News

POST TYPE

NEWS

ပြည်ပမှ အသားနှင့် တိရစ္ဆာန် ဝင်ရောက်မှု အစိုးရသစ် လက်ထက် ပိုများဟုဆို
07-Aug-2016

မန္တလေး၊ သြဂုတ် ၆

ပြည်တွင်းရှိ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အစိုးရသစ် အနေနှင့် လုပ်ဆောင်ရာတွင် အကန့်အသတ်များ ရှိနေသည်ကို နားလည်ပြီး ငွေကြေး အခက်အခဲများလည်း ရှိသည်ဖြစ်ရာ အလွယ်ကူဆုံးဖြစ်သည့် ခိုင်မာသည့် ဥပဒေ မူဝါဒနှင့် နည်းဥပဒေများ ဖော်ဆောင်ပေးစေလိုကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းရှင်များ အဖွဲ့ချုပ် (မန္တလေးတိုင်း) ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြောကြားသည်။

မန္တလေးမြို့ ၅၃ လမ်းနှင့် ၃၇ လမ်း ကြားရှိ Hotel Hazel တွင် သြဂုတ်လ ၆ ရက်နေ့က ပြုလုပ်သော မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ကော်မတီတို့မှ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး စိုက်ပျိုး၊ မွေးမြူနှင့် ဆည်မြောင်းဝန်ကြီး၊ မွေးမြူရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းရှင်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

“ကျွန်တော်တို့အနေနဲ့ ပြောလိုတာကတော့ အစိုးရသစ်မှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတာလည်း ရှိတော့ လတ်တလော အနေနဲ့ လိုအပ်ချက်တွေကို နည်းဥပဒေနဲ့ ထိန်းသိမ်း ပေးစေချင်တယ်။ ရေရှည်ကျတော့ ရေရှည်လိုအပ်ချက်အရ လုပ်သွားမှသာ ယှဉ်ပြိုင်နိုင်မယ်”ဟု ဒေါက်တာ ကျော်ထင်က ပြောဆိုသည်။

လက်ရှိ အစိုးရသစ် အပြောင်းအလဲ ကာလ သုံးလကျော်ဝန်းကျင်အတွင်း အခြားနိုင်ငံများမှ အသားနှင့် တိရစ္ဆာန်များ တရားဝင် တင်သွင်းခြင်းနှင့် တရားမဝင် ဝင်ရောက်ခြင်းတို့ ပိုမို များပြားလာကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

“နိုင်ငံ တစ်နိုင်ငံ ပြောင်းလဲရေးမှာလည်း စိုက်ပျိုး မွေးမြူရေးက အခရာကျတယ်။ နိုင်ငံ အပြောင်းအလဲမှာ အရင်လို ဆက်သွားလို့ မရတော့ဘူး။ ပြင်ရမယ်။ ကောင်းတဲ့ အချက်အလက်တွေလည်း ပြုစုပြီး လုပ်ဆောင်သွားရမယ်”ဟု အမျိုးသားလွှတ်တော် စိုက်ပျိုး၊ မွေးမြူနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခွန်ဝင်းသောင်းက ပြောဆိုသည်။

အစိုးရ အနေနှင့် မွေးမြူရေး လုပ်ငန်းရှင်များအတွက် လတ်တလော ဥပဒေ ဖော်ဆောင်ပေးနိုင်သည့် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်း၊ တိရစ္ဆာန် အစားအစာ၊ တိရစ္ဆာန်သုံး ဆေးဝါးနှင့် ပစ္စည်းကိရိယာများ တရားမဝင် တင်သွင်းခြင်းကို ထိရောက်စွာ အရေးယူ ပေးရန်နှင့် တရားဝင် တင်သွင်းခြင်းကို ထိန်းညှိရန်၊ မွေးမြူရေးဆိုင်ရာ လုပ်ငန်းများ လယ်ယာမြေ အသုံးချခွင့်ကို စနစ်တကျ လွယ်ကူ ရှင်းလင်းစွာ ဖော်ဆောင်ပေးရန်၊ ခိုင်မာသော ဈေးကွက် ဖော်ဆောင်ပေးရန်တို့ဖြစ်ကြောင်း အဆိုပါ မွေးမြူရေး လုပ်ငန်းရှင်များက တညီတညွှတ်တည်း ပြောကြားသည်။

ယခင်က တရုတ်နိုင်ငံမှသာ ကြက်သား ဝင်ရောက်မှုများသော်လည်း လက်ရှိ ဈေးကွက်အတွင်း တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ကြက်သားနှင့် ကြက်ပေါက်များ သာမက အရွယ်ရောက် ကြက်ကြီးများပင် ဝင်ရောက်လျက် ရှိနေကြောင်း အဆိုပါ မွေးမြူရေး လုပ်ငန်းရှင်များထံမှ စုံစမ်း သိရှိရသည်။



  • VIA