News

POST TYPE

NEWS

ရန်ကုန်ဆေးရုံကြီးတွင် ပစ္စည်းခိုးသူများကို လုံခြုံရေး ကင်မရာဖြင့် စောင့်ကြည့်
07-Aug-2016

ရန်ကုန်၊ သြဂုတ် 

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် အနယ်နယ် အရပ်ရပ်မှ တက်ရောက်ကုသ ခံယူနေသည့် လူနာများ၏ အသုံးအဆောင် ပစ္စည်းများနှင့် ငွေကြေး ပျောက်ရှမှုများ လျော့နည်းစေရန် ခိုးယူသည်ဟု သံသယ ရှိသည့် လူများကို လုံခြုံရေးကင်မရာ (CCTV) ဖြင့် စောင့်ကြပ် ကြည့်ရှု ဖမ်းဆီး အရေးယူလျက် ရှိကြောင်း အဆိုပါ ဆေးရုံကြီးထံမှ သိရသည်။

“လူနာတွေရဲ့လုံခြုံရေးအတွက် CCTV တွေနဲ့ ၂၄ နာရီ မပြတ် စောင့်ကြည့် မှတ်တမ်းထားသလို အခုလို ဖမ်းမိတာတွေ ရှိတော့ အခိုးခံရတာတွေ လျော့နည်း သွားတယ်။ နောက်ထပ်လည်း ဖမ်းဆီးမှုတွေ လုပ်သွားမှာပါ”ဟု ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ လက်ထောက် ဆေးရုံအုပ် ဒေါက်တာနေဝင်းသိန်းက ဆိုသည်။

ဆေးရုံရှိ လူနာနှင့် လူနာစောင့်များထံမှ ဖုန်းများနှင့် ငွေကြေးများကို လူနာစောင့် အယောင်ဆောင်၍လည်းကောင်း၊ ဆေးရုံ ဝန်ထမ်း ယောင်ဆောင်၍လည်းကောင်း ခိုးယူ ခံရနေပြီး ဇူလိုင်လအတွင်း  CCTV လုံခြုံရေး ကင်မရာဖြင့် စောင့်ကြပ် ကြည့်ရှု ထောက်လှမ်းရာမှ မင်္ဂလာတောင်ညွန့်မြို့နယ်မှ အသက် ၁၉ နှစ်ရှိ အမျိုးသမီး တစ်ဦးနှင့် သန်လျင်မြို့နယ်မှ အသက် ၆၀ နှစ်ကျော်ရှိ အမျိုးသား တစ်ဦးကို ဖမ်းဆီးမိခဲ့ပြီး လသာမြို့နယ် ရဲစခန်းသို့ အပ်နှံနိုင်ခဲ့ကြောင်း ရန်ကုန် ပြည်သူ့ ဆေးရုံကြီးထံမှ သိရသည်။

ရန်ကုန် ပြည်သူ့ ဆေးရုံကြီးအနေနှင့်လည်း တက်ရောက် ကုသမှု ခံယူနေသည့် လူနာများ၏ ပစ္စည်းများနှင့် ငွေကြေး ပျောက်ရှမှုများ လျော့နည်းစေရန် လူနာ တစ်ဦးလျှင် လူနာစောင့် နှစ်ဦးထိသာ ခွင့်ပြုထားပြီး အဝင်အထွက်များကို လူနာစောင့်ကတ် ထုတ်ပေးထား၍ သေချာ စိစစ်ခြင်းနှင့် လူနာနှင့် ပတ်သက်သည့် မိသားစုဝင်များအတွက် ဧည့်ချိန်ကို ညနေ ၄ နာရီ မှ ၆ နာရီအတွင်းသာ ဝင်ခွင့်ပြုထားကြောင်း အဆိုပါ ဆေးရုံကြီးထံမှ သိရသည်။

လူနာများ ဘေးကင်း လုံခြုံမှု ရှိစေရန် လက်ရှိတွင် ရန်ကုန် ပြည်သူ့ ဆေးရံ ကြီး၏ ငါးထပ်ဆောင် ဆေးရုံသစ်ကြီး၌ CCTV ကင်မရာ အလုံး ၁၀၀ ကျော်နှင့် အရေးပေါ်နှင့် ပြင်ပ လူနာဌာန၊ ဆေးရုံကြီး၏ ပင်မ အဆောက်အအုံ၊ နှလုံး ဆေးကုသဆောင်များနှင့် ခွဲစိတ်ခန်းများ အပါအဝင် အရေးကြီးသည့် နေရာများ၌ CCTV လုံခြုံရေး ကင်မရာများ တပ်ဆင်ထားပြီး ထပ်မံ တပ်ဆင်သွားရန်လည်း စီစဉ်နေကြောင်း အဆိုပါ ဆေးရုံကြီးထံမှ သိရသည်။ 



  • VIA