News

POST TYPE

NEWS

၂၁ ပင်လုံ ပြင်ဆင်ရေး ကော်မတီနှင့် တအာင်း၊ ကိုးကန့်၊ AA တို့ ရက်ပိုင်းအတွင်း တွေ့မည်
06-Aug-2016
ရန်ကုန်၊ သြဂုတ် ၆

အစိုးရက ဖွဲ့စည်းထားသော ၂၁ ရာစု ပင်လုံ ညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီနှင့် အပစ်ရပ်စာချုပ် လက်မှတ် မထိုးရသေးသည့် တအာင်း၊ ကိုးကန့် နှင့် ရခိုင်(AA) လက်နက်ကိုင် အဖွဲ့တို့ ရက်ပိုင်းအတွင်း တွေ့ဆုံသွားမည် ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

တအာင်း/ပလောင် လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား မဟာမိတ် တပ်မတော် (MNDAA) - (ကိုးကန့်အဖွဲ့)နှင့် ရခိုင့်တပ်မတော် (AA) လက်နက်ကိုင်များနှင့် တွေ့ဆုံရန် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလား (သို့ မဟုတ်) “ဝ”ဒေသ ပန်ဆန်းတွင် တွေ့ဆုံ မည်ဖြစ်ကြောင်း ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီဝင် ဦးခင်ဇော်ဦးက ပြောကြားသည်။

လက်ရှိတွင် NCA လက်မှတ် မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်များကို ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီက လိုက်လံ တွေ့ဆုံလျက်ရှိရာ ယင်းအဖွဲ့ သုံးဖွဲ့ကိုသာ တွေ့ဆုံရန် ကျန်ရှိတော့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ လက်နက်ကိုင် အဖွဲ့ သုံးဖွဲ့အနေနှင့် လက်နက် မစွန့်ရဘဲ ၂၁ ရာစု ပင်လုံ ညီလာခံတွင် ပါဝင်လာနိုင်ရန် ညှိနှိုင်းနေကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ၂၁ ရာစု ပင်လုံ ညီလာခံအတွက် နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ပြင်ဆင် ဆွေးနွေးပွဲကို လာမည့် သြဂုတ်လ ၁၀ ရက်နေ့တွင် ကျင်းပနိုင်ရန် စီစဉ်နေပြီး ယင်းဆွေးနွေးမှုတွင် အပစ်ရပ် မထိုးရသေးသည့် လက်နက်ကိုင်များ ပါဝင်လာမည်ဖြစ်ကြောင်း ညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီထံမှ သိရသည်။

ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးအစည်းအဝေးကို မဟာမိတ်  ဖွဲ့ထားသည့် ယင်းလက်နက်ကိုင် သုံးဖွဲ့ထဲမှ ရခိုင့်တပ်မတော် (AA) တစ်ဖွဲ့တည်းသာ တက်ရောက်ခဲ့သည်။

ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA) ကလည်း ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့က ရှမ်း အထူးဒေသ (၁)မှ ပြည်သူများ အနေနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်ကြရန် တိုက်တွန်းသည့် ထုတ်ပြန် ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။


  • VIA