News

POST TYPE

NEWS

မော်လမြိုင် စည်ပင်ရုံးရှေ့ အမှိုက်ပစ်သူကို အရေး မယူဟုဆို
06-Aug-2016
မော်လမြိုင်၊ သြဂုတ် ၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျိုက်ဖနဲရပ်ကွက်၊ ထန်းပင်ကုန်းရပ်ရှိ သုတလမ်းတွင်အမှိုက်သိမ်းယာဉ် မလာဟု ဆိုကာ မြို့နယ် စည်ပင်သာယာရေးရုံး အရှေ့ အမှိုက်များ စုပုံ စွန့်ပစ်ခဲ့သော ဦးဟိန်းမိုးဦးကို အရေး မယူတော့ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးမြင့်သိန်းက ပြောကြားသည်။

“သူ့ဆီက လိုအပ်ချက်၊ ကိုယ့်ဆီက လိုအပ်ချက် ရှင်းပြတယ်၊ အဓိကတော့ သူ့ရဲ့ရည်ရွယ်ချက်က တစ်ဖက် ထိခိုက်တဲ့ နစ်နာစေမှုနဲ့ ရည်ရွယ်ချက် မပါဘူးဆိုတော့ ဒါတွေ အားလုံး ပြေလည် သွားပါတယ်”ဟု သြဂုတ် ၄ ရက်နေ့က ၎င်းက ပြောဆိုသည်။

ယင်းသို့ အရေး မယူကြောင်း မဆုံးဖြတ်မီက အဆိုပါရုံးရှေ့တွင် အမှိုက် လာစွန့်ပစ်မှု နောင်တွင် ထပ် မလုပ်တော့ဟု ခံဝန်ကတိ လက်မှတ်ထိုးခြင်း (သို့မဟုတ်) မွန်ပြည်နယ် စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၆၄ (ဃ) အရ ဒဏ်ငွေ ကျပ် တစ်သိန်း ပေးဆောင်ရမည်ဟု မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူတို့က ပြောဆိုခဲ့ကြောင်း သြဂုတ် ၃ ရက်နေ့တွင် ဦးဟိန်းမိုးဦးက ပြောကြားသည်။

မော်လမြိုင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံ အမှိုက်သိမ်းယာဉ် ၁၁ စီးရှိခြင်း၊ အခွန်ငွေများနှင့် ဝန်ထမ်း အင်အား မလုံလောက်သဖြင့်  မြို့ပေါ်ရပ်ကွက် ၂၅ ရပ်ကွက်ကိုသာ အမှိုက် သိမ်းဆည်း ပေးနိုင်သေးကြောင်း၊ ရပ်ကွက်များကို အမှိုက် သိမ်းဆည်းပေးရာတွင် အဓိက လမ်းမကြီးများကိုသာ သိမ်းဆည်းနိုင်သော်လည်း လမ်းသွယ်များတွင် အမှိုက်များ မသိမ်းနိုင်သေးကြောင်း  မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင် အရာရှိ ဦးမြင့်သိန်းက ရှင်းပြသည်။

“အမှိုက် မသိမ်းနိုင်တဲ့ ရပ်ကွက်ကတော့ ငါးရပ်ကွက်လောက် ရှိတယ်၊ မသွားနိုင်တာပေါ့နော်၊ ကိုယ့်ဘတ်ဂျက် အခြေအနေရရော ကား အခြေအနေအရရော အဲ့ဒါကတော့ သာယာအေး၊ ငန်းတေး၊ ဇေယျာမြိုင်၊ ကျောက်တန်း၊ ညောင်ပင်ဆိပ် ရပ်ကွက်တွေကို မသွားနိုင်တာ”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါမြို့ ကျိုက်ဖနဲရပ်ကွက်၊ ထန်းပင်ကုန်းရပ်ရှိ သုတလမ်းတွင် နေထိုင်သော  ဦးဟိန်းမိုးဦးက  ဇူလိုင် ၂၄ ရက်က နံနက်ပိုင်းတွင် မော်လမြိုင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံးရှေ့၌ စွန့်ပစ် အမှိုက်များကို စွန့်ပစ်ခဲ့ပြီး ၎င်း၏ နေရပ် လိပ်စာ အပြည့်အစုံနှင့် ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များကို ကတ်ထူစက္ကူပေါ်တွင် ရေးသားကာ စည်ပင်သာယာရေး အဖွဲ့၏ ခြံစည်းရိုးတွင် ချိတ်ဆွဲခဲ့သည်။

မော်လမြိုင်မြို့တွင် နေ့စဉ် စွန့်ပစ် အမှိုက်တန် ၇၀ ကျော် ထွက်ရှိပြီး ယင်းအမှိုက်များကို  သိမ်းဆည်းပေးလျက်ရှိရာ အမှိုက်အခွန် ငွေသိန်း ၂၀၀ ကျော်ကို နှစ်စဉ် ရရှိခဲ့သော်လည်း အမှိုက် သိမ်းဆည်းရေးအတွက် နှစ်စဉ်သိန်း ၁၇၀၀ ကျော်ကို အသုံးပြု နေရကြောင်း၊  လိုအပ်သော အသုံး စရိတ်များကို စည်ပင်သာယာ၏ အခြားသော အခွန် ငွေကြေးများဖြင့် ဖာထေး နေရကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင် အရာရှိ ဦးမြင့်သိန်းက ရှင်းပြသည်။  


  • VIA