News

POST TYPE

NEWS

တိုက်ကြီး ရေဘေးသင့်သူ ၃၇၀၀ ကျော် ကယ်ဆယ်ရေး စခန်းတွင် ခိုလှုံ
06-Aug-2016
တိုက်ကြီး၊ သြဂုတ် ၆

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် မြစ်ရေများ မြင့်တက်မှုကြောင့် သြဂုတ်လ ၆ ရက်နေ့က  ရေဘေးသင့်သူ ၃၇၀၀ ကျော် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံ နေထိုင်လျက် ရှိကြောင်း တိုက်ကြီးမြို့  အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်း သိရှိရသည်။ 

တိုက်ကြီးမြို့နယ် အဖျောက်မြို့ရှိ အလယ်ကင်း၊ ရေပြန်ကျေးရွာ၊ သဲ့ရိုး၊ ရေပေါ်သောင်၊ မဲသောင်နှင့် မအူကုန်း ကျေးရွာတို့တွင် ဧရာဝတီမြစ်ရေမှာ သြဂုတ်လ ၂ ရက်နေ့မှ သြဂုတ်လ ၆ ရက်နေ့အထိ  မြင့်တက်ခဲ့သောကြောင့် ကျေးရွာနေသူ  ၃၅၅၀ မှာ အဖျောက်မြို့တွင် ကယ်ဆယ်ရေးစခန်း သုံးခုနှင့် တိုက်ကြီးမြို့ ရှမ်းကျောင်း ဘုန်းတော်ကြီးကျောင်းတို့တွင် ကယ်ဆယ်ထားကြောင်း အဖျောက်မြို့ ရေဘေး ကယ်ဆယ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းမောင်က ပြောကြားသည်။ 

အဖျောက်မြို့၏ (ဧရာဝတီမြစ်ရေ) စိုးရိမ်ရေမှတ်မှာ ၃၅ ပေဖြစ်ပြီး သြဂုတ်လ ၆ ရက် ညနေ ၆ နာရီခန့်တွင်  ၃၉ ပေ ဒသမ ၂ ပေသို့ ရောက်ရှိနေကြောင်း အန္တရာယ် ရေမှတ်မှာ  ၄၂ ပေဖြစ်သောကြောင့် ယင်းရေမှတ်သို့ နီးကပ် နေသဖြင့် ဒေသခံများ စိုးရိမ်နေကြောင်း ၎င်းက ရှင်းပြသည်။ 

“ရေက နေ့ချင်း ကြီးလာတာ အိမ်မှာ နေမရတော့ဘူး၊ ကလေးတွေကိုပါ ခေါ်ပြီး ကယ်ဆယ်ရေး စခန်းကို လာခဲ့ရတာ၊ နွားတွေ ဝက်တွေတော့ ထားခဲ့ရတယ်၊ သေသလား ရှင်သလားလဲ မသိတော့ဘူး”ဟု ချောင်းကြီးကျေးရွာမှ ရေဘေး ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိလာသော အမျိုးသားကြီး တစ်ဦးက ပြောကြားသည်။ 

ယင်းနေ့ နံနက်ပိုင်းတွင် တိုက်ကြီးမြို့ရှိ (လှိုင်မြစ်) စိုးရိမ်ရေမှတ်မှာ ၂၄ ပေဖြစ်ပြီး လက်ရှိတွင် ၂၂ ပေ ၇ လက်မ ရောက်ရှိနေကြောင်း၊ တိုက်ကြီးမြို့နယ် ဂေါ့ကျေးရွာ အုပ်စုရှိ ဘုရားကုန်း၊ သနပ်ကုန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ထုံးတဘို ကျေးရွာအတွင်း မြစ်ရေ ၄ ပေခန့် ဝင်ရောက်ကာ ရေနစ်မြုပ်ခဲ့သဖြင့် ယင်းကျေးရွာများမှ အိမ်ခြေ ၆၁ လုံး၊ လူဦးရေ ၂၃၆ ဦးမှာ မြသက်သာ ကျေးရွာ မြသက်သာ ဘုရားတန်ဆောင်းတွင် ယာယီ ခိုလှုံလျက် ရှိသည်။  

လတ်တလောတွင် ဧရာဝတီအရှေ့ဘက်ကမ်း ရေကာတာပေါ်သို့ ရေများ လျှံနေပြီး တိုက်ကြီးမြို့နယ် တိုင်းဗဟိုမှ တပ်မတော်သား ၁၀၅ ဦးတို့နှင့် ဒေသခံပြည်သူများမှ သဲအိတ်များဖြင့် ကာနေရကြောင်း၊ ယင်းတာ ကျိုးပေါက်ပါက တိုက်ကြီးမြို့အထိ ရေလွှမ်းနိုင်သောကြောင့် အထူး ဆောင်ရွက်နေကြောင်း အဖျောက် မြို့မိ၊မြို့ဖများထံမှ သိရှိရသည်။ 

တိုက်ကြီးမြို့နယ်တွင် ရေကြီး ရေလျှံမှုကြောင့် ကျောင်းသား ကျောင်းသူ ဦးရေ ၂၀၀၀ နီးပါး ပညာ သင်ကြားနေသော အခြေခံ စာသင်ကျောင်းပေါင်း ၁၄ ကျောင်းကို သြဂုတ်လ ၅ ရက်နေ့မှ စတင်ကာ  ခေတ္တ ပိတ်ထားရကြောင်း မြို့နယ်ရေးမှူးရုံးထံမှ သိရှိရသည်။

အလားတူ မှော်ဘီမြို့နယ် မြစ်ကျိုး ရွာဟောင်းဘေးရှိ ရေတာဘောင် ရေစိမ့် ဝင်ရောက်သဖြင့် မူလတန်းကျောင်း တစ်ကျောင်း၊ ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် နေအိမ် ၁၅ လုံး ရေနစ်မြုပ်ကာ လူဦးရေ  ၅၉ ဦး ရေဘေးသင့်ခဲ့ကြောင်း မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။


  • VIA