News

POST TYPE

NEWS

နိုင်ငံရေးပါတီများ စုပေါင်းပြီး ပါတီတပ်ပေါင်းစု ဖွဲ့စည်းမည်
06-Aug-2016
ရန်ကုန်၊ သြဂုတ် ၆

နိုင်ငံရေး ပါတီများ စုပေါင်းပြီး ပါတီ တပ်ပေါင်းစု ဖွဲ့စည်း တည်ထောင်နိုင်ရန် ဆွေးနွေးလျက် ရှိကြောင်း အမျိုးသား ဒီမိုကရေစီ ပါတီသစ် (NNDP) ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားသည်။

နိုင်ငံရေး တပ်ပေါင်းစု ဖွဲ့စည်းရာတွင် တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့် ရန်ကုန် အခြေစိုက် နိုင်ငံရေးပါတီများ ပါဝင်သွားမည်ဖြစ်ပြီး ဖွဲ့စည်းနိုင်ရန် ပါတီအချို့နှင့် ဆွေးနွေးလျက်ရှိကြောင်း (NNDP) ပါတီမှ သိရသည်။

“ဆွေးနွေးနေတဲ့ နိုင်ငံရေးပါတီ နှစ်ခုလောက် ရှိနေပြီ၊ တပ်ပေါင်းစု နိုင်ငံရေးပါတီအဖြစ် ပူးပေါင်းသွားမယ်။ အဲဒီ့မှာ တိုင်းရင်းသား ပါတီတွေ၊ ပြည်မ ပါတီတွေ ပါဝင်ပါတယ်”ဟု ဦးသိန်းညွန့်က ဆိုသည်။

နိုင်ငံရေး တပ်ပေါင်းစု ဖွဲ့စည်းရန်  အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ)နှင့် NNDP စသည့် နိုင်ငံရေးပါတီများ ဆွေးနွေးလျက် ရှိသည်။

“မူအားဖြင့် ဆွေးနွေးမှုတွေတော့ ရှိခဲ့ပါတယ်။ ဆက်လက်ပြီး ဆွေးနွေးဖို့က  များစွာကျန်ရှိနေတယ်”ဟု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပြိုင်ဘက် နိုင်ငံရေး ပါတီကို ရွေးကောက်ပွဲ ရလဒ်အရ ရှုံးနိမ့်ခဲ့ခြင်းကြောင့် နိုင်ငံရေး ပါတီငယ်များ ပေါင်းစည်းပြီး အင်အားကြီးမားသော နိုင်ငံရေး တပ်ပေါင်းစုကို ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းနိုင်ရန် ဆွေးနွေးလျက် ရှိကြောင်း အထက်ပါ ပုဂ္ဂိုလ်များထံမှ သိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က  မဲ အပြတ်အသတ် အနိုင် ရရှိခဲ့ခြင်းကြောင့် NLD အစိုးရကို အပြန်အလှန် ထိန်းကျောင်းခြင်းကို ဥပဒေပြု လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ခွဲတမ်း ရယူထားသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ လုပ်ဆောင်သွားမည်ကို မြင်တွေ့ရဖွယ်ရှိကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက ပြောကြားသည်။ 


  • VIA