News

POST TYPE

NEWS

မြန်မာ NGO နှစ်ခုကို ထိုင်း အထူး စုံစမ်းရေး DSI က စစ်ဆေးမည်
06-Aug-2016
ရန်ကုန်၊ သြဂုတ် ၆

ထိုင်း- မြန်မာ နှစ်နိုင်ငံ အစိုးရနှင့် အလုပ်သမား ဝန်ကြီးဌာနများကို နာမည် ပျက်စေသည်ဆိုသော ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမား အရေးကိစ္စရပ်များကို ကူညီပေးနေသော မြန်မာသံရုံး အလုပ်သမား ကူညီ စောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC)နှင့် ထိုင်းရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) တို့ကို ထိုင်းအထူး စုံစမ်းရေး DSI က စစ်ဆေးမည်ဖြစ်ကြောင်း သြဂုတ်လ ၆ ရက်ထုတ် ထိုင်း သတင်းစာများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် လုပ်ကိုင်နေသော အလုပ်သမားများ၏ အဆင်မပြေမှုများနှင့် ပတ်သက်၍ မြန်မာသံရုံး အလုပ်သမား ကူညီ စောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC)နှင့် ထိုင်းရောက် မြန်မာနိုင်ငံသားများအဖွဲ့(MAT)တို့ ပူးပေါင်း၍ သြဂုတ်လ ၂ ရက်က ရန်ကုန်မြို့ ယုဇန ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲသည် ထိုင်းနိုင်ငံကို နာမည် ပျက်စေရန် လုပ်သော သတင်းစာ ရှင်းလင်းပွဲသာ ဖြစ်ကြောင်း ထိုင်း အလုပ်သမား ဝန်ကြီးက သတင်းစာများတွင် ပြန်လည် ရှင်းလင်းထားကြောင်း ထိုင်းသတင်းစာများက ဖော်ပြကြသည်။

“လက်ရှိမှာတော့ ရှောင်တခင် စစ်ဆေးသွားမယ်လို့ သိရတယ်။ ဖမ်းဝရမ်း ထုတ်တာတော့ မဟုတ်ပါဘူး။ လာမယ့် အပတ်ထဲမှာတော့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနကို သွားပြီး ရှင်းပြမယ်။ ကျွန်တော်တို့ လုပ်ရပ်က နှစ်နိုင်ငံ အစိုးရ နဲ့ အလုပ်ရှာ အေဂျင်စီတွေကို အနှောင့်အယှက် ဖြစ်စေတယ်လို့ ပြောတယ်။ အလုပ်သမားရေး ကိစ္စတွေကို အကျိုးအမြတ် မယူဘဲ ဆောင်ရွက်ပေးနေတာ အားလုံးအသိပဲ”ဟု ထိုင်းရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) မှ ဒါရိုက်တာ ဦးကျော်သောင်းက ဆိုသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေသော ထိုင်း-မြန်မာ နှစ်နိုင်ငံ လုပ်သားပို့ဆောင်မှုစနစ် (MoU) ဖြင့် လုပ်သားစေလွှတ်မှုများတွင် ထိုင်းနိုင်ငံရှိ အလုပ်ရှင်၊ ထိုင်း အလုပ်ရှာ အေဂျင်စီများနှင့် မြန်မာနိုင်ငံ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီအကြား အလုပ်သမားများအပေါ် တာဝန် ယူဆောင်ရွက်ပေးမှု နည်းပါးလျက်ရှိပြီး၊ MoU စနစ်၏ အားနည်းချက်များကြောင့် ထိုင်းရောက် အလုပ်သမားများ၏ တရားဝင် အခွင့်အရေးများ ဆုံးရှုံးနေရကြောင်း မြန်မာသံရုံး အလုပ်သမား ကူညီ စောင့်ရှောက်ရေး မဟာမိတ်အဖွဲ့  (AAC) နှင့် ထိုင်းရောက် မြန်မာနိုင်ငံသားများအဖွဲ့(MAT)တို့၏ သြဂုတ်လ ၂ ရက်က ပြုလုပ်သော ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ထိုင်းရောက် မြန်မာ အလုပ်သမားတွေ အရေး ကူညီချင်ရင် စည်းနဲ့ ကမ်းနဲ့ ကူညီရမှာလေ၊ ထိုင်းမှာ မြန်မာအလုပ်သမား အရေးတွေ ကူညီဖို့ သံအမတ်လည်း ရှိတယ်။ ပြဿနာ ပေးလာရင် ကူညီလို့ ရတယ်။ အေဂျင်စီ မှားရင် မှားကြောင်း ရှင်းရှင်းလင်းလင်း တင်ပြပြီး အရေးယူခိုင်းလို့ ရနေတာကို ကူညီတာက ဘောင်ကျော်သွားလို့ အခုလို ကိစ္စတွေ ဖြစ်ပေါ် လာရတာပဲ”ဟု မြန်မာ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) သည် ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ အရေး ကူညီ ဆောင်ရွက်နေသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။

လက်ရှိတွင် MAT ဒါရိုက်တာ ဦးကျော်သောင်းကို ပြည်တွင်း အခြေစိုက် မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) က ဆက်သွယ်ရေး ပုဒ်မ ၆၆(က)ဖြင့် အမှုဖွင့်ထားပြီး၊ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ Lovely World ကုမ္ပဏီကလည်း သိက္ခာ ကျဆင်းစေမှုဖြင့် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် ဦးတိုက် လျှောက်ထားခဲ့သည်။

ထိုင်းနိုင်ငံတွင် တရားဝင် အလုပ် လုပ်ကိုင် ဆောင်ရွက်နေသော အလုပ်သမားများ၏ အရေး ကိစ္စရပ်များနှင့် ပတ်သက်၍ သြဂုတ်လ ၂ ရက်က ရန်ကုန်မြို့ ယုဇန ဟိုတယ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံသို့ အလုပ်သမား ပို့ဆောင်နေသော အလုပ် ရှာဖွေရေး အေဂျင်စီများနှင့် မြန်မာသံရုံး အလုပ် သမား ကူညီ စောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC)၊ MAT တို့ကြား အချေအတင် ဖြစ်ပွားခဲ့သည်


  • VIA