News

POST TYPE

NEWS

ကျန်ရှိနေသည့် တိုင်းရင်းသားပါတီများနှင့် ဆက်လက်တွေ့ဆုံဖြစ်ပြီး ရခိုင်ကို လုံခြုံရေးအရ သုံးသပ်နေသည်ဟု NLD ပြော
25-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၂၅

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲ အနိုင်ရ NLD ပါတီအနေဖြင့် ကျန်ရှိနေသည့် ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့ရှိ ကိုယ်စားလှယ်များ ရွေးချယ်ခံရသောပါတီများနှင့် ဆက်လက်တွေ့ဆုံမည်ဖြစ်ပြီး ရခိုင်ပြည်နယ်ကို လုံခြုံရေး အခြေအနေအရ သုံးသပ်စဉ်းစားနေကြောင်း NLD ပါတီ ဒုဥက္ကဋ္ဌဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

"နောက်ထပ် ဘယ်ပြည်နယ်ကို သွားဖို့ရှိလဲဆိုတာတော့ အစည်းအဝေးထိုင်ရဦးမှာပေါ့။ ရခိုင်ပြည်နယ်ဘက်ကတော့ လုံခြုံရေးဘက်ကလည်း စဉ်းစားရဦးမယ်။ ကရင်ဘက်ကတော့ ကမ်းလှမ်းချက်တွေ သိပ်မရှိဘူး။ ချင်းဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပြောရရင် ရွေးကောက်ပွဲ အကြိုကာလမှာကတည်းက တော်တော်လေးစကားပြောထားတော့ သူတို့ဘက်ကလည်း တော်တော်လေး အဆင်ပြေပြေဖြစ်တာပေါ့။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အနိုင်ရကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီးတွေ့ဖို့ရှိပါတယ်"ဟု ဒေါက်တာ ဇော်မြင့်မောင် ကဆိုသည်။

မွန်ပြည်နယ်ရှိ မွန်ညီညွတ်ရေးပါတီ နှင့် ကယားပြည်နယ်ရှိ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီတို့နှင့်တွေ့ဆုံရန် သွားရောက်ခဲ့သော်လည်း တွေ့ဆုံမည့်နေရာ ညှိနှိုင်းမရသဖြင့် အစီအစဉ်ပျက်ခဲ့ရသည်။

"နောက်ပိုင်း မွန်က ဒီကိစ္စတွေ ပြီးသွားတဲ့နောက်ပိုင်းမှာ ဒီလိုပျက်သွားရတာကို စိတ်မကောင်းဘူးဆိုပြီးတော့ စာနဲ့ပြန်ပြောတာတွေ ရှိပါတယ်။ ကျွန်တော်တို့ဆီလည်း စာရပါတယ်။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကတော့ ဒီတိုင်းရင်းသားတွေဆီသွားတဲ့အချိန်မှာ ဘာပဲပြောပြော အဆင်ပြေပြေဖြစ်တယ်ဆိုတာ သုံးသပ်လို့ရပါတယ်" ဟု ဒေါက်တာ ဇော်မြင့်မောင် ကဆိုသည်။

ကချင်ပြည်နယ်ရှိ ရွေးချယ်ခံတိုင်းရင်းသားပါတီများ၊ ရှမ်းပြည်နယ်ရှိ ရွေးချယ်ခံတိုင်းရင်းသားပါတီများနှင့် တွေ့ဆုံရေးခရီးစဉ်တွင် အောင်မြင်မှုရှိကြောင်း၊ ဆွေးနွေးချက်များလည်း ကောင်းကြောင်း၊ မိမိတို့ပါတီအနေဖြင့် ရွေးကောက်ပွဲကျင်းပပြီး နိုဝင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ဖိတ်ခေါ်ခဲ့သည့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ဆက်လက်ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုအစိုးရဖွဲ့စည်းနိုင်သည့် ပြည်ထောင်စုလွှတ်တော်အမတ်ပေါင်း ၃၉၆ အနိုင်ရရှိထားပြီး ပြည်ထောင်စုအစိုးရအပြင် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ကိုလည်း ခန့်အပ်နိုင်သည်အထိ အနိုင်ရရှိထားသည်။ 

"အနိုင်ရတဲ့ တိုင်းရင်းသားများ ပါတီတွေကို ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းတဲ့အခါမှာ ပူးပေါင်းဆောင်ရွက်ကြပါလို့ ဖိတ်ခေါ်ခဲ့တာ၊ သွားတဲ့အခါမှာတော့ တောင်းဆိုတာတွေ ရှိတာပေါ့။ ဘယ်နေရာတွေမှာ ဘယ်လို လိုချင်တယ်ဆိုတာတွေပေါ့။ ဒါကတော့ ပြောလို့မကောင်းဘူးလေနော်။ အဲဒါမျိုးတွေရှိတယ်။ ဒါပေမဲ့အောင်မြင်တာ နှစ်ခုပေါ့။ ကချင်နဲ့ ရှမ်း မှာကတော့ အောင်မြင်တယ် ပြောရမှာပေါ့။ လေးခုကို ပြန်သုံးသပ်ပြီး ဘယ်လိုရှိမလဲဆိုတာ မကြာခင်သိရပါလိမ့်မယ်။ ဒါတွေက အပေးအယူမဟုတ်ဘူးနော်" ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။ 

S-08