News

POST TYPE

NEWS

Stay at Home စည်းကမ်းချိုးဖောက်ကာ တပ်မတော်ထောက်ခံပွဲလုပ်သူများကို အရေးယူပေးရန် တောင်းဆို
25-Jan-2021


ပုသိမ်၊ ဇန်နဝါရီ ၂၅ 

ပုသိမ်မြို့ ဟစ်တိုင်ကွင်း၌ ဇန်နဝါရီလ ၂၅ ရက်နေ့က တပ်မတော်ထောက်ခံပွဲပြုလုပ်ခဲ့သူများသည် Stay at Home ကာလသတ်မှတ်ထားသည့် စည်းကမ်းဥပဒေများနှင့် တည်ဆဲဥပဒေများကို ချိုးဖောက်သဖြင့် အရေးယူပေးရန် ပုသိမ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများက ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံ တိုက်တွန်းတောင်းဆိုလိုက်သည်။ 

ပုသိမ်မြို့ အခြေစိုက် ၈၈၈၈ အရေးတော်ပုံ အင်အားစု (ဧရာဝတီ)၊ ဧရာဝတီပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုအဖွဲ့ (ATAA) နှင့် ဧရာဝတီတိုင်း ဖြူစင်မေတ္တာ လူမှုဖွံ့ဖြိုး တိုးတက်ရေးအသင်းတို့မှ တာဝန်ရှိသူများက သတင်းမီဒီယာများမှတစ်ဆင့် ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံ တိုက်တွန်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။ 

နိုင်ငံသားအခွင့်အရေးအရ တပ်မတော်ထောက်ခံပွဲ၊ ပြည်သူ့ဆန္ဒဖော် ထုတ်ပွဲများဆောင်ရွက်ခြင်းကို မပြောလိုသော်လည်း ကိုဗစ်-၁၉ ရောဂါကူးဆက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Stay at Home သတ်မှတ်ထားသည့် ပုသိမ်မြို့တွင် တည်ဆဲဥပဒေများကို ချိုးဖောက်ကာ လူအင်အား ၃၀ဝ ကျော်ဖြင့် လူစုလူဝေးဖြစ်စေရန် ဦးဆောင်သည့် အဖွဲ့အစည်းနှင့် တာဝန်ရှိသူ၊ အားပေး ကူညီသူများကို ဥပဒေနှင့်အညီ အရေးယူပေးရန် တောင်းဆိုကြောင်း ၈၈၈၈ အရေးတော်ပုံအင်အားစု (ဧရာဝတီ) မှ ဦးဆောင်အဖွဲ့ဝင် ဦးစိန်လှအောင်က ပြောကြားသည်။ 

"ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးတွေမလုပ်ဖို့ ဥပဒေ၊ စည်းကမ်းတွေ သတ်မှတ်ထားတယ်။ မြို့ခံတွေရယ် မြို့က အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့က ဆောင်ရွက်နေတယ်။ ဒါကို ဘယ်အဖွဲ့အစည်း၊ ဘယ်သူကမှ ဒီလိုလုပ်ဖို့ မသင့်ဘူး။ လုပ်ဖို့ ခွင့်ပြုသူတွေနဲ့ ဦးဆောင်သူရော တက်ရောက်သူတွေမှာ တာဝန်ရှိနေတယ်။ ကျန်းမာရေးရှုထောင့်အရ ကန့်ကွက်ပါတယ် အရေးယူပေးပါ" ဟု ဧရာဝတီပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုအဖွဲ့(ATAA) မှ တာဝန်ရှိသူ ဦးနိုင်လင်းထွဋ်ကလည်း The Voice Daily သို့ ပြောဆိုသည်။ 

သတ်မှတ်ထားသည့် စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေနှင့် တည်ဆဲဥပဒေများချိုးဖောက်၍ လူစုလူဝေးပြုလုပ်ခြင်း ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ အရေးယူရမည်ဖြစ်ကြောင်း ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလှိုင်ထွန်းက ပြောကြားသည်။ 

တပ်မတော် ထောက်ခံပွဲတွင် ပြည်ထောင်စုတရားသူကြီးချုပ်က အမှန်အတိုင်းဆောင်ရွက်ပေးရေး၊ ဥပဒေနှင့်မညီသော ရွေးကောက်ပွဲရလဒ် အလိုမရှိ၊ မဲခိုးမှုများ စိစစ်ပေးရေး၊ မတရား ပြုကျင့်သော မဲရလဒ်အလိုမရှိ၊ မဲခိုးသူများ အမှန်တရား ဝန်ခံပေးရေး စသည်တို့ကို ကြံ့ခိုင်ရေးပါတီမှ မြို့နယ်အဆင့်စည်းရုံးရေးမှူးတာဝန်ယူခဲ့သူ ဦးလှထွေး အပါအဝင် သုံးဦးကဟောပြောခဲ့ပြီး တက်ရောက်လာသူများက ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့က ပြောဆိုသည်။ 

လူအင်အား ၃၀ ဖြင့် တပ်မတော်ထောက်ခံပွဲပြုလုပ်ရန် ငြိမ်းစုစီတင်ပြလာ၍ တိုင်းအစိုးရထံ တင်ပြထားခဲ့ကြောင်း၊ အစိုးရအဖွဲ့မှ ခွင်ပြုချက်ပြန်မချပေးသေးကြောင်း၊ ယခုကဲ့သို့ လူစုလူဝေးဖြစ်လာမှုကို အစိုးရအဖွဲ့ထံတင်ပြပြီး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးရာဇာအေးက ပြောကြားသည်။

R-04