News

POST TYPE

NEWS

ဥရောပသမဂ္ဂတွင် ကိုဗစ်ကာကွယ်ဆေး အထောက်အပံ့လျော့နည်းမှု ထပ်မံဖြစ်ပွား
23-Jan-2021


ဘရပ်ဆဲလ်၊ ဇန်နဝါရီ ၂၃

ဥရောပသမဂ္ဂတွင် မကြာသေးခင် အချိန်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုး ပြတ်တောက်ခဲ့ပြီး ယခုတွင်လည်း အခြား ကိုဗစ်ကာကွယ်ဆေး ကုမ္ပဏီတစ်ခုက ဥရောပ သမဂ္ဂ သို့ တင်ပို့မည့် ကိုဗစ်ကာကွယ်ဆေးအရေအတွက် နည်းပါးနိုင်သည်ဟု အသိပေးကြေညာခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

ထုတ်လုပ်မှုဆိုင်ရာ ချို့ယွင်းမှုပြဿနာများကြောင့် မှာယူထားသော ကိုဗစ်ကာကွယ်ဆေးပမာဏထက် နည်းပါးစွာရရှိမည် ဖြစ်သည်ဟု ကိုဗစ်ကာကွယ်ဆေးကုမ္ပဏီ AstraZeneca က ထုတ်ပြန်ခဲ့သည်။

မကြာသေးမီက ဥရောပသမဂ္ဂသို့ တင်ပို့မည့် Pfizer-BioNTech ကိုဗစ် ကာကွယ်ဆေးများ ပြတ်တောက်မည်ဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့သောကြောင့် ဥရောပသမဂ္ဂ နိုင်ငံအချို့၏ ကာကွယ်ဆေးထိုးအစီအစဉ်များ ရပ်ဆိုင်းခဲ့ရပြီးနောက်တွင် AstraZeneca ကုမ္ပဏီကလည်း ယင်းသို့ ထုတ်ပြန်ခဲ့သည်။

ယင်းသို့ လျော့နည်းကာရရှိမည့် ကာကွယ်ဆေးသတင်းထုတ်ပြန်ချက်များအပေါ် 'အလွန်စိတ်ပျက်ရကြောင်း' ဥရောပသမဂ္ဂ ကျန်းမာရေးဆိုင်ရာ မဟာမင်းကြီးက ထုတ်ပြန်ခဲ့သည်။

ကာကွယ်ဆေးပို့ပေးမှု လျော့ချမည့်ပမာဏ အတိအကျကို ထုတ်ပြန်ခဲ့ခြင်း မရှိသေးသော်လည်း ယခုနှစ် ပထမသုံးလအတွင်း ပေးပို့သွားမည့် ကာကွယ်ဆေးများကို ၆၀ ရာခိုင်နှုန်း ဖြတ်တောက်မည်ဖြစ်သဖြင့် ကာကွယ်ဆေး ၃၁ သန်း သာရရှိတော့မည် ဖြစ်ကြောင်းကို အမည်မဖော်လိုသူ ဥရောပသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောခဲ့သည်။

AstraZeneca ကုမ္ပဏီသည် ၂၀၂၁ ခုနှစ် မတ်လအရောက်တွင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၂၇ နိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေး သန်း ၈၀ ပို့ပေးရမည်ဖြစ်သည်ဟု အဆိုပါအမည်မဖော်လိုသူကပြောခဲ့သည်။

အောက်စ်ဖို့ဒ် တက္ကသိုလ်နှင့် AstraZeneca ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်ထားသော ကိုဗစ်ကာကွယ်ဆေးသည် ဥရောပသမဂ္ဂ ဆေးဝါးစီမံကွပ်ကဲရေးအဖွဲ့၏ အသုံးပြုခွင့် ခွင့်ပြုချက်မရသေးသော်လည်း ယခုလကုန်တွင် ခွင့်ပြုချက်ရရှိသွားမည်ဟု မျှော်မှန်းထားကြသည်။          

F-05