News

POST TYPE

NEWS

YGEA က ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် ကျပ်သိန်း ၃၆၀ ကျော်လှူဒါန်းမည်
23-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) အနေဖြင့် လာမည့် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ကိုဗစ်ကာကွယ်ဆေးအတွက် ကျပ်သိန်း ၃၆၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ပေးအပ်လှူဒါန်းသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန်အတွက် အသင်းအဖွဲ့များနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများက တတ်နိုင်သည့်ဘက်မှ ထည့်ဝင်လှူဒါန်းနေကြခြင်းဖြစ်သည်။

YGEA ၏ ၁၂ ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို အွန်လိုင်းစနစ်ဖြင့် ဇန်နဝါရီလ ၂၃ ရက်နေ့က အသင်းရုံးအစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ပြီး အသင်း၏ဥပဒေ အကြံပေးဦးကျော်ငြိမ်း တရားလွှတ်တော်ရှေ့နေက ဆောင်ရွက်ပြီးစီးခဲ့သည့်အခြေအနေများကို ဥပဒေနှင့်အညီ သုံးသပ်ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်အတွက် နှစ်ချုပ်စာရင်းရှင်းတမ်းများကို အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က အတည်ပြုချက်ရယူခဲ့ပြီး ၂၀၂၁-၂၀၂၃ ခုနှစ်အတွက် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ရေးကော်မတီက ရွေးချယ်တင်မြှောက်ထားသော အလုပ်အမှုဆောင်အဖွဲ့ဝင်စာရင်းကို အသင်းနာယက ဦးဆန်းလွင်က ဖတ်ကြား၍ အတည်ပြုမှတ်တမ်းတင်သည်။

ထို့ပြင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် ထည့်ဝင်လှူဒါန်းကြသည့် အလှူရှင်အသီးသီးကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်း သိရသည်။

S-07