News

POST TYPE

NEWS

ဦးပိန်တံတားနှင့် ရတနာပုံ တက္ကသိုလ် ရက်ပိုင်းအတွင်း ပြန်ဖွင့်မည်
06-Aug-2016
မန္တလေး၊ သြဂုတ် ၆

ဧရာဝတီ မြစ်ရေတိုးမှုကြောင့် ယာယီ ပိတ်ထားခဲ့သည့် အမရပူရမြို့နယ် တောင်သမန်အင်းရှိ ဦးပိန် တံတားနှင့် ရတနာပုံ တက္ကသိုလ်ကို ရက်ပိုင်းအတွင်း ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်က ပြောကြားသည်။

“ပိတ်တာက ကျွန်တော်တို့ ပိတ်ခဲ့တာ၊ ဖွင့်ဖို့ကျတော့ ရှေးဟောင်းဘက်က မဖွင့်စေချင်သေးတဲ့ သဘောထား ရှိတယ်။ ဒါပေမဲ့ ဒီရက်ပိုင်းအတွင်း ဖွင့်သွားမှာပါ၊ လာလည်ပတ်တဲ့ ဧည့်သည်တွေက တံတားပေါ် မတက်ရတဲ့အတွက် လှည့်ပြန် သွားတာမျိုးရှိတော့ စိတ်မကောင်းဘူး”ဟု ၎င်းက ပြောသည်။

သြဂုတ်လဆန်းပိုင်းက အင်းရေပြင်မှာ တံတားအထက် တစ်ပေကျော်ခန့် ရောက်ရှိခဲ့ပြီး ငှက်လှေများပင် တံတားပေါ် ကျော်၍ သွားလာနိုင်ခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်က ယခုကဲ့သို့ ရေကျော် ခဲ့သော်လည်း တံတားပေါ် သွားလာခွင့် မပိတ်ခဲ့ကြောင်း ဒေသခံ ငှက်လှေသမားများထံမှ သိရသည်။

ရေတက်ချိန်က တံတား အလယ် ၁၅ ခန်းထိ ရေနစ်မြုပ် ခဲ့ကြောင်း လက်ရှိတွင် ရေပြန်ကျနေပြီး တံတားအောက်တွင် အချို့နေရာ လေးပေ၊ အချို့နေရာ ခြောက် ပေအထိ ရေရောက်ရှိနေဆဲ ဖြစ်ကြောင်း ဒေါက်တာ ရဲလွင်က ဆိုသည်။

မည်သည့်အချိန် ဖွင့်လှစ်မည်ကို မပြောနိုင်သော်လည်း ရက်ပိုင်းအတွင်း ဖွင့်လှစ်ဖွယ် ရှိကြောင်း အထက်မြန်မာပြည် ရှေးဟောင်း သုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာန အကြီးတန်း အရာရှိ တစ်ဦးက ပြောသည်။

“ရတနာပုံ တက္ကသိုလ်ကိုလည်း အမြန်ဆုံး ပြန်ဖွင့်နိုင်ဖို့ လုပ်နေတယ်။ နောက်လဆို ကလေးတွေက စာမေးပွဲ ဖြေရတော့မှာ၊ ကျောင်းဝင်းထဲမှာ ကျန်နေသေးတဲ့ ရေတွေကို စုပ်ထုတ်ရမယ်။ ကလေးတွေ ကျန်းမာရေး မထိခိုက်အောင်လည်း လုပ်ရမယ်”ဟု ဒေါက်တာရဲလွင်က ထပ်မံ ပြောဆိုသည်။

ရတနာပုံ တက္ကသိုလ်ကို သြဂုတ်လ ၁၅ ရက်ခန့်တွင် ပြန်လည် ဖွင့်လှစ်နိုင်ကြောင်း အဆိုပါ ကျောင်းဆရာ အသိုင်းအဝိုင်းမှ သိရှိရသည်။

ရတနာပုံ တက္ကသိုလ်နှင့် ဦးပိန်တံတားကို ရေဝင်မှုကြောင့် သြဂုတ်လ ၁ ရက်နေ့မှစ၍ ယာယီ ပိတ်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရှိရသည်


  • VIA