News

POST TYPE

NEWS

ဇလွန်မြို့ နှစ်ပေါင်း ၃၀ ကျော်အတွင်း ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် အမြင့်ဆုံးသို့ရောက်
06-Aug-2016
ရန်ကုန်၊ သြဂုတ် ၆

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်လာရာတွင် ဇလွန်မြို့သည် မိုးလေဝသစခန်း စဖွင့်ချိန် နှစ်ပေါင်း ၃၀ ကျော်အတွင်း အမြင့်ဆုံးရေမှတ်သို့ သြဂုတ်လ ၆ ရက်နေ့တွင် ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ အမြင့်ဆုံး ရေမှတ်မှာ ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် သြဂုတ်လ ၆ ရက်နေ့ တိုင်းထွာချက်အရ ၁၂၇၄ စင်တီမီတာသို့ ရောက်ရှိနေပြီး ယင်းရေမှတ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၂ နှစ်အတွင်း အမြင့်ဆုံးရေမှတ် ဖြစ်ကြောင်း၊ ယခင်အမြင့်ဆုံးရေမှတ်မှာ ၂၀၀၄ ခုနှစ် သြဂုတ်လ ၂ ရက်နေ့က ရောက်ရှိခဲ့သည့် ၁၂၇၂ စင်တီမီတာ ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံအထက်ပိုင်း ဒေသများတွင် စိုးရိမ်ရေမှတ်အထက် မြင့်တက်ရောက်ရှိခဲ့သည့် ဧရာဝတီမြစ်ရေမှာ အောက်ပိုင်းဒေသများသို့ ကျဆင်းနေခြင်းကြောင့် ဟင်္သာတခရိုင်၊ ပုသိမ်ခရိုင်နှင့် မအူပင်ခရိုင်တို့ရှိ ရပ်ကွက်အများစုတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိရာ အခြေခံပညာ စာသင်ကျောင်း ၃၆၂ ကျောင်း ပိတ်ထားရသည့်အပြင် အရေးပေါ်ကယ်ဆယ်ရေးနှင့် အကူအညီ အထောက်အပံ့များ လိုအပ်လျက်ရှိသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့ကလည်း ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်မှုကြောင့် ညောင်ဦးမြို့သည် နှစ်ပေါင်း ၅၀ ကျော်အတွင်း အမြင့်ဆုံးရေမှတ်သို့ ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။