News

POST TYPE

NEWS

ရေဘေးသင့်ပြည်သူများ နာလန်ထူသည်ထိ ထောက်ပံ့ရန် ရန်ပုံငွေ လုံလောက်
06-Aug-2016
မန္တလေး၊ သြဂုတ် ၆ 

မြန်မာနိုင်ငံအနှံ့အပြား ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေရာ ယင်းရေဘေးသင့်သူများ၏ လူနေမှုဘဝများကို ပြန်လည်ထူထောင်နိုင်သည်ထိ ထောက်ပံ့ကူညီပေးရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ရန်ပုံငွေ လုံလောက်စွာရှိပြီး ဖြစ်ကြောင်း ယင်းဌာနဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

မန္တလေးမြို့တော်တွင် သြဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပသည့် အထက်ဗမာပြည် လူမှုအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“ရေကြီးရေလျှံတဲ့ အခါမှာ ကျွန်တော်တို့ အဓိက ကူညီသင့်တာ စားနပ်ရိက္ခာပေါ့နော်။ ဆန်ပေါ့နော်။ ဆန်ကို အဓိက ထောက်ပံ့ရမယ်။ ဟင်းနဲ့ပတ်သက်ရင် ငါးသေတ္တာလိုဟာမျိုး ထောက်ပံ့ရမယ်။ ခေါက်ဆွဲခြောက်လိုဟာမျိုး ထောက်ပံ့ရမယ်။ ဆန်အနေနဲ့ ပြောရရင် နှစ်သိန်းသုံးသောင်းလောက် ထိခိုက်တာ ရှိတယ်။ နောက်ဆုံးစာရင်း ထွက်လာရင်လည်း ဒီထက်ပိုလာနိုင်တယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ ရေဘေးသင့် ပြည်သူများကို ဝန်ကြီးဌာန အနေနှင့် တစ်ဦးလျှင် နံနက်ဆန်တစ်လုံးနှင့် ညနေဆန်တစ်လုံးနှုန်းဖြင့် တွက်ကာ တူညီသော ငွေကြေးပမာဏ ထောက်ပံ့ပေးခြင်းများ လုပ်ဆောင်နေပြီး ယင်းသို့ ထောက်ပံ့ရန်အတွက် နေ့စဉ် ကျပ်သိန်းခြောက်ရာနှင့် ခုနစ်ရာကြားတွင် ထောက်ပံ့ပေးနေရကြောင်း ၎င်းက ရှင်းပြသည်။
“အရင်ကတော့ ရေဘေးသင့်သူတွေကို သုံးရက်ပဲ ထောက်ပံ့တာတွေ ရှိခဲ့တာပေါ့နော်။ အခုအစိုးရအဖွဲ့သစ်က ပြည်သူလူထု နာလန်ထူတဲ့အထိ ထောက်ပံ့ပေးမယ်လို့ ပြောထားပါတယ်။ ခုဖြစ်နေတဲ့ အဖြစ်အပျက်ကလည်း နာလန်ထူဖို့လွယ်တဲ့ အနေအထားမှာ ရှိပါတယ်။ အဲဒီအချိန်ထိ ထောက်ပံ့ဖို့ ဘတ်ဂျက်တွက်ချက်ကြည့်တော့ အလုံအလောက် ရှိပါတယ်။ သဘာဝဘေး ရန်ပုံငွေက စစချင်းကတည်းက ဘီလီယံ ၂၀ ရရှိထားပါတယ်။ ခုချိန်ထိ ၁၇ ဘီလီယံလောက်ထိ ကျန်ပါသေးတယ်” ဟု ဝန်ကြီးက ထပ်မံဆိုသည်။

ရေဘေးသင့်ပြည်သူများ အနေနှင့် စားဝတ်နေရေးအတွက် အစိုးရအဖွဲ့အစည်းများ အပါအဝင် နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့များထံမှ ထောက်ပံ့မှုများ ရရှိလျက် ရှိသောကြောင့် အဆင်ပြေနေကြောင်း မန္တလေးခရိုင် အမရပူရမြို့နယ်မှ ရေဘေးရှောင် အမျိုးသားတစ်ဦးက ပြောကြားသည်။

ရေဘေးအတွက် ကူညီကြသည့် အရပ်ဘက် လူမှုကူညီရေးအသင်းများ၊ လူမှုရေး အဖွဲ့အစည်းများကလည်း အစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ သဘာဝဘေး ဒုက္ခခံနေရသည့် ပြည်သူလူထုကို ထိရောက်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရေး ယင်းတွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့ကြပြီး လူမှုရေးအဖွဲ့များ အနေနှင့် သတင်းအချက်အလက် အားနည်းခြင်း၊ အစိုးရ အဖွဲ့အစည်းများ အနေနှင့် လူအင်အား နည်းပါးခြင်းများကို အချင်းချင်း ဖလှယ်ကာ ကူညီဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြောင်း ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ထည့်သွင်းဆွေးနွေးသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် သဘာဝဘေးသင့် ဒေသများမှ သတင်းအချက်အလက်များကို ကွင်းပြင်သို့ ရောက်ရှိခဲ့သည့် လူမှုရေးအဖွဲ့များ၊ လူပုဂ္ဂိုလ်များထံမှ တစ်ဆင့် ရယူစုဆောင်းနိုင်ရေး နည်းပညာ အကူအညီဖြင့် ရယူလျက် ရှိသကဲ့သို့ ပိုမိုပြည့်စုံသည့် နည်းလမ်းများကိုလည်း အသုံးပြုသွားမည် ဖြစ်ကြောင်း ဝန်ကြီးက ထပ်လောင်းဆိုသည်။