အန္တရာယ် အလွန်ကြီးသည်’ ဟု မှတ်ချက်ပေးခဲ့သည်။

လက်ထောက်များ၏ လုပ်ဆောင်ချက်များကို ရုပ်သံသတင်းတွင် မကြာခဏ စောင့်ကြည့်လေ့ရှိသော ထရမ့်က စတီဖင်မစ်လာ၏ ပြောကြားမှုများနှင့်ပတ်သက်၍ သဘောကျကြောင်း Twitter တွင် ချီးကျူးပြောဆိုထားသည်။       

F-04