News

POST TYPE

NEWS

ကုတ်အင်္ကျီထဲမှ iPhone 6 ထပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွား
30-Dec-2016
လန်ဒန်၊ ဒီဇင်ဘာ ၂၉

လန်ဒန်၊ ဘာမင်ဟန်အရပ်၊ ဂရိတ်ဘားဆိုင်တွင် တာဝန်ထမ်းဆောင်နေသည့် အလုပ်သမတစ်ဦးဖြစ်သူ အသက် ၂၆ နှစ် အရွယ်ရှိ မစ္စအန်တိုနီယာဂါလာဂါ ဆိုသူ ဝယ်ယူကိုင်ဆောင်ထားသော Apple ကုမ္ပဏီထုတ် iPhone 6 တစ်လုံးသည် ကုတ်အင်္ကျီအတွင်း ထည့်ထားစဉ် ထပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း The Mirror သတင်းတွင် ဖော်ပြထားသည်။

အန်တိုနီယာသည် ယင်းဖုန်းကို ဘာမင်ဟန်၊ ဘူးရင်းအရပ်ရှိ Apple Store ဆိုင်မှ တစ်လလျှင် စတာလင်ပေါင် ၃၅ ဖြင့် ဝယ်ယူထားသည့် ဖုန်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

သူမသည် ကုတ်အင်္ကျီ ညာဘက်အိတ်ထဲတွင် ထည့်ပြီး လမ်းလျှောက်သွားစဉ် ရုတ်တရက် ထပေါက်ပြီး မီးလောင်သဖြင့် ကုတ်အင်္ကျီ အိတ်များပါ မီးကျွမ်းသွားခဲ့ရသည်။

“ကျွန်မ အိတ်ထဲကနေ တဖျစ်ဖျစ်မြည်သံတွေ ကြားလိုက်ရတယ်။ ငုံ့ကြည့်လိုက်တော့ မီးလောင်နေပြီ။ အိတ်ထဲက မီးခိုးတွေ ထွက်လာတယ်။ ကြောက်သွားတာပဲ။ ဖုန်းကို အိတ်ထဲက ဆွဲထုတ်ဖို့ လုပ်တယ်။ ဒါပေမဲ့ သိပ်ပူနေလို့ ထုတ်လို့မရဘူး။ နောက်တော့ မီးခိုးတွေ ရပ်သွားတယ်” ဟု သူက ဆိုသည်။ 

ဖုန်းပေါက်ကွဲ မီးလောင်မှုကြောင့် အန်တိုနီယာ၏ ညာဘက်အိတ်သည် မီးလောင်ပြီး အပေါက်ကြီး ဖြစ်သွားသဖြင့် သူက အင်္ကျီကို ချွတ်ပြီး လွှင့်ပစ်လိုက်ရသည်။ ဖုန်းကို အများဆုံးကိုင်သူမှာ သူ၏ညီမဖြစ်ပြီး ဖုန်းကိုင်နေစဉ် မပေါက်ကွဲသည်မှာ အများကြီး ကံကောင်းသွားသည်ဟုလည်း ယင်းက ဆိုသည်။

ဖုန်းပေါက်ကွဲပြီးနောက် သူက Apple Store ဆိုင်ကို ဆက်သွယ်သော်လည်း သူတို့က အကြောင်းပြန်ကြားခြင်း မရှိသည့်အပြင် မည်သို့ တာဝန်ယူပေးမည်ကိုပင် ပြောဆိုခြင်း မရှိကြောင်း အန်တိုနီယာက ပြောကြားသည်။

ယခင်ကလည်း Apple iPhone များ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာတွင် မိမိတို့ ကုမ္ပဏီထုတ် မဟုတ်သည့် အခြားထုတ်အားသွင်းကြိုးကို တပ်ဆင်အသုံးပြုခြင်းကြောင့် ပေါက်ကွဲရကြောင်း Apple က ဖြေရှင်းချက် ထုတ်ထားသည်။

ယခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံထုတ် Samsung Galaxy 7 ဖုန်းများ ဘက်ထရီ ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် တစ်ကမ္ဘာလုံးရှိ ဖြန့်ချိထားသော ဖုန်းများကို ပြန်သိမ်းခဲ့ရပြီး၊ Apple ကုမ္ပဏီထုတ် iPhone 6 ဖုန်းများ ပေါက်ကွဲမှုများ ဖြစ်ပွားသည် ဆိုသော်လည်း ကုမ္ပဏီက တရားဝင် ထုတ်ပြန်ဝန်ခံခြင်း မရှိခဲ့ပေ။