News

POST TYPE

NEWS

နာဂတွင် ဖြစ်ပွားနေသည့် ဝက်သက်ရောဂါ နှစ်ပတ်အတွင်း ထိန်းချုပ်နိုင်ရန် ဆောင်ရွက်
07-Aug-2016

ရန်ကုန်၊ သြဂုတ် ၆

နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ လဟယ်နှင့် နန်းယွန်းမြို့နယ်များရှိ ဝက်သက်ရောဂါ အစုလိုက် အပြုံလိုက် ဖြစ်ပွားခဲ့သည့် ကျေးရွာများတွင် ရောဂါထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို ရက်သတ္တ တစ်ပတ် နှစ်ပတ်အတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနထံမှ  စုံစမ်း သိရှိရသည်။

“အခုမှ စလုပ်တယ် ဆိုပေမယ့် ထိန်းချုပ်နိုင်မှာပါ၊ လူအင်အားရော၊ ဆရာဝန် အင်အားရော၊ လိုအပ်ရင် ရဟတ်ယာဉ်တွေပါ သုံးဖို့ရှိတဲ့အတွက် အားလုံး ဝိုင်းဝန်း ပူးပေါင်းပြီး အစွမ်းကုန် ရောဂါ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်”ဟု အဆိုပါ ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က The Voice သို့ ပြောကြားသည်။ 

ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေနှင့် ဝက်သက်ရောဂါ အစုလိုက် အပြုံလိုက် ဖြစ်ပွားခဲ့သည့် လဟယ်မြို့နယ်မှ ကျေးရွာ ငါးရွာနှင့် နန်းယွန်းမြို့နယ်မှ ကျေးရွာ လေးရွာသို့ အုပ်စု နှစ်ဖွဲ့ခွဲကာ အသက် ကိုးလမှ ၁၅ နှစ်ထိ ကလေးများကို ဝက်သက် ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ကာကွယ်ဆေး ထိုးရန် လိုအပ်သည့် ကလေးများ သိရှိရန် စာရင်း ကောက်ခြင်းနှင့် ဝက်သက် ရောဂါရှိသူများကို ရှာဖွေခြင်း၊ ရောဂါ ကူးစက်ခံရသည့် လူနာများကို ဗီတာမင်အေ တိုက်ကျွေးပေးခြင်းနှင့် လူစုလူဝေးကို ရှောင်ကြဉ်စေခြင်း၊ ကျန်းမာရေး ပညာပေးခြင်းနှင့် အခြား ဖြစ်ပွားသည့် ရောဂါများကိုလည်း ကုသပေးနေကြောင်း ယင်းဌာနထံမှ သိရသည်။

ဝက်သက်ရောဂါ ကာကွယ်ဆေးမှာ ထိုးနှံပြီး ၇ ရက်ခန့် အကြာမှ ဆေးအာနိသင် ရရှိခြင်း၊ ရောဂါ ဖြစ်ပွားခဲ့သည့် ရွာများသို့ ကွင်းဆင်းကာ ကာကွယ်ဆေး ထိုးခြင်းမှာ ငါးရက်ကျော်အကြာ အချိန်ယူရမည် ဖြစ်သောကြောင့် ရက်ပေါင်း ၁၅ ရက်ခန့်အတွင်း ရောဂါပိုး ကူးစက် ပြန့်ပွားနေမှုကို ထိန်းချုပ်နိုင်မည်ဟု လျာထားကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနထံမှ သိရသည်။ 

“နေပြည်တော် ကျန်းမာရေးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက ဆရာဝန်တွေရယ်၊ ဒေသက ဆရာဝန်တွေရယ် ရောဂါဖြစ်ပွားနေတဲ့ ရွာတွေမှာ ရောက်ရှိပြီး ကုသမှုတွေ ပြုလုပ်ပေးနေပါပြီ”ဟု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နာဂဒေသ ဦးစီးအဖွဲ့ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းဇော်က ပြောဆိုသည်။

လတ်တလောတွင် သြဂုတ်လ ၆ ရက်နေ့အထိ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန၏ လူနာ ငါးဦး၏ သွေးနမူနာ ပေးပို့သည့် စာရင်းအနက် သုံးဦးတွင် ဝက်သက်ရောဂါ ဖြစ်ပွားခဲ့ကြောင်း၊ နာဂဒေသရှိ ကျေးရွာများတွင် ရောဂါ ခံစားနေရသူ လူနာ ၁၂၀ ဦးကျော်ရှိပြီး လဟယ်မြို့နယ်မှ ကျေးရွာ ငါးရွာတွင် သေဆုံးသူ ၂၆ ဦး၊ နန်းယွန်းရှိ ကျေးရွာ လေးရွာတွင် သေဆုံးသူ ၁၃ ဦးရှိခဲ့ရာ စုစုပေါင်း ၃၉ ဦး သေဆုံးခဲ့ကြောင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နာဂဒေသ ဦးစီးအဖွဲ့ရုံးထံမှ သိရသည်။

“နန်းယွန်းမြို့နယ်ကတော့ အခု ကူးစက်ခံရမှု မရှိတော့ဘဲ အခြေအနေ ကောင်းလာတယ်လို့ သိရသလို တိုင်းဒေသကြီး အစိုးရအနေနဲ့လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကို ဆိုင်ကယ် သွားလမ်းတွေ ပြင်ဆင်ဖို့နဲ့ ဆရာဝန်၊ ဆေးဆရာမတွေကို လိုအပ်သလို ဖြည့်စွက်ပေးမယ်လို့ ပြောပါတယ်”ဟု လဟယ်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလောရုံက ပြောကြားသည်။

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နာဂဒေသရှိ လဟယ်မြို့နှင့် နန်းယွန်းမြို့နယ်ရှိ ကျေးရွာများတွင် ဇွန်လဆန်းပိုင်းက အသက်ရှူ လမ်းကြောင်း ပိုးဝင်မှုကြောင့် ကူးစက်ရောဂါ ဖြစ်ပွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ဇွန်လ ၁၄ ရက်နေ့တွင် စတင် သေဆုံးခဲ့ကြောင်း နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ရုံးထံမှ သိရသည်။



  • VIA